ဟောင်ကောင်ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သံတမန်မီးပွားတစ်ခု

ဗြိတိသျှ ကိုလိုနီအဖြစ်မှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည့် ၂၅ နှစ်ပြည့်အခမ်းအနားကို အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာစစ်တပ်နှင့်ပတ်သတ်သည့် ဟိုတယ်၌ ကျင်းပရန် ဟောင်ကောင်က စီစဉ်ခဲ့သည်။ ထိုအစီအစဥ်ကို မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရအဖြစ် ကိုယ်တိုင်ကြေညာထားသည့်အဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့အပြီး မြန်မာနိုင်ငံ၌ ကြီးမားသည့် သံတမန် ကတောက်ကဆ မီးပွားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဟောင်ကောင်၏ လုပ်ရပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီက အကြမ်းဖက် အာဏာသိမ်းခဲ့သော စစ်ကောင်စီကို အသိအမှတ် ပြုခြင်းပင် ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များ၏ အတိုက်အခံများက ရှုမြင်နေကြသည်။

အရပ်ဖက်အဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများ၏ ကြီးထွားလာသည့် ဝေဖန်သံများနောက်တွင် “အမျိုးသား ညီညွတ်ရေးအစိုးရ”(အင်န်ယူဂျီ)က ပြင်းထန်သည့် ကြေညာချက်ထုတ်ပြန်ကာ ဟောင်ကောင်အစိုးရနှင့် ရန်ကုန်အခြေစိုက် မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (MHKCCI)၊ မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ-စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်များ အသင်းတို့အား မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုမှုအတွက် လွန်စွာပြစ်တင်ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ကတောက်ကဆသည် အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေသော အရှေ့တောင်အာရှနိုင်ငံ၌ ဟောင်ကောင်အစိုးရ၊ ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးရေးကောင်စီ၊ ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများနှင့် ဟောင်ကောင် အာဏာပိုင်များ၏ လုပ်ငန်းအလေ့အထကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည့် အခြေအနေတစ်ရပ် ဖြစ်သည်။

နောက်ခံသမိုင်း

=============

စစ်ကောင်စီက ထိန်းချုပ်ထားသော Global New Light of Myanmar သတင်းစာအရ အာဏာမသိမ်းမီက ဟောင်ကောင်သည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ဟောင်ကောင် ကုမ္ပဏီများသည် လျှပ်စစ်၊ စွမ်းအင်၊ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အာမခံနှင့် ထောက်ပံ့ပို့ဆောင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံထားကြသည်။ တရုတ်ဘဏ်ကဲ့သို့ အချို့ရင်းနှီးမြှုပ်နှံသူများမှာ ဟောင်ကောင်ရုံးခွဲအမည်ဖြင့် မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီများ ဖြစ်ကြသည်။

၂၀၂၁ခုနှစ် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအပြီး၌ ဟောင်ကောင်လုပ်ငန်းများသည် စစ်ကောင်စီနှင့် မိတ်ဆက်တွေ့ဆုံခဲ့ပြီး ထိုအချိန်ကစတင်၍ ၎င်းတို့သည် မြန်မာစစ်တပ်နှင့် အဆက်အသွယ်များကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ မြန်မာ့အရေးနှင့် ဥပဒေရေးရာ ကျွမ်းကျင်သူများ၏ အဆိုအရ ထိုသို့ ဆက်လက်ချိတ်ဆက်နေမှုကို ကြည့်၍ အန္တရာယ်များသော မြန်မာ့စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင် အခြေအနေကိုသာမက ၂၀၂၀ပြည့်နှစ် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းအပြီး ဟောင်ကောင်၏ စီးပွားရေးလုပ်ငန်း ချဉ်းကပ်ပုံ အပြောင်းအလဲများ အကြောင်းကိုပါ ပြောစရာ အများအပြား ရှိလာသည်ဟု ဆိုသည်။

ဘေဂျင်း၏ အမျိုးသား ပြည့်သူကွန်ဂရက်က ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ် ဇွန် ၃၀ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၎င်းဥပဒေသည် “ဗဟိုအစိုးရ၏ အာဏာကို ပျက်ပြားစေမှု” အပါအဝင် တက်ကြွလှုပ်ရှားမှုများကို ရာဇဝတ်မှုမြောက်ကြောင်း ပြဌာန်းထားသည်။ အဆိုပါဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁၆၆ ဦး အဖမ်းခံခဲ့ရပြီး ၎င်းတို့အထဲတွင် ဟောင်ကောင် ရိုမန်ကက်သလစ် ကာဒီနယ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျိုးဇက်ဇန်လည်း ပါဝင်နေသည်။

အစောပိုင်းကာလ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုသည် ဟောင်ကောင်၊ ထိုင်းနှင့် ထိုင်ဝမ်တို့မှ တက်ကြွလှုပ်ရှားသူများဖြင့် ရင်းနှီးမှုနှင့် စည်းလုံးမှုအရ ဖွဲ့စည်းထားသော “The Milk Tea Alliance”(နို့လက်ဘက်ရည်မဟာမိတ်အဖွဲ့) ၏ ထောက်ခံအားပေးမှုများကို ရရှိခဲ့သည်။

အာဏာသိမ်းသည့် ပထမ နှစ်လအတွင်း ဆန္ဒပြရင်း စစ်တပ်လုံခြုံရေးအဖွဲ့များနှင့် ရင်ဆိုင်ကြသည့်အခါ မြန်မာတို့သည် ဟောင်ကောင်ဆန္ဒပြသူများ၏ နည်းလမ်းများကို အတုယူဆောင်ရွက်ခဲ့သည်။ သို့သော် အာဏာသိမ်းမှုအပြီး ဟောင်ကောင်အစိုးရ၏ လုပ်ရပ်များကမူ ဟောင်ကောင်သည် စင်ပြိုင်အစိုးရထက် စစ်ကောင်စီနှင့်သာ ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည်ဟု ယူဆစရာ ဖြစ်လာသည်။

၂၀၂၀ ပြည့်နှစ် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်၏ စီးပွားရေးလုပ်ကိုင်မှု ပတ်ဝန်းကျင် အခြေအနေမှာ လျင်မြန်စွာ ပိုမိုဆိုးဝါးလာသည်။ ယခုနောက်ဆုံး ဟောင်ကောင်ကြောင့် မြန်မာ့အရေး လှုပ်လှုပ်ရွရွ ဖြစ်သွားသည့် အခြေအနေသည် အာရှဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းအုပ်စု အများအပြားမှာ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို မသိရုံမက မြန်မာနိုင်ငံ၌ အလုပ်လုပ်၍ နာမည်ဂုဏ်သတင်း ထိခိုက်နိုင်ချေများကို ကောင်းစွာ သတိမပြုမိကြောင်း ယူဆနိုင်စရာ နောက်ထပ် အချက်တစ်ချက် ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ဟောင်ကောင်အစိုးရ၏ ယိမ်းယိုင်မှုကို ၂၀၁၇ခုနှစ်က ရိုဟင်ဂျာအရေးအခင်း ဖြစ်ပွားနေစဉ် ရန်ကုန်သို့ သွားရောက်ခဲ့သည် အမှုဆောင်အရာရှိချုပ် ကာရီလမ်၏ သမိုင်းဝင်ခရီးစဉ်အတွင်း တွေ့မြင်နိုင်သည်။ သူက တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းနှင့် အာဆီယံ-ဟောင်ကောင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်တို့ကို ဦးစားပေး အစီအစဉ်အဖြစ် အဓိက ဆော်ဩခဲ့သော်လည်း ရိုဟင်ဂျာ ပြသနာအကြောင်း မေးမြန်းသည့်အခါ “ငြိမ်းချမ်းပါစေ ဟု ဆုတောင်းကြောင်း” တစ်ခွန်းထက် ကျော်လွန်ပြီး မည်သည့်စကားမျှ မပြောခဲ့ပေ။

ပြဿနာဖြစ်နေသည့်အချိန်နှင့် တိုက်ဆိုင်စွာ သွားရောက်လည်ပတ်ခဲ့ခြင်းကို ဝေဖန်သူများက မေးခွန်းထုတ်ခဲ့ကြသည်။ ဖိစီးနှိပ်စက်မှုများ အဆုံးသတ်ရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုနေသည့်အချိန်၊ မြန်မာစစ်တပ်အား လေ့ကျင့်သင်တန်းပေးနေမှုများကို ရပ်ဆိုင်းရန် ဗြိတိန်အစိုးရက ကြေညာလိုက်သည့်အချိန်တွင် ဟောင်ကောင်အကြီးအကဲက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်ကောင်စီနှင့် အဆက်အသွယ်ရှိသော လုပ်ငန်းများအပေါ် အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်သလို စင်္ကာပူ စတော့အိတ်ချိန်းကပင် မြန်မာစစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ကုမ္ပဏီတစ်ခု၏ ရှယ်ယာအရောင်းအဝယ်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည့်အချိန်၌ မြန်မာစစ်တပ်ပါဝင် ပတ်သက်မှုရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ဟောင်ကောင်စတော့အိတ်ချိန်း(HKEX) စာရင်းဝင်ကုမ္ပဏီများကိုမူ မည်သည့်မေးခွန်းမျှ မထုတ်ဘဲလုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်ပြုထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး LNG စက်ရုံ ကုမ္ပဏီတစ်ခုဖြစ်သည့် ဟောင်ကောင်စာရင်းဝင် VPower အုပ်စုသည် ရန်ကုန်မြို့တွင် စစ်တပ်ထံမှ ငှားရမ်းထားသည့် မြေပေါ်၌ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံ နှစ်ရုံကို လည်ပတ်ဆောင်ရွက်နေသည်။

HKEX စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော Shangri-La Asia အုပ်စုသည်လည်း တပ်ပိုင်မြေပေါ်ရှိ ဈေးဆိုင်များ၊ ရုံးခန်းများပါဝင်သည့် Sule Square (ဆူးလေစကွဲ) အဆောက်အဦးအား ဆောက်လုပ်လည်ပတ်သည့်အတွက် ဆန္ဒပြသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ HKEX သည် အဆိုပါအငြင်းပွားစရာ ကိစ္စရပ်များအပေါ် မည်သို့မျှ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပေ။

HKEX ၏ နှုတ်ဆိတ်နေမှုနှင့် လုံးဝကွဲပြားဆန့်ကျင်လျက်၊ စင်္ကာပူစတော့အိတ်ချိန်းကမူ မြန်မာစစ်တပ်ကို ငွေကြေး ထောက်ပံ့နေသည်ဟု အစွပ်စွဲခံထားရသောကုမ္ပဏီများကို မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ခဲ့သည်။

HKEXနှင့် ချေးငွေသက်သေခံလက်မှတ်၊ ကြိုရောင်းရှယ်ယာ ကြီးကြပ်ရေးကော်မရှင်(SFC)တို့၏ အရေးယူ ဆောင်ရွက်ခြင်း ဆိတ်သုဉ်းနေမှုသည် ထိတ်လန့်တုန်လှုပ်စရာကောင်းသည်ဟု ပြည်တွင်း တက်ကြွလှုပ်ရှားသူများအဖွဲ့ တစ်ခုဖြစ်သော Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

ဟောင်ကောင်အစိုးရအနေဖြင့် ဟောင်ကောင်လုပ်ငန်းများက စစ်အစိုးရအား ငွေကြေးထောက်ပံ့နေမှုကို ရပ်ဆိုင်းစေရေး အရေးယူဆောင်ရွက်ရန် မရတနာမောင်က တိုက်တွန်းသည်။

“သူတို့(ဟောင်ကောင်တွေ)ရဲ့ လုပ်ငန်းတွေဟာ အကြမ်းဖက် ရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်နေတာကြောင့်၊ အဲ့ဒီကုမ္ပဏီနှစ်ခုလုံးကနေ ရင်းနှီးငွေတွေ ပြန်ထုတ်ပြီး စွန့်ခွာကြဖို့ ဟောင်ကောင် ရင်းနှီးမြှုပ်သူတွေဆီကို သတိပေးချက်တွေ ပေးပို့သင့်ပါတယ်” ဟု သူမက ဆိုသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အာရှဌာနခွဲ (Human Rights Watch’s Asia Division)၏ ဒုတိယညွှန်ကြားရေးမှူး ဖေးလ်ရောဘတ်ဆန်က မြန်မာစစ်တပ်နှင့် ဆက်လက် ပူးပေါင်းနေသောအဖွဲ့အစည်းများသည် သမိုင်း၏ အမှားဘက်တွင် ရပ်နေသူများဖြစ်ကြောင်း၊ စစ်တပ်နှင့် ၎င်းတို့၏ ပတ်သက်ဆက်နွယ်မှုကို ဖော်ထုတ်တွေ့ရှိရပါက စီးပွားရေး သပိတ်မှောက်မှု ဒဏ်ကြောင့် အကျိုးစီးပွား အကြီးအကျယ်ထိခိုက်လိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ထို့ပြင် ဒဏ်ခတ်အရေးယူသည့် စာရင်းဝင် ပုဂ္ဂိုလ်အရေအတွက် တဖြည်းဖြည်းများလာနေပြီး စီးပွားရေး သပိတ်မှောက်မှုများကို ကြီးမားသည့်ဇွဲနပဲဖြင့် ဆောင်ရွက်ခဲ့သလို ဆက်လက်ပြီးလည်း အခိုင်အမာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“မြန်မာနိုင်ငံထဲမှာ ဆက်နေပြီး စစ်တပ်နဲ့ ဆက်နွယ်တဲ့အဖွဲ့တွေနဲ့ အလုပ်ဆက်လုပ်နေခြင်းဟာ အန္တရာယ်များပြီး မသေချာ/မရေရာတဲ့ စွန့်စားခန်းတစ်ခုကို ပြုလုပ်နေခြင်းပါပဲ” ဟု ဖေးလ်ရောဘတ်ဆန်က ပြောသည်။

သို့သော် ဟောင်ကောင်ဥပဒေပြု ကောင်စီအဖွဲ့ဝင်ဟောင်း ဒန်းနစ်ကော့ခ် ကမူ ဟောင်ကောင်အနေဖြင့် မြန်မာ အတိုက်အခံ အင်အားစုများနှင့် ပူးပေါင်းရန် မမျှော်လင့်ကြောင်း တုံ့ပြန်ပြောဆိုသည်။ အမျိုးသား လုံခြုံရေးဥပဒေကို အကောင်အထည် ဖော်ပြီးသည့်နောက်တွင် အနောက်အုပ်စု၏ ဒဏ်ခတ် အရေးယူမှုများသည် ယခင်နိုင်ငံတကာ ဘဏ္ဍာရေးအချက်အခြာ ဗဟိုဌာနဖြစ်သော ဟောင်ကောင်နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ၎င်းကဆိုသည်။

အနောက်အုပ်စုက သတ်မှတ်သည့် နိုင်ငံတကာစံနှုန်းများကို လိုက်နာခြင်းသည် “နိုင်ငံရေးအရ မှားယွင်းသည်”ဟု HKEX က ရှုမြင်မည် ဖြစ်ကြောင်း ဟားဗတ်ကနေဒီတက္ကသိုလ်၏ အကြီးတန်းအဖွဲ့ဝင် ကော့ခ်က ဖြည့်စွက်ပြောကြားသည်။ ထို့အတူ အဆိုပါ ဒဏ်ခတ်ခံကုမ္ပဏီများအား စုံစမ်းစစ်ဆေးမည်ဆိုပါက မကြာသေးမီက စစ်ကောင်စီနှင့် မဟာမိတ်ပြုခဲ့သည့် ဘေဂျင်း၏ မူဝါဒနှင့်လည်း ဆန့်ကျင်နေမည်ဟု ၎င်းကထောက်ပြသည်။ ”အမျိုးသား လုံခြုံရေးဥပဒေကို အတည်ပြုလက်မှတ်ရေးထိုး ခြင်းဟာ ဟောင်ကောင်ရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဆုံးသတ် သွားစေခဲ့တာဖြစ်ပါတယ်”ဟု သူကဆိုသည်။

ပွက်လောရိုက်သံ ဆန်းစစ်ချက်

===============

ယခုလအစောပိုင်းက ဟောင်ကောင်အစိုးရသည် ဗြိတိသျှထံမှ တရုတ်ထံသို့ အထူးအုပ်ချုပ်ရေးဒေသအဖြစ် ဟောင်ကောင်ကို လွှဲပြောင်းပေးအပ်ခဲ့သည့် ၂၅ နှစ်ပြည့်အခမ်းအနားကို မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်ရှိ စစ်တပ်နှင့်ပတ်သက်သော LOTTE ဟိုတယ်၌ ကျင်းပရန် စီစဉ်ခဲ့သည်။

မူလက အခမ်းအနားကို မြန်မာ-ဟောင်ကောင်အသင်းအပါအဝင် ကုန်သည်ကြီးများ အသင်းအများအပြားက စုပေါင်းကျင်းပရန် ရည်ရွယ်ထားသည်။ သို့သော် Justice for Myanmar (JFM) တက်ကြွလှုပ်ရှားသူအုပ်စုက ယင်းအစီအစဉ်ကို ကန့်ကွက်ရှုတ်ချအပြီး မြန်မာ−တရုတ် ကုန်သည်ကြီးများအသင်းသည် ဦးဆောင်ကျင်းပရေးအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။

မြန်မာ-ဟောင်ကောင် ကုန်သည်ကြီးများအသင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီက စတင်တည်ထောင်ကာ ၎င်း၏ အဖွဲ့ဝင်များတွင် Marga အုပ်စုနှင့် VPower တို့ပါဝင်သည်။

Lotte ဟိုတယ်ကို မြန်မာစစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်ထားသည်။ တည်ဆောက်-လုပ်ဆောင်- လွှဲပြောင်း (BOT) သဘောတူစာချုပ်အရ စစ်ထောက်ချုပ်ရုံးပိုင်မြေကို တောင်ကိုရီးယား အကျိုးတူကုမ္ပဏီများ အဖွဲ့ဖြစ်သော ပေါ်စကို အင်တာနေရှင်နယ်က ငှားရမ်း၍ ဟိုတယ်လုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်သည်။

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စစ်ထောက်ချုပ်ရုံးအပေါ် ဒီဇင်ဘာ ၁၀ ရက်ကတည်းက ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးဖြစ်သည်။

Lotteဟိုတယ်သည် မြေငှားရမ်းမှုအရလည်းကောင်း၊ ပြည်တွင်း မိတ်ဖက် ကုမ္ပဏီဖြစ်သော ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီးဟောင်း ဒု-ဗိုလ်မှူးကြီး အောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအုပ်စုနှင့် ပတ်သတ်မှုအရ လည်းကောင်း၊ စစ်တပ်နှင့် ဆက်နွယ်နေသဖြင့် တက်ကြွလှုပ်ရှားသူများ၏ သပိတ်မှောက်သည့် ပစ်မှတ်တစ်ခုလည်း ဖြစ်သည်။

“အဆိုပါ အခမ်းအနားကျင်းပရန် ဟောင်ကောင်အစိုးရ၏ တရားဝင် အဖွဲ့တစ်ခုဖြစ်သည့် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနက ဦးဆောင်စီစဉ်နေခြင်းကို ကျွန်တော်တို့ အထူးပင် စိတ်ပျက်မိပါသည်”ဟု အင်န်ယူဂျီ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် စစ်တပ်နှင့် ဆက်နွယ်သည့် ဟိုတယ်တစ်ခု၌ အခမ်းအနားကျင်းပရန် ဆုံးဖြတ်ချက်ချခြင်းကို “ပြစ်တင်ရှုတ်ချကြောင်း” အင်န်ယူဂျီက ဝေဖန်ခဲ့သည်။

စီးပွားရေးတွေ့ဆုံပွဲအကြောင်း ပွက်လောရိုက်မှုများ အရှိန်အဟုန် မြင့်တက်လာလင့်ကစား ဘေဂျင်းကသော်လည်းကောင်း၊ တရုတ်အစိုးရ မီဒီယာများက သော်လည်းကောင်း၊ ဟောင်ကောင် ကုန်သည်ကြီးများအသင်း၏ အနေအထားကို မိမိတို့ အရှိန်အဝါဖြင့် ဝင်ရောက် အားဖြည့်ကူ ညီခဲ့ခြင်း မရှိပေ။

“စီးပွားရေး တွေ့ဆုံပွဲအတွက် အကူအညီကို ရုပ်သိမ်းရန်နှင့် စစ်ကောင်စီအား ဟောင်ကောင်ကုမ္ပဏီများ၏ ငွေကြေးထောက်ပံ့ ကူညီနေမှုများကို ရပ်ဆိုင်းရန်”ဟောင်ကောင်အစိုးရကို JFM လူ့အခွင့်အရေးအုပ်စုက တောင်းဆိုခဲ့သည်။

ရန်ကုန်ရှိ သံတမန်ရပ်ကွက်နှင့် စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်း၏ အဆိုအရ ပြင်းထန်လာသည့် ဝေဖန်မှုများကြောင့် အဆိုပါအခမ်းအနားကို ရက်ရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။ ယင်းကိစ္စအတွက် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနနှင့် MHKCCI တို့ထံ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။

(AsiaTimes တွင် ဖော်ပြထားသော IAN NG AND DOMINIC OO ၏ “Hong Kong sparks a political uproar in Myanmar” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်) khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s