ပေါက်မြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ဒေသခံ ပြည်သူ ၁ ဦးကို ပစ်သတ်

မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆ တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၆ ရက်နေ့တွင် တောင်မြင့်ကျေးရွာသို့ ဦးတည်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆၊ SLNL-PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်နေ့တွင် တောင်မြင့်ကျေးရွာမှ ရွာသား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး ကျားပစ်ကန်ကျေးရွာကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ကျေးရွာထဲကို လက်နက်ကြီးများ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုမှ တစ်ဆင့် စစ်ကြောင်းသည် သစ်ညီနောင်ရွာကို စစ်ကြောင်းထိုးစဉ် ရွာအဝင်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် အပြန်အလှည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများ ရောက်ရှိလာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ညီနောင်ရွာမှ အနောက်တောင်ဘက်သို့ ထွက်ခွာလာစဉ် လမ်းသွားလမ်းလာ ပြည်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးတင်မောင်စိန်ကို ပစ်သတ်ခဲ့ပြီး ဖားအတောကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂ ရက်တာ တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆၊ SLNL-PDF တပ်ဖွဲ့တို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ khit thit