မြန်မာကျပ်ငွေနှင့်တန်ဖိုးတူညီသော ဒီဂျစ်တယ်မြန်မာကျပ်(DMMK)ကို ပြည်တွင်းပြည်ပတွင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း NUG အသိပေး


မြန်မာကျပ်ငွေနှင့် တန်ဖိုးတူညီသည့် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK)အား ပြည်တွင်း၊ ပြည်ပတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန် ကြီးဌာနက NUGPay အစီစဉ်မှတဆင့် အသိပေးကြေညာထားသည်။
ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) သည် မြန်မာနိုင်ငံ၏ ပထမဆုံး Blockchain အခြေပြုဒစ်ဂျစ်တယ် ငွေကြေးလည်းဖြစ်သည်။
ယခုထုတ်လုပ်ခဲ့သော DMMK ငွေကြေးအား ခိုင်မာသည့်ငွေကြေးတစ်ခုဖြင့် ကျောထောက် နောက်ခံပြုထားပြီး DMMK ၏ယူနစ်မှာ “ကျပ်” (Ks) ဖြစ်ကြောင်း အသိပေးချက်တွင် ရေးသားထားသည်။
ထိုကဲ့သို့ ခိုင်မာသောငွေကြေးတစ်ခုဖြင့် ကျောထောက်နောက်ခံပြုထားခြင်းကြောင့် DMMK ငွေကြေး သည် စျေးကွက်ထဲရှိ Cryptocurrency (ဒစ်ဂျစ်တယ် ငွေကြေးစနစ်) များကဲ့သို့ စျေးနှုန်းအတက်အကျ (Volatile) ဖြစ်မည်မဟုတ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် DMMK တစ်ကျပ်သည် မြန်မာငွေတစ်ကျပ်ဖြင့် တူညီစွာတန်ဖိုးရှိမည်ဖြစ်သည်ဟုဆိုထားပြီး နိုင်ငံခြားငွေလဲနှုန်း (Exchange Rate) ကိုလည်း NUGPay မှ ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။
DMMK သည် ဈေးကွက်အတွင်း၌ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး CBDC (Central Bank Digital Currency) ကဲ့သို့တည်ရှိမည်ဟုလည်း ဆိုသည်။
ထို့အပြင် “DMMK သည် အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရားအောက်မှ လုံးဝကင်းလွတ်သော ငွေကြေး” တစ်ခုဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ mizzima