အာဏာက နင်းချေလိုက်သည့် သူနာပြုဆရာမဘဝ

သူနာပြုဆရာမ ယမင်း*သည် ဆေးရုံတစ်ခုတွင် ပူပင်သောက တပွေ့တပိုက်ဖြင့် တာဝန်ထမ်းဆောင်နေသည်။ 

သူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ဖူးပြီး မလွန်ဆန်နိုင်တော့သည့် အခြေအနေကြောင့်သာ လုပ်ငန်းခွင်ထဲ ပြန်ရောက်လာခြင်းဖြစ်သည်။ 

ဆေးရုံဆိုသည်မှာ သူ့ကို သိပ်ချစ်သည့် သူ့အဖေကိုယ်တိုင် ကျန်းမာရေးဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့သည့် နေရာဖြစ်သည်။ ထို့ပြင် သူတို့မိသားစုဘဝလေး အခြေတည်ရာ၊ သူနာပြုဆရာမတစ်ယောက်ဖြစ်လာဖို့ စေ့ဆော်ပေးခဲ့သည်မှာလည်း ဆေးရုံပင်ဖြစ်သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ဆေးရုံသည် နာကြည်းဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ်ရာများ စိုးမိုးသွားတော့သည်။

တစ်နှစ်အတွင်း သူရင်ဆိုင်တွေ့ကြုံခဲ့ရသော ထင်မှတ်မထားသည့် အဖြစ်ဆိုးများက ဘဝတစ်လျှောက် မျှော်လင့်ချက်များ၊ ပျော်ရွှင်ခြင်းများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ 

ထိုအဖြစ်ဆိုးများက ၂၀၂၁ စစ်အာဏာသိမ်းလိုက်သည့်နေ့မှစ၍ အေးဆေးတည်ငြိမ်နေသည့် သူ့ဘဝထဲကို ဝင်ရောက် မွှေနှောက်ခဲ့ခြင်း ဖြစ် သည်။ 

အာဏာမသိမ်းမီက အခြားသော တိုက်နယ်ဆေးရုံတစ်ခုတွင် သူတာဝန်ကျနေခဲ့သည်။ ကိုဗစ်ကပ်ဘေးကျရောက်လာသောအခါ ကိုဗစ်လူနာများကို ကိုင်တွယ်ရန် စာရင်းကောက်ရာတွင် သူ ထိပ်ဆုံးက စာရင်းပေးသွင်းခဲ့သည်။  

“အဲဒီတုန်းက တာဝန်ကို ကျေချင်တာ။ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ။ လုပ်ရမဲ့ တာဝန်ရှိတယ်လို့ ယူဆခဲ့တာ” ဟု အသက် ၂၅ အရွယ် သူနာပြုဆရာမက ယမင်းက ဂုဏ်ယူစွာ ပြောသည်။ 

တစ်နှစ်ကျော်ကြာအောင် ကိုဗစ်နှင့် နပန်းလုံးပြီးနောက် သူလည်း ခြေကုန်လက်ပန်းကျသွားသည်။ သူ့ချစ်သူနှင့် လက်ထပ်ထားသော်လည်း ပြင်ဆင်ထားသည့် မင်္ဂလာပွဲဧည့်ခံပွဲကိုပင် နောက်ရွှေ့ထားရသည်။ သို့သော် ပင်ပန်းရကျိုးနပ်သည့်အတွက် သူ ကျေနပ်သည်။

သူ့လို တိုင်းပြည်အနှံ့ရှိ ကျန်းမာရေးဝန်ထမ်းများ၏ မနားမနေ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်မှုကြောင့် ကိုဗစ်ကူးစက်မှုလည်း လျော့ကျလာပြီး ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ 

ရွေးကောက်ပွဲအပြီး သုံးလအကြာ လွှတ်‌တော်ကျင်းပမည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က မဲစာရင်းမှားသည်ဟု ဆိုကာ လွှတ်တော်ကို ထိန်းချုပ်လိုက်ပြီး တိုင်းပြည်အာဏာကို လုယူလိုက်သည်။ 

ထိုသတင်းကို ကြားရသည့် ကျန်းမာရေးဝန်ထမ်းများမှာ သေအံ့ဆဲဆဲလူနာကို ကယ်တင်အပြီး စိတ်ချလက်ချဖြင့် နားနေဆောင်ပြန်အလာ သေသွားပြီဟု ကြားလိုက်ရသလိုမျိုး ဟာခနဲဖြစ်သွားရသည်ဟု ဆိုသည်။ 

“ကြီးကြီးမားမား တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုပဲ၊ Surprise ဖြစ်သွားတာ။ အိပ်ရာနိုးနိုးချင်း” ဟု သူနာပြုဆရာမ ယမင်းက ပြောသည်။  

ရက်ပိုင်းအတွင်းမှာပင် အာဏာသိမ်းစစ်တပ်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် ကျန်းမာရေးဝန်ထမ်းများက အလုပ်မဆင်းဘဲ အာဏာဖီဆန်မှုကို စတင်ကြတော့သည်။ 

ထိုငြိမ်းချမ်းစွာ အာဏာဖီဆန်မှုတွင် ကိုဗစ်ကပ်ဘေးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သည့် သူနာပြုဆရာမ ယမင်းလည်း ပါဝင်လာခဲ့သည်။

သူ့လို အာဏာဖီဆန်သူများလာသောအခါ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကိုဗစ်ကို နိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုပါကြောင်းနှင့် လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် ပန်ကြားခဲ့သည်။ 

သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီးနေသည့် စစ်ကောင်စီ၏ ပန်ကြားချက်သည် အချည်းနှီးပင်ဖြစ်သည်။ 

ထို့ပြင် သူနှင့် မင်္ဂလာပွဲဆင်နွှဲရန် ရည်ရွယ်ထားသည့် အိမ်ထောင်ဖက်ကလည်း ဆန္ဒပြပွဲများတွင် ဝင်နွှဲတော့သည်။ သူတို့နှစ်ဦးမှာ ၂၀၂၀ က တည်းက နှစ်ဖက်မိဘဆွေမျိုးများကို အသိပေးကာ အိမ်ထောင်ပြုခဲ့ကြခြင်းဖြစ်သည်။

သို့သော် လက်မှတ်ထိုးခြင်းနှင့် မင်္ဂလာဆောင်ရမည့် ကိစ္စရပ်များကို နောက်နှစ်မှ ကျင်းပမည်ဟု ရည်ရွယ်ခဲ့ကြသည်။ ထိုသို့ရည်ရွယ်ချက်များ သည် အာဏာသိမ်းမှုနှင့်အတူ ရေစုန်မျောခဲ့ရလေသည်။ 

သူ့အမျိုးသားသည် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် အခြားသော လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ 

စစ်အာဏာမသိမ်းခင်က ရန်ကုန်တွင် အလုပ်လုပ်ရင်း သူတို့ဇနီးမောင်နှံ၏ ရှေ့ရေးအတွက် ပြင်ဆင်နေခဲ့ကြသည်။ တချို့သောအလုပ်ပိတ်ရက်များတွင် ကျောင်းနေဖက်သူငယ်ချင်းများနှင့် ဆုံ၍ နိုင်ငံရေးဖြစ်စဉ်များကိုလည်း ဆွေးနွေးလေ့ရှိသည်။  

အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ စတင်သည့်အခါ သူကျောင်းတက်ခဲ့သည့် ဒေသသို့ ပြန်သွားပြီး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ စစ် တပ်ကလည်း အစဉ်အလာအတိုင်း အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးရာ ဆန္ဒပြပွဲများတွင် ပါဝင်ရုံဖြင့် အသက်အန္တရာယ်ရှိသည့် အ နေအထားဖြစ်သည်။ 

အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရလေ ဆန္ဒပြပွဲများက တဖြည်းဖြည်းအရှိန်မြင့်လာလေဖြစ်ရာ အာဏာသိမ်းစစ်ကောင်စီသည် လူထုဆန့်ကျင်အုံကြွမှုကို ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။ 

၂၀၂၁ မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့ နီးချိန်တွင် ကျောင်းသားများက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ဆန္ဒပြပွဲများကို အရှိန်မြှင့်ရန် လှုံ့ဆော်လာသည်။ ထိုနေ့တွင် ဆန္ဒထွက်ပြသည့်လူငယ်များ ဦးခေါင်းကို အပစ်ခံရနိုင်သည်ဟု စစ်ကောင်စီက သတိပေးသည်။ 

သို့သော် ဆန္ဒပြလူငယ်များက ဖက်ဆစ်တော်လှန်ရေးနေ့ကို ဆင်နွှဲရန် မတ်လ ၂၇ ရက်နေ့တွင် လမ်းပေါ်သို့ ရောက်ရှိလာသည်။ သူ့ခင်ပွန်းသည် လမ်းပေါ်တွင် လူစုနေစဉ်မှာပင် စစ်ကောင်စီ၏ စစ်သားနှင့် ရဲများက ပစ်ခတ်ဖမ်းဆီးရာ ထွက်ပြေးရသည်။ 

ထို့နောက် နီးရာအိမ်သို့ ဝင်ပုန်းသည်။ စစ်ကောင်စီတပ်သားများက ထိုအိမ်ထဲသို့ ဝင်ရောက်ရှာသော်လည်း မတွေ့သဖြင့် ပြန်ထွက်သွားသည်။ ခဏအကြာတွင် နောက်တစ်ကြိမ် ပြန်ဝင်ပြီး ထပ်မံရှာဖွေရာ ဖမ်းမိသွားတော့သည်။ 

ညပိုင်း ဖမ်းဆီး၊ မနက်ပိုင်း အလောင်းထုတ်ရဖြစ်နေသည့် ကာလများတွင် ထိုသတင်းကို ကြားရချင်းချင်း သူ့စိတ်ထဲ ပူထူသွားသည်။ ထိုနေ့က တိုင်းပြည်အနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ဖြိုခွင်းရာ လူရာချီသေဆုံးပြီး သွေးချောင်းစီးခဲ့သည်။

“စစချင်းတော့ ထူပူပြီး အကုန်ဆုံးရှုံးလိုက်ရပြီဆိုပြီး တွေးမိပေမဲ့ သူမှာထားတာတွေ သတိရပြီး သူ ပြန်လာမှာပါဆိုပြီး အားတင်းဖြစ်ခဲ့တယ်။ အလောင်းကို မျက်စိရှေ့မြင်မှသာ အမှန်တကယ်သေပြီလို့ မှတ်ဖို့ မှာထားခဲ့တာ” ဟု သူက ဆိုသည်။ 

အိမ်ထောင်ဖက် ဖမ်းဆီးခံရခြင်းသည် CDM လုပ်ထားသည့် သူ့လုံခြုံရေးအတွက်ပါ စိုးရိမ်စရာဖြစ်သည်။  

မိဘဆွေမျိုးအသိုင်းအဝိုင်းကြားတွင် သူတို့ဇနီးမောင်နှံအရေးသည် ခေါင်းကိုက်စရာဖြစ်လာသည်။ ကိုယ့်ယောက်ျားကို မတားရကောင်းလားဟု ဆွေမျိုးတချို့က ကရုဏာ‌‌‌‌‌‌‌ဒေါသောဖြင့် ပြစ်တင်ပြောဆိုလာသည်။ 

“မတားသင့်တဲ့အရာကြီးကိုတော့ ညီမ မတားဘူးလေ။ မဟုတ်တာ လုပ်နေတာမှ မဟုတ်ဘဲ။ တားရမဲ့ အကြောင်းပြချက် မရှိဘူးလေ။ ယုံမလား မသိပေမဲ့ သူထွက်သွားတိုင်း ပြန်လာပါစေဆိုပြီး အကြိမ်ကြိမ် ဆုတောင်းမိတယ်” ဟု သူက ပြောသည်။ 

ခင်ပွန်းလည်း အဖမ်းခံရ၊ ကိုယ်တိုင်လည်း အာဏာဖီဆန်နေသည့် သူ့အတွက် ခိုလှုံစရာဟူ၍ မိဘအိမ်တစ်ခုသာ ရှိတော့သည်ဖြစ်ရာ သူ့ဇာတိ ဆေးရုံဝန်ထမ်းအိမ်ရာသို့ ပြန်လာသည်။ 

အိမ်ပြန်ရောက်စဉ်တွင် ပင်စင်သက်ပြည့်ခါနီး သူ့အဖေက သူ့ကို မြင်လိုက်တိုင်း စိတ်မူမမှန်ဖြစ်နေသည်။ အမေကလည်း သမီးကိုရော အဖေကိုပါ တတ်နိုင်သလောက် နှစ်သိမ့်ပေးနေရသည်။

စစ်ကောင်စီက CDM ဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်သည့် သတင်းများ၊ အလိုရှိသူကို မတွေ့ပါက မိသားစုကို ဖမ်းဆီးသည့် သတင်းများက သူ့အဖေ၏ စိတ်ကို ခြိမ်းခြောက်နေသည်။ 

“သမီးကို လက်ထိတ်တန်းလန်းနဲ့ ဖမ်းသွားမှာကို မကြည့်နိုင်ဘူးတဲ့။ သူသေချင်တယ်တဲ့။ သူက ပင်စင်ယူခါနီး။ သမီးက အလုပ်ပြုတ်တော့ သူ့မိသားစုကို ဘယ်လိုရှာကျွေးပါ့မလဲဆိုပြီး စိတ်ကျတော့တာပဲ” ဟု သူက ပြောသည်။

စစ်ကောင်စီ၏ ယာဉ်တန်းသံ တဝေါဝေါ၊ သေနတ်သံ တဒိုင်းဒိုင်းနှင့် ဖောက်ကွဲသံ တအုန်းအုန်းများကို ကြားရသည်နှင့်ပင် သူ့အဖေမှာ နေစရာမရှိဖြစ်ရပြီး အပြောအဆို အပြုအမူများကလည်း ကယောင်ချောက်ချားဖြစ်လာသည်။ 

တစ်နေ့တွင် သမီးဖြစ်သူအား အလုပ်ပြန်ဝင်ရန် တောင်းပန်ရာ ယမင်းက ကိုယ့်ခင်ပွန်းကို မတရားဖမ်းထားသူများ၏ လက်အောက်တွင် အလုပ်ပြန်မဝင်နိုင်ဆိုကာ ငြင်းဆန်ခဲ့သည်။ 

ယမင်းလည်း သူ့ခင်ပွန်း၏ သူငယ်ချင်းထံ ဆက်သွယ်ပြီး သူကြုံတွေ့နေရသည့် အကျပ်အတည်းကို ပြောပြကာ ဘာဆက်လုပ်သင့်သနည်းဟု တိုင်ပင်သည်။  

ကိုယ်တိုင်က အလုပ်ပြန်မဝင်ချင်ပါက မဝင်ဘဲနေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းနှင့် မတရားအဖမ်းခံထားရသူ၏ ဆန္ဒမှာလည်း ဒီအတိုင်းသာဖြစ်မည်၊ ထို့ကြောင့် အဖေကို နားလည်အောင်သာ ပြောပြပါဟု သူ့ခင်ပွန်း၏ သူငယ်ချင်းက တိုက်တွန်းခဲ့သည်။ 

သို့သော် ဖခင်၏ အခြေအနေမှာ တစ်နေ့တခြားပိုဆိုးလာသည်။ တစ်ရက်တွင် ကြိုးသုံးချောင်း ဝယ်ပြီး အိမ်ပြန်လာသည်။ ထို့နောက် မိသားစုသုံးယောက်လုံး ကြိုးဆွဲချ သတ်သေမည်ဟု ဆိုသည်။ ယမင်းက အော်ဟစ်ငိုယိုမှသာ ဆက်မလုပ်ဘဲ ရပ်သွားသည်။

နောက်ပိုင်းတွင် သူ့ကို မျက်စိရှေ့တွင် မတွေ့ရပါက အဖေ စိတ်သက်သာရာ ရလိုရငြား တခြားမြို့က ဆွေမျိုးအိမ်သို့ မယမင်း ပြောင်းရွှေ့နေထိုင်သည်။ အမေနှင့် နေ့တိုင်းဖုန်းဆက်ပြီး သူ့အဖေအခြေအနေကို မေးသည်။ အခြေအနေက တိုးတက်မလာ၊ ဆိုးသထက်သာ ဆိုးလာသည်။ 

သီတင်းပတ်နှစ်ပတ်ကျော် ကြာသည့်အခါ သူ့အမေက ဖုန်းလှမ်းဆက်ပြီး အဖေ ကြိုးဆွဲချရန် နောက်တစ်ကြိမ် ကြံသေးသည်ကို မြင်၍ တားလိုက်ရကြောင်းနှင့် စိတ်ချမ်းသာအောင် အလုပ်ပြန်ဝင်ပေးရန် တောင်းဆိုကြောင်း ပြောလာသည်။ 

ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေနှစ်ခုကြားတွင် သူ လမ်းပျောက်နေခဲ့သည်။ နောက်ဆုံးတွင် မိဘဆန္ဒကို လိုက်‌လျောကာ သူမလုပ်ချင်သည့် အလုပ်ကို ပြန်ဝင်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။ 

ထို့ကြောင့် အခြေအနေများကို အကောင်းဆုံးရင်ဆိုင်ရန် စိတ်ကို ပြင်ဆင်ထားပြီး လွန်ခဲ့သော လအနည်းငယ်အကြာက မတရားမှုကို ရွံရှာစိတ်ဖြင့် သူကန်ထွက်လာသော ဆေးရုံသို့ လေးလံသည့် ခြေလှမ်းများဖြင့် ပြန်ဝင်လာခဲ့သည်။ 

ဆေးရုံကိုရောက်ပြီး နောက်တစ်နေ့ ညမိုးချုပ်စတွင် သူ့အမေထံမှ ဖုန်းဝင်လာသည်။ ဖုန်းကိုင် စကားပြောနေစဉ် သူ့ခေါင်းထဲ ကျည်ဆန်တစ်တောင့် ပစ်သွင်းလိုက်သလို သတင်းဆိုးကြီးကို ဒိုင်းခနဲ ကြားရလိုက်သည်။ 

သူ့အဖေ ထပ်မံ သေကြောင်းကြံစည်ရာ မည်သူမျှ တားနိုင်သည့် အခွင့်အရေးမရတော့ဘဲ အသက်ပါသွားလေသည်။

“အဲဒီနေ့မတိုင်ခင် ညပိုင်း စခန်းက သေနတ်တွေ အများကြီးဖောက်တာ ကြားရာကနေ တစ်ညလုံး အသိစိတ်လွတ်ပြီး နောက်နေ့ညမှာ ဖြစ်သွားတာ” ဟု သူက ပြောသည်။

ထိုနေ့တစ်နေ့လုံး သူ့အဖေက သူ့အမေကို အပြင်သို့ ပထုတ်လိုသဖြင့် အိမ်လည်လွှတ်သည်။ အ‌ခြေအနေကို ရိပ်စားမိသည့် သူ့အမေက မသွားဘဲ ပေကပ်နေသည်။ 

အိပ်ရေးပျက် ရက်ဆက်နေသောကြောင့် ညနေပိုင်းတွင်မူ မှေးခနဲ အိပ်ပျော်သွားသည်။ နိုးလာသည့်အခါ အိမ်နောက်ဖေးတွင် ကြိုးတန်းလန်းနှင့် ကြိုးဆွဲချသွားသည့် သူ့အဖေ၏ အလောင်းကို တွေ့လိုက်ရသည်ဟု အမေက ပြောပြသည်။ 

ထိုညတွင်းချင်း ယမင်း အိမ်ပြန်ချင်သော်လည်း ညမထွက်ရအမိန့်ကြောင့် နောက်နေ့မှသာ ပြန်သွားဖြစ်သည်။  

သူ့အဖေ နာရေးပြီးသည့်နောက်တွင် လက်ရှိတာဝန်ထမ်းဆောင်ရာ ဆေးရုံသို့ တစ်ခါတည်း ပြောင်းရွှေ့ခဲ့သည်။ သို့မှသာ သူ့အမေနှင့်အတူ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ခွင့်ရမည်။ 

သူ မျှော်လင့်ထားခဲ့သလို အဖေနှင့် အမေကို ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံနှင့် ထားမည်ဆိုသည်က ဘယ်သောအခါမှ ဖြစ်လာတော့မည်မဟုတ်။   

“ခုတော့ အများကြီး မမျှော်လင့်တော့ပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာဖြစ်အောင်လုပ်မယ် ဆိုတာတွေထက် ပျော်ချင်တာပဲ ရှိတော့တယ်။ ခွေးသာ အာဏာမသိမ်းရင် အဖေလည်း မသေဘူး။ ယောက်ျားလည်း ထောင်ထဲမှာ ဒုက္ခမခံရဘူး၊ ညီမဘဝလည်း စုတ်ပြတ်မသွားဘူးပေါ့” ဟု သူက‌‌ ပြောသည်။ 

သူ့အဖေကတော့ ရက်စက်ကြမ်းကြုတ်သည့် လောကကြီးကို အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။ တွယ်တာစရာဟူ၍ အတူနေ မိခင်နှင့် အကျဉ်းထောင်ထဲက သူ့အမျိုးသားသာ ရှိတော့သည်။ အဖေ ချန်ခဲ့သည်က လွမ်းစရာ၊ ဆွေးစရာတွေ တစ်ပုံတစ်ပင်။

“ဆေးရုံတစ်ခုလုံး ဘယ်နားကြည့်ကြည့် အဖေ့ပုံရိပ်တွေကိုပဲ မြင်ယောင်မိနေတယ်” ဟု သူက လွမ်းလွမ်းဆွေးဆွေးဖြင့် ပြောသည်။

အာဏာမသိမ်းမီက သူတို့ချစ်သူနှစ်ဦး ရုံးတက်လက်မှတ်ထိုးပြီး တရားရုံးရှေ့တွင် Pre-wedding ဓာတ်ပုံကို ခမ်းခမ်းနားနားရိုက်မည်ဟု ရည်ရွယ်ခဲ့သေးသည်။ ယခုအခါတွင်မူ တရားရုံးများမှာ သူတို့အတွက် ရွံရှာမုန်းတီးစရာ ဖြစ်သွားသည်။ 

အာဏာသိမ်းပြီးနောက် တရားရုံးသို့ သွားရသည်က မင်္ဂလာကိစ္စမဟုတ်တော့ဘဲ ရာဇဝတ်မှုကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် သူ့ခင်ပွန်း၏ ရုံးချိန်းဖြစ်သည်။ ဆုံတွေ့ခွင့်ရရေး ယောက်ျားဘက်က သက်သေအဖြစ် တင်သွင်းပေးခဲ့သည်။ 

လက်ထိတ်၊ ခြေချင်းများခတ်၍ သံကြိုးတန်းလန်းနှင့် တုပ်နှောင်ခံထားရသည့် သူ့ခင်ပွန်းကို တရားရုံးတွင် တွေ့ရသည့်အခါ အားကိုးတကြီးဖြင့် လက်မောင်းကို ဖမ်းကိုင်ဆုပ်ထားလိုက်သည်။ ခဏအကြာမှာပင် စစ်ကောင်စီတပ်သားများက ထိုလက်ကို ဖြုတ်ခိုင်းသောအခါ မကျေမလည်ဖြင့် ဖြုတ်လိုက်ရသည်။   

“သက်သေအဖြစ်ခေါ်လို့ တရားရုံးထဲဝင်တုန်းက ကျမ်းကျိန်ရတယ်။ တွေးမိတာက ဘာအမှားလုပ်ထားလို့လဲ။ ငါကရော မလိမ်ပါဘူးဆိုပြီး ဘာလို့ကျိန်ရတာလဲ။ လက်ထိတ်နဲ့ တရားခံအဖြစ် ထိုင်နေရတဲ့ ငါ့ယောက်ျားကရော ဘာမှားခဲ့လို့လဲပေါ့။ လိမ်ပြောရင် ကျမ်းစူးပါစေဆိုတာကရော ငါစူးမှာလား။ သူတို့စူးမှာလား။ ငါစူးမဲ့စူးရင် အစကတည်းက တရားခံနေရာမှာ မရှိသင့်တဲ့ ငါ့ယောက်ျားကို တရားခံအနေနဲ့ ထားပြီး သက်သေအဖြစ် ဝင်မိတဲ့ အပြစ်တစ်ခုကြောင့်ပဲ စူးမှာဆိုပြီးပေါ့” ဟု သူက ဆိုသည်။ 

သူ့ခင်ပွန်းကို စစ်ကောင်စီက တစ်နှစ်ကျော်ကြာ ဖမ်းထားပြီးသည့်နောက် ထောင်နှစ်နှစ်ချမှတ်ခဲ့သည်။ ဒီအတွက် သူ နောင်တမရသည့်ပြင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည့်အတွက် အမြဲဂုဏ်ယူနေမှာပါဟု ဆိုသည်။ 

“သူ တစ်ခုခုဖြစ်ရင် ညီမကိုပါ ထိခိုက်မယ်၊ ရိုက်ခတ်မယ်ဆိုတာ သိတယ်။ လင်မယားဆိုတာ အတူတူပဲ ရင်ဆိုင်ရမှာပဲ မဟုတ်လား” ဟု သူက ပြောသည်။ 

သတို့သားလောင်း ပြန်လည်လွတ်မြောက်၍ Pre-wedding ဓာတ်ပုံရိုက်ခွင့်ရပါက မူလက စိတ်ကူးထားသကဲ့သို့ တရားရုံးရှေ့တွင် မဟုတ်တော့ဘဲ ပင်လယ်ကမ်းခြေတစ်ခုတွင်သာ ရိုက်ရန် သူက စိတ်ကူးထားသည်။   

(* သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။) myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s