ထန်းတပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ ထန်းတပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇွန်လ ၂၀ ရက် နေ့လယ်၌ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇရပ်ကြီးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်တွင် မိုင်းခွဲခံရခြင်းဖြစ်ပြီး ရှားစေးဘိုကျေး ရွာရှိ တပ်စခန်းသို့ သေဆုံးဒဏ်ရာရသူများကို ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့လယ်မှာ ရှားစေးဘိုနဲ့ ကစယ်ဒို အရှေ့ဘက်က ဆင်ကြာကုန်းနားမှာ စစ်ကောင်စီအဖွဲ့ကို KNLA က မိုင်းခွဲတာ၊ ပစ်ခတ်မှုက ခဏပဲကြာတယ်။ ၃ ယောက်သေတယ်၊ ဒဏ်ရာရသူတွေလည်း ရှိတယ်၊ တချို့ကို ရှားစေးဘိုစခန်းကို ပြန်သယ်လာတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဇရပ်ကြီးနှင့် ရှားစေးဘိုအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မိုင်းခွဲပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။khit thit