မင်းတုန်း စစ်ရှောင်များ စား၀တ်နေရေး အ ခက်အခဲကြုံနေ

PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုပြီး မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံတွေ ရခိုင်ရိုးမတောင်တန်းတွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားဝတ်နေရေး အကူအညီ လိုအပ်နေပါတယ်။
အခုလက်ရှိ မိုးရာသီဖြစ်တာကြောင့် နေရေးထိုင်ရေး၊ ကျန်းမာရေးနဲ့ စား၀တ်နေရေး အရမ်းခက်ခဲနေကြတယ်လို့ တိမ်းရှောင်နေသူဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
CDM ကျောင်းဆရာတဦးက “သူတို့က ဒီမှာ တိမ်းရှောင်နေကြတာ ၆ လ လောက်ရှိပြီး ကျနော်ကလည်း ကျောင်းဆရာ CDM ဆိုတော့ မြို့မှာနေလို့မရတော့ အဲဒီဘက်ကို သွားရှောင်နေရင်း ကလေးတွေကို စာသင်ပေးဖို့လုပ်နေတာ သူတို့တောင် နေစရာမရှိတဲ့အထဲမှာ ကျနော်လည်း ဖြစ်သလို၊ ရအောင်သင်ပေးမယ်ဆိုပြီး အားထုတ်နေရတာ။ ကလေးတွေအတွက်က ပုံနိုပ်စာအုပ်လည်း တအုပ်မှမရှိကြပါဘူး။ အခုတော့ မိုးမရွာတဲ့ နေတွေမှာပဲ စာသင်နိုင်တယ်၊ ကလေးအများစုရှိနိုင်တဲ့နေရာမှာ တခြားတဲစုတွေက ကလေးတွေပါခေါ်သွားပြီး ဖြစ်သလို သင်ပေးနေရတာ။ သူတို့က တနေရာနဲ့တနေရာ နည်းနည်းဝေးကြတယ်၊ အတူတူစုမနေရဲကြဘူး။ အဲ့ဒီလိုစုနေရင် စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်း လှမ်းထုနေလို့။ ခလေးတွေအတွက်ကတော့ စာသင်ပေးဖို့ နေရာတခုနဲ့ စာအုပ်၊ စာရေးကိရိယာတွေလိုပါတယ်၊ အခုက ကျောင်းဆရာအနေနဲ့ ကျနော်တယောက်တည်းပဲ ရှိတယ်” လို့ ပြောပါတယ်။’
ပြီးခဲ့တဲ့ မတ်လကတည်းက မင်းတုန်းမြို့နယ်ထဲမှာ အထိုင်စခန်းချနေတဲ့ သရက်မြို့ဘက်ကလာတဲ့ စစ်ကောင်စီတပ်တွေက ရခိုင်ရိုးမပေါ်က ကျေးရွာတွေမှာ PDF စခန်းတွေရှိတယ်ဆိုပြီး မင်းတုန်းအထိုင်နေရာကနေ လက်နှက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်တာတွေ၊ တောင်ပေါ် က ရွာတွေကိုလာပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ ရွာကနေ နှင်ထုတ်တာ၊ ရွာတွေကို မီးရှို့တာတွေကြောင့် ဒေသခံတွေ ရွာမှာမနေရဲကြတော့ဘဲ တောင်ပေါ်တက်ပြီး ဖြစ်သလို ပုန်းလျှိုးနေထိုင်နေကြရတာပါ။
ဒါ့အပြင် ကံမမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်က မကြာခဏ ၀င်ရောက်ဖမ်းဆီးတာတွေ လုပ်တာကြောင့် ရခိုင်ရိုးမတောင်ပေါ်မှာ တိမ်းရှောင်နေကြတာ အိမ်ထောင်စု ၆၀ ကျော် ရှိပြီး နေရေးထိုင်ရေး ကျန်းမာရေးနဲ့ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။ DVB