ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ပေါင်းကာ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုအဖြစ် ဖွဲ့စည်း

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ ပေါင်းကာ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်ကြောင်း South Monywa PDF တာဝန်ရှိသူက ပြောသည်။
အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များက ဆွေးနွေးညှိနှိုင်းအချိန်ယူခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ကို တပ်ရင်း လေးခုအနေဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘုံသဘောတူညီချက်ကတော့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ပေါ့ဗျာ။ ပါဝင်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့လိုမယ်ဆိုရင် ကိုယ်တာဝန်ယူထားတဲ့ လူအင်အား လက်နက် အင်အား ပါဝင်ကူညီပူးပေါင်းပေးကြဖို့ အမြဲအဆင်သင့်ထားပေးကြဖို့ပါပဲ။ ကျန်တာကတော့ စစ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို တစ်ဖွဲ့ကကူညီကြဖို့လောက်ပဲ ပြင်ပကို ပြောပြပေးနိုင်မှာပါ” ဟု South Monywa PDF တာဝန်ရှိသူက ပြောသည်။
အနောက်မြောက်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်လှုပ်ရှားနေသည့်နေရာများသည် တိုက်ခိုက်ရေးနယ်မြေ များဖြစ်ပြီး စစ်ကောင်စီတပ်ကို အခွင့်ရလျှင်ရသလို လက်နက်အခြေအနေပေါ်မူတည်ကာ ပူးပေါင်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတွင် People’s Defence Force – South Monywa၊ Black Dragon – Special Task Force၊ Anyar Defence Force (A.D.F)၊ God of Monywa People’s Defence Force၊ Red Eagle People’s Defence Force၊ Golden Eagle Force – Monywa၊ Monywa Fighter Group (MFG)၊ Excellent Flag Force၊ G.P.D.F People Revolution Army၊ Dragon Brother People Defence’s Force၊ Zayar-7 Sagaing-ARA၊ Black Wolf People Defence Force၊ Monywa Ranger Group Truth Army၊ Monywa Red Peacock၊ People’s Defence Force-Yar Za Than၊ Springs Dove နှင့် C.D.F & S.R.A စသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်သည်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများတွင် ယခင်က တစ်ဖွဲ့ချင်းစီ တိုက်ခိုက်မှုများကြောင့် နယ်မြေကျဉ်း မြောင်းပြီး ထိရောက်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မှု အားနည်းကြောင်း သိရသည်။
သို့သော် ယခုတွင် ကာကွယ်ရေးတပ်ဖွဲ့များက မဟာမိတ်အဖြစ်ပူးပေါင်းဖွဲ့စည်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလုပ်ဆောင်မည်ဖြစ်သည့်အတွက် နယ်မြေစိုးမိုးမှုများ ပိုမိုကျယ်ပြန့်လာနိုင်ပြီး အင်အား ကြီးမားပြီး ညီညွတ်စွာပိုမိုတိုက်ခိုက်လာနိုင်မည်ကို ယုံကြည်ကြောင်းလည်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးက ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကိုလည်း တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို လိုက်နာ ပေးကြရန်နှင့် ကူညီထောက်ပံ့ပေးကြရန်လည်း ပြည်သူများကို မေတ္တာ ရပ်ခံထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က သာလွန်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှုရရှိနိုင်ရန် ကြိုးစားနေသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ နေရာများတွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းထိုးရာ တွင် လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိသည်။
အဆိုပါစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ၎င်းတို့စိုးမိုးလှုပ်ရှားနေသည့် နယ်မြေ အလိုက် ရရာနည်းလမ်းများဖြင့် တုံ့ ပြန်ခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ mizzima