ရွှေဘိုမြို့နယ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအရှေ့ဘက်မှာ ဇွန်လ ၂၀ ရက်နေ့က စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေကို ပြောက်ကျားတိုက်ခိုက်ရာမှာ ၃ ဦးသေဆုံးသွားတယ်လို့ ရွှေဘိုမြို့နယ် ဒေသခံပြောက်ကျားတပ်ဖွဲ့ Golden Future Revolution Force ( GFRF ) က ထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့အုပ်စုဟာ ခွန်းတောင်းကြီးကျေးရွာအရှေ့ဘက်ရှိ မူးပင်တဲဂိတ်အနီးမှာ လမ်းသွားလမ်းလာတွေ၊ စပါးကားတွေစတဲ့ ယာဉ်မှန်သမျှကို စစ်ဆေးနေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံပြောက်ကျားတပ်ဖွဲ့ (GFRF) တာဝန်ရှိသူက “စစ်ကောင်စီတပ်တွေနဲ့အတူ ပျူစောထီးအဖွဲ့တွေလည်း ပါတယ်။ ပြည်သူအပေါ်လည်း အ ထက်စီးကနေ မောက်မောက်မာမာနဲ့ ဆက်ဆံတယ်။ နောက်ပြီး ကုန်တင်ယာဉ်တွေကိုလည်း ငွေတောင်းခံတွေရှိတယ်။ ဒါ့ကြောင့် စောင့်ပြီး အ ခွင့်သာတုန်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ။ ပျူစောထီးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ စုစုပေါင်း ၃ ယောက်သေတယ်” လို့ ပြောပါတယ်။
အခုတလော ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီဘက်က စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်နေပြီး အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲအထိ ကင်းပုန်းဝပ်တာတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ဆင်ရေးအရှိန်မြှင့်တင်တော့မယ့် ကာလဖြစ်တာကြောင့် ရွှေဘို – မန္တလေးလမ်းကို အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲပြီး ည ၈ နာရီနဲ့မနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြဖို့ ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံထားပါတယ်။ DVB