ထားဝယ်မြို့ အရှေ့တောနယ်တွင် ကုန်ကားဖြင့်တင်ဆောင်လာသည့် တပ်ထုတ်ကုန် အရက်ပုလင်းများ ဖျက်ဆီးခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောနယ်တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ အချိန်တွင် တောင်သုံးလုံးဖက်သို့ မောင်းနင်းလာသော ကုန်ကား တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တားဆီး စစ်ဆေးရာ တပ်ထုတ်ကုန် အရက်ပုလင်းများဖြစ်၍ ဖမ်း ဆီး ဖျက်ဆီးလိုက်ကြောင်း PDF ရဲဘော်များထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးစစ်ဆေးခြင်း ခံရသည့် ပစ္စည်းများမှာ စစ်ကောင်စီ၏ ထုတ်ကုန် အရက်ပုလင်းများ ဖြစ်သည်ဟု ထားဝယ် အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစု (D.E.F-PDF) အဖွဲ့ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ထားဝယ် အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစု (D.E.F-PDF) အဖွဲ့က တာဝန် ရှိသူ တစ်ဦးက “စစ်တပ်ပိုင် ပစ္စည်းများကို ရောင်းဝယ်ခြင်း မပြုလုပ်ကြဖို့ရန် ကျနော်တို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လိုက်နာခြင်း မရှိလို့ အခုလို ဖမ်းဆီးပြီး ဖျက်ဆီးလိုက်တယ်၊ ကားသမားတွေကိုတော့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်”ဟု ပြောသည်။
ထိုအပြင် အဆိုပါ ထားဝယ်ခရိုင် အတွင်းရှိ ခရီးသွား ပြည်သူများကို ဖက်ဆစ်တပ် ယာဥ်တန်းများနှင့် အနီးကပ်သွားလာခြင်း မပြုလုပ်ကြရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားကြောင်း သိရသည်။ mizzima