ပင်းတယမြို့နယ်၊ အင်းပလက်ရွာ၌ အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးခံရမှုများရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ အင်းပလက်ကျေးရွာ၌ ဇွန်လ ၁၈ ရက် နေ့လည် ၁၂ နာရီနောက် ပိုင်းမှစ၍ အပြစ်မဲ့ရွာသူရွာသား ၂၅ ဦးခန့်အား စစ်ကောင်စီမှ ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီသတင်းပေး ဦးကျော်ငြိမ်းဆိုသူ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် ယခုကဲ့သို့ ရွာသူရွာသားများအား ဖမ်းဆီးမှုများ ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီကောင်တွေက ဒီလိုပဲ။ ဒလန်တစ်ယောက် အရှင်းခံရရင် မဆိုင်တဲ့သူတွေကိုလည်း ဖမ်းတယ်။ အများ ကြီးပဲ သူတို့ဖမ်းသွားတာ။ ရှေ့လတုန်းကဆို အဖမ်းအဆီးတော်တော်ကြမ်းပါတယ်။ ဘာမှမလုပ်တဲ့သူ တွေကိုလည်းဖမ်းတယ် ပြီးမှပြန်လွှတ်တယ်။ ပြည်သူတွေကို တမင်သက်သက် အကြောက်တရားတွေရှိ လာအောင်ခြိမ်းခြောက်နေတာ” ဟု ပင်းတယဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အသက် ၈၀ အရွယ် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး PDF များနှင့် လုံးဝ ပတ်သက်ဆက်စပ်မူမရှိဘဲ ရွာ၌ အေးဆေးစွာလုပ်ကိုင်စားသောက်နေကြသူများသာဖြစ်ကြောင်း၊ ဖမ်းဆီး ခံရသောသူအများစုမှာ ၂၀၂၁ ခုနှစ် မတ်လကတည်းက ထွက်ပြေးတိမ်းရှောင်နေသော ပင်းတယမြို့နယ် NLD လွှတ်တော်အမတ်ဦးထွန်းထွန်းနိုင်နှင့် ဆွေမျိူးတော်စပ်မှုကြောင့် ပုဂ္ဂိုလ်ရေးအရ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဖမ်းဆီးခံရသူ ၂၅ ဦးထဲမှ သက်ကြီးရွယ်အိုနှင့် အမျိုးသမီး ၁၆ ဦးမှာ ယမန်နေ့ည အစောပိုင်းက ပြန်လည်လွတ်မြောက်လာပြီး လူငယ်ကိုးဦးကျန်ရှိနေသေးကြောင်း သိရသည်။
“အကုန်လုံးကိုစခန်းခေါ်ပြီးစစ်တာ။ ပထမတော့ အဲဒီကို ကိုထွန်းထွန်းနိုင် လာလားပေါ့။ ပြီးရင် ဒလန် အကြီးစား ကိုကျော်ငြိမ်းသေတဲ့ကိစ္စမှာ ကိုထွန်းထွန်းနိုင်နဲ့ပတ်သက်လား စစ်မေးတယ်။ သက်ကြီးရွယ်အို နဲ့ မိန်းကလေးတွေ၊ ကျောင်းသားငယ်တွေပြန်လွတ်လာတယ်။ သူတို့လုပ်တာ မဟုတ်နိုင်ဘူးဆိုပြီး လွတ် လာတာပါ။ အရွယ်ရောက်ပြီးသူ ကိုးယောက်တော့ ကျန်နေသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပင်းတယမြို့နယ်မှ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်မှာ သဘာဝဘေး စီမံပုဒ်မ ၂၅ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)တို့ဖြင့် တရားစွဲဆိုခံထားရပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နေအိမ်ချိပ်ပိတ်ခံရကာ ယခုထိ ထွက်ပြေးတိမ်းရှောင် နေရဆဲ ဖြစ်သည်။
ဓနုဒေသ ပင်းတယနှင့် ရွာငံမြို့နယ်များတွင် စစ်ကောင်စီတပ်များ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကို ကျူးလွန်လျက်ရှိရာ ဧပြီလ ၂၂ ရက်မှ ယနေ့အထိ နေအိမ် ၂၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး သတ်ဖြတ်ခံရသူ ၁၀ ဦးနှင့် ဖမ်းဆီးခံရသူ ၆၀ ဝန်းကျင်ရှိကြောင်း ဒေသခံများထံက သိရသည်။ mizzima