Monthly Archives: Jun 2022

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA ကြား အ ပြန် အလှန်ဖမ်းဆီးမှုစိပ်လာ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အခြေအနေတင်းမာလာသည်နှင့်အမျှ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုစိပ်လာပြီး ယခုလအတွင်း အနည်းဆုံးလူ ၂၀ ကျော် အဖမ်းခံထားရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့တွင် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများပြုလုပ်နေပြီး စစ်သား ၃ ဦးနှင့် ရဲ ၄ ဦးကို AA က ဖမ်း ဆီးခဲ့သလို စစ်တပ်ကလည်း အရပ်သား ၁၆ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး စစ်ကြောရေး ရောက်နေသူ အနည်းဆုံးငါးဦးရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

ယနေ့ (ဇွန် ၂၁) နံနက်က ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်ဝင်းကို စစ်ကားနှစ်စီးဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ စစ်တပ်က ပိတ်ဆို့ဖမ်းဆီးသွားကြောင်း အဖမ်းခံရသူ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်က ပြောသည်။

“၁၀ နာရီလောက်က ဖမ်းသွားတာပါ။ ဘယ်ကိုဖမ်းသွားလည်း မသိဘူး။ အိမ်ထောင်စုစာရင်းနဲ့ အိမ်ပေါ်တွေကို ပတ်ပြီးတော့ ပြရတယ်။ အိမ်ပေါ်မှာ ရှာလို့ မတွေ့လို့ အိမ်နောက်ဘက်ကို တစ်ခေါက်ပြဆိုပြီး သွားတဲ့အချိန်မှာ အိမ်ရှင် (ခင်ပွန်း) ထမင်းစားနေတာကို မြင်တယ်” ဟု ၎င်းက ပြောသည်။

ထမင်းစားနေသည့် ခင်ပွန်းဖြစ်သူကို စစ်သားများက လက်ထိတ်ခတ်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း၊ သေနတ်မောင်းတင်ကာ ချိန်ရွယ်ထား သည်ဟုလည်း ဆိုသည်။​

ကျောက်တော်မြို့မရဲစခန်းနှင့် ကပ်လျက်ရှိ ဦးဇော်ဝင်းနေအိမ်မှာ စစ်ကားနှစ်စီးဖြင့် လက်နက်နှင့် လူအင်အားသုံးကာ ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သိရသည်။

“ရဲစခန်းနားတွေပါ အားလုံး ပတ်ပတ်လည်နေရာယူပြီးတော့ ဖမ်းသွားတာ။ အိမ်‌ရှေ့မှာ အင်အား ၃၀ ၊ ၄၀ လောက်ရှိမယ်။ တပ်မကို ခေါ်သွားတာ ထင်တယ်။ လွတ်အောင် ခဏလုပ်ပေးကြပါ။ ရိုက်ပုတ်ပြီး စစ်ဆေးမှာကို ကြောက်နေတာပါ” ဟု ဒေါ်ခိုင်ခိုင်က ဆိုသည်။

ပြည်တော်သာရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မောင်၏ နေအိမ်ကိုလည်း ယမန်နေ့ ညတွင် စစ်သားနှင့် ရဲများက ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထွက်ပြေးတိမ်းရှာင်နေသဖြင့် အဖမ်းမခံရကြောင်း သိရသည်။

ကျောက်တော်မြို့အနှံ့ စစ်တပ်က နေရာယူထားသည့်ပြင် တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းဖြင့် စစ်ဆေးနေသည်ဟုလည်း မြို့ခံတစ်ဦးက ဆိုသည်။

ယမန်နေ့ညနေပိုင်းတွင် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲသုံးဦးကို AA က ဖမ်းဆီးပြီးနောက် ယနေ့တွင် စစ်တပ်က လိုက်လံဖမ်းဆီးရင်း အစစ်အဆေးကြမ်းနေခြင်းဖြစ်သည်။ 

မြောက်ဦးမြို့သို့သွားရာ လမ်းပေါ်ရှိ ထိုမြို့တွင် တာဝန်သည့် ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီးစာရေးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ပြောသည်။

“ရဲသုံးယောက်ကို ဖမ်းသွားတာ ဟုတ်ပါတယ်။ ရဲစခန်းနဲ့ ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ မြို့သစ်ရပ်ကွက် ဘောလုံးကွင်းနားက ဖမ်းသွားတာ။ အရက်သောက်နေတဲ့အချိန်မှာ ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

ဇွန် ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးကို AA က ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။​

“AA က ဖမ်းသွားတာ ဟုတ်ပါတယ်။ ဗမာရဲဝန်ထမ်းပါ။ ကားဂိတ်နားက ဖမ်းသွားတာ။ အဲဒါကြောင့် မနေ့ကလည်း ရွာထဲကို ဝင်စစ်ဆေးတာတွေ လုပ်တယ်။ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရသည် ဟု AA ဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးလာကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့၌ပင် ယခုလ ၁၁ ရက်က လက်နက်ကိုင်စစ်သားနှစ်ဦးကို AA က ဖမ်းဆီးခဲ့သည်။​ ထို့နောက် ၁၆ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ မှ စစ်သားတစ်ဦးကို စျေးဝယ်လာချိန်တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီဘက်ကလည်း AA နှင့် ဆက်စပ်သည် သံသယဖြင့် ဒေသခံများကို စတင်ဖမ်းဆီးခဲ့သည်။

ခမရ ၅၅၀ မှ စစ်သားအဖမ်းခံရသည့် နေ့၌ပင် ပေါက်တောပြင်ကျေးရွာမှ ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် လာသည့် လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများမှာ အသက် ၁၈ နှစ်အရွယ် မောင်နိုင်မျိုးထွန်း နှင့် ၁၇ နှစ်အရွယ် မောင်မင်းအောင်ခိုင်ဆိုသူတို့ဖြစ်သည်။ 

“ကျွန်တော့်သားပါ။ ကျန်တစ်ယောက်က ယောက်ဖတော်ပါတယ်။ ဆိုင်ကယ်မှောက်လို့ ၁၆ ရက်နေ့က ဆေးရုံကြီးကနေ ဆေးထည့်ပြီး အပြန်လမ်းမှာ အဖမ်းခံရတာပါ။ ဘာကြောင့်ဖမ်းလည်းတော့ မသိဘူး။ အခု သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာလည်း မသိရဘူး” ဟု မောင်နိုင်မျိုးထွန်း၏ ဖခင် ဦးစိုးနိုင်ဝင်းက ပြောသည်။

ထိုရက်ပိုင်းက ပုဏ္ဏားကျွန်းတွင် အနည်းဆုံး ၁၆ ဦးခန့် အဖမ်းခံရကြောင်း ဦးစိုးနိုင်ဝင်းထံမှ သိရသည်။

“အဖမ်းခံရတာက ခန့်မှန်းခြေ အားလုံး ၁၆ ယောက်လောက်ရှိတယ်။ အားလုံး တစ်ရက်တည်းမှာ အဖမ်းခံရတာ မဟုတ်ပါဘူး။ နှစ်ရက် ဖမ်းတာပါ”

ရသေ့တောင် – ပုဏ္ဏားကျွန်း ကားလမ်းမပေါ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ် သုံးခုချထားပြီး ပေါက်တောပြင်ရွာအနီးတွင်လည်း ပိန္နဲတောစစ်ဆေးရေးဂိတ်ရှိသည်ဟု သိရသည်။

၎င်းတို့တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို လက်တုံ့ပြန် ဖမ်းဆီးခြင်းဖြစ်ကြောင်း ယခုလ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲတွင် AA တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။

လတ်တလော အပြန်အလှန်ဖမ်းဆီးမှုများအပေါ် ဒေသခံများ စိုးရိမ်နေကြသည်။ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ AA နှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။​

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ဆရာမတစ်ဦး ပျောက်ဆုံးနေပြီး လိုက် လံရှာဖွေနေသူများနှင့် ဒေသခံ မွတ်စလင်များအကြား အခြေအနေတင်းမာလျက်ရှိသည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို အာဆာ (ARSA) အဖွဲ့က ပြန်ပေးဆွဲသည်ဆိုသော AA တာဝန်ရှိသူ၏ ပြောဆိုချက်အပေါ် အာဆာအဖွဲ့က ငြင်းဆန်ထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ ယခုကဲ့သို့ အပြန်အ လှန်ဖမ်းဆီးမှုများ ရှိခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည့်ပြင် AA သံသ ယဖြင့် ဖမ်းဆီးထောင်ချထားသူများကို ပြန်လွှတ်ပေးခြင်းများ ရှိခဲ့သည်။​ myanmar now

သာစည်မြို့နယ်၌ ပြည်သူနေအိမ်၂ လုံး မီးရှို့ခံရပြီး PDF ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ဇွန် ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကား ငါးစီးနဲ့ ကျေးရွာအတွင်း ဝင်လာပြီး ပြည်သူ့နေအိမ် နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး PDF ရဲဘော် သုံးယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒလန် သတင်းပေးလို့ပေါ့။ သူတို့ရွာထဲမှာရှိနေတဲ့အချိန် ဝင်စီးခံလိုက်ရတာ သုံးယောက်ကတော့ ဖမ်း မိသွားပြီး သတ်ခံလိုက်ရတယ်လို့ကြားတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေက ပိတ်မိနေပေမဲ့ အချိန်မီကယ်ထုတ်ခဲ့နိုင်ပြီး အခုအချိန် လွတ်မြောက်နယ် မြေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေဆီမှာ ရောက်ရှိနေပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် သုံးယောက်ကို ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားတွေက ပဲရင်းတောင်ကျေးရွာ သင်္ချိုင်းမှာ မြှပ်နှံခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ရဲဘော်သုံးယောက်က တယောက်ဖြစ်တဲ့ ရဲဘော် ကိုလှစိုးက ” အန္တရာယ်တွေကြားထဲမှာ ပြည်သူတွေကို မထားခဲ့ချင်ဘူး။ ကျနော်တို့မှ ပြည်သူကိုမကာကွယ်ပဲ ရွာကိုစွန့်ခွာသွားရင် ပြည်သူတွေ ပိုအနိုင်ကျင့်ခံရလိမ့်မယ်။ ဒါ့ကြောင့် ပြည်သူတွေကိုရတဲ့နည်းနဲ့ ကာကွယ်ပေးပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမယ်”လို့ မကျဆုံး နှစ်ရက်လောက်က  ပြောခဲ့ပါသေးတယ်။ 

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် တလုံးကတော့ ငှက်ပျောတောကျေးရွာရှိ NLD ပါတီဝင် ဦးထိန်လင်း အိမ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ရွာငံမြို့နယ် လွှစင်ရွာရှိ ကိုဖိုးအေး နေအိမ်ကိုလည်း PDF တွေ နဲ့ ဆက်စပ်မှုရှိတယ် အထင်နဲ့ ဇွန် ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး ကိုဖိုးအေး တို့မိသားစုကတော့ ကြိုတင်တိမ်းရှောင် နိုင်ခဲ့လို့  ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဇွန် ၁၈ ရက် မနက် ၅ နာရီခွဲလောက်က သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှ ဦးအောင်ခိုင်ရဲ့ အိမ်ကို ပျူစောထီးခေါင်းဆောင်ရဲ့ လမ်း ပြမှုနဲ့ စစ်ကောင်စီ ကား ၇ စီးနဲ့ ဝင်ရောက်လာပြီး နေအိမ်အတွင်းမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ ၊ ဆန်စပါးတွေကို ယူ ဆောင်ကာ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ DVB

ရခိုင်ပြည်သူများအနေဖြင့် ယခင် လူမျိုးရေးပဋိပက္ခဖြစ်ရပ်များကို သင်ခန်းစာယူပြီး ဆင် ခြင်ရန် AA တိုက်တွန်း

ရခိုင်ပြည်သူများအနေဖြင့် ယခင်လူမျိုးရေးပဋိပက္ခဖြစ်ရပ်များကို သင်ခန်းစာယူပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သတင်းများကို အသိညဏ်ဖြင့် ဆင်ခြင်ဖတ်ရှုပြီး အနေအထိုင်ဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် (AA)က ယနေ့ ဇွန်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ လက်ရှိအချိန်ကာလမှာ အာရက္ခပြည်သူပြည်သားများအနေနှင့် ရန်သူ၏ ထောင်ချောက်ထဲသို့ မကျရောက်စေရန်၊ ရန်သူဖြစ်လိုသော အ ကွက် ထဲသို့ မသက်ဆင်းသွားရန် အထူးသတိထားရန် လိုအပ်ပါသည်။ ယင်းကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှ သတင်းများကို အသိညဏ်ဖြင့် ဆင်ခြင်ဖတ်ရှုကြရန်၊ ပဋိပက္ခကို ဦးတည်စေသော အရေးအသား လှုံ့ဆော်မှုကဲ့သို့ ရေးသားခြင်း၊ ဖြန့်ဝေခြင်းများကို လုံးဝ မပြုလုပ်ကြရန်၊ အတိတ်မှ ဖြစ်ပျက်နေသာ လူမျိုးရေးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် တိုက်တွန်းလိုက်ပါသည်”ဟု ယင်းထုတ်ပြန်တွင် ရခိုင်ဘာသာဖြင့် ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်ပွားနိုင်သည့် ဖြစ်စဉ်များကို ဆက်တိုက်တွေ့လာနေရပြီး ဇွန်လ ၁၆ရက်နေ့က ပျောက် ဆုံးသွားသည့် မောင်တောမှ ပညာရေးဝန်ထမ်း နှစ်ဦးဖြစ်သည့် ကျောင်းအုပ် ဆရာကြီး ဦးဘိုးဝင်နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့အား ပြန်ပေးဆွဲခြင်းဖြစ်စဉ်လည်း ပါဝင်နေကြောင်း AA ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းအပြင် ပေါက်တော်မြို့နယ် ကြိမ်ခမော်ကျေးရွာမှ မူဆလင်လူငယ်တစ်ဦးအား ရိုက်နှက်ကာ လက်ပြန်ကြိုးတုတ်လျက် နောက်ကျောကို ကျောက်တုံးဖိပြီး ထားခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်ကြောင်း ဆိုသည်။

အလားတူ လွန်ခဲ့သည့် ကာလများ၌လည်း မြောက်ဦး၊ကျောက်တော်စသည့် မြို့နယ်များ၌ စပါးရိတ်စက်များ၊ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခ ပေါ်ပေါက်စေသည့် ကိစ္စရပ်များလည်းရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအချက်များမှာ ရန်သူ၏ လက်ကိုင်တုတ်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ အမျိုးသားသစ္စာဖောက်တချို့နှင့် ယင်းအဖွဲ့၏ ရခိုင်စကားပြောတတ်သည့် လူများကို အသုံးချ ခိုင်းစေခြင်းအား တွေ့ရသည်ဟုလည်း AAက ဆိုသည်။

“ အဲဒီဖြစ်စဉ်တွေက လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေကို ဦးတည်လာစေတဲ့အတွက် အာရက္ခပြည်သူ ပြည်သားများအနေဖြင့် သတိပြုဆင်ခြင်ရန် နောက်ထပ် အလားတူဖြစ်စဉ်မျိုး မပေါ်ပေါက်ရေးအတွက် အလေးပြုဝိုင်းဝန်းကာကွယ်စောင့်ထိန်းကြရန် အထူးလိုအပ်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်။

၂၀၂၀ခုနှစ် ကုန်အထိ ရက္ခိုင့်ဒေသအတွင်း၌ တိုက်ပွဲများ တောက်လျှောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားဘဲ ယာယီရပ်တန့်ခဲ့သော်လည်း မြန်မာစစ်တပ်၏ စစ်ရေးပြင်ဆင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်းအား၊ လက်နက်အင်းအား၊ ဖြန့်ကြက်တိုးချဲ့နေရာချထားခြင်း၊ ဒေသအတွင်း၌ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခြင်းများရှိသည်ဟု ဆိုသည်။

ဆက်လက်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ULA/ AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ပြည်သူ့ရေးရာကဏ္ဍများတွင် အနှောက်အယှက်ပေးခြင်း၊ လူမှုသဟဇာတဖြစ်နေသည့် ရခိုင်နှင့်ရခိုင်မဟုတ်သော လူမျိုးနှင့် မျိုးနွယ်စုများအကြား ၎င်းတို့ ကျင့်သုံးနေသည့် လက်နက်ဟောင်းတစ်ခုဖြစ်သည့် သပ်လျှိုဖြိုခွဲသောနည်းလမ်း၊အချိုသက် မက်လုံးပေးသော နည်းလမ်းများကို အသုံးပြုပြီး လူမျိုးရေးပဋိပက္ခကို ဖန်တီးရန် ကြိုးစားလျက် ရှိနေကြောင်း လက်ရှိအဖြစ်အပျက်များက မီးမောင်းထိုးပြလျက်ရှိကြောင်း AA ကပြောဆိုထားသည်။

ရခိုင်ပြည်သူ၊ ပြည်သားများသည် ရခိုင်ပြည်သူ့အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ရက္ခိတလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး ရက္ခိုင့်ကံကြမ္မာကို ရခိုင်ပြည်သူပြည်သားလက်နှင့် ဖန်းတီးခွင့်ရရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြထား သည်။ mizzima

ပခုက္ကူတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ မြိုင်-PDF တပ်ရင်း(၁)ကနေ သိရပါတယ်။

ပခုက္ကူကွန်ပျူတာတက္ကသိုလ်ရဲ့ အနောက်ဘက် ဘုန်းကန်ရွာနဲ့ ကောင်းဆက်ဝိုင် စက်သုံးဆီဆိုင်နားက စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို မနေ့ညနေ ၄ နာရီခွဲလောက်မှာ တိုက်မိုင်း၊ ထိမိုင်း ၃ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ မြိုင်-PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီဂိတ်မှာက အင်အား ၂၀ ကျော်လောက်ရှိတယ်ဗျ။ ခရီးသွားပြည်သူတွေကို နေ့စဥ် ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးကာ ဥပဒေမဲ့ မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေလို့ မိုင်ခွဲတိုက်ခိုက်ခဲ့တာ။”

မြိုင်မြို့နယ်မှာလည်း ဇွန် ၁၈ ရက် မနက်က  ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကိုင်းတောမရဲကင်းစခန်းကရဲတွေကို မြိုင်-PDF တပ်ရင်း(၁)နဲ့ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရဲ ၅ ယောက်သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိတဲ့အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းကို ၆၀ မမ၊ ၁၂၀ မမ တို့ဖြင့် CDF နှင့် SRA မဟာမိတ်အဖွဲ့က တိုက်ခိုက်၊ စစ်တပ်က ဝမ်ပေါင်အနီးရှိ မိုး ကြိုးပြင်မြောက်ကျေးရွာကို မီးတင်ရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းကို PDF ပူးပေါင်းတပ်များဖြစ်ကြသည့် CDF နှင့် SRA မဟာမိတ်တပ်များက ၆၀ မမ ၊ ၁၂၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ SRA က သတင်းထုတ်ပြန်သည်။

ယနေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင် စက်ရုံကို CDF နှင့် SRA မဟာမိတ် အဖွဲ့ ပူးပေါင်း၍ ၆၀ မမ ၊ ၁၂၀ မမ များအပြင် လက်နက်ကြီး လက်နက်ငယ်များနှင့်ပါ ပူးတွဲ ပစ်ခတ်ခဲ့ကြကြောင်း၊ နှစ်ဖက် အပြင်း အထန်တိုက်ပွဲဖြစ်ခဲ့သော်လည်း တစ်စုံတစ်ရာထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်မြောက်ကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် ယနေ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးကြောင်း၊ ဖမ်းဆီးခံရသူများရှိပြီး ပြည်သူအများစုမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ khit thit

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) က M -79 လက်လုပ်လောင်ချာနှင့် ၄ဝ မမ ဗုံးဆန်များ ထုတ်လုပ်အောင်မြင်

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) သည် M-79 လက်လုပ် လောင်ချာ နှင့် 40 မမ ဗုံးဆန်တို့ကို ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း DRPA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးထံကသိရသည်။

” M-79လောင်ချာ နဲ့ 40 မမ ဗုံးဆန် တစ်လုံးရဲ့ ကုန်ကျစရိတ်က ၁၀၀,၀၀၀ ဝန်းကျင်လောက်တော့ ရှိပါတယ်ဗျ။ 40 မမ ကို ထုတ်လုပ်နိုင်တာတော့ ကြာပါပြီ။ ယခုအကြိမ် ထုတ်လုပ်နိုင်တယ် ဆိုတာက ကိုယ့်အတွက်လည်း အန္တရယ် မရှိဘူး ၊ ရန်သူဘက်ကို ကျတာနဲ့ ကွဲဖို့ကလည်း ၁ဝ၀ ရာခိုင်နှုန်း သေချာတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ 40 မမ ကို တစ်လ ၂၅ ဖူး အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရောက်နိုင်တဲ့ အကွာအဝေးကတော့ တစ်မိုင်နီးပါးလောက်ထိ ဆွဲနိုင်ခြေ ရှိတယ်ဟု” DRPA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) သည် တစ်လလျှင် ရှော့တိုက်ဒုံးအလုံး ၂၀ ၊ ၆၀ မမ အလုံး ၃၀ ၊ မိုင်း ၂၀ နှင့် သေနတ် သုံး လက်အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း DRPA ၏ သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။ mizzima

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို  ဇွန်လ ၂၁ ရက် ဒီနေ့ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးထုတ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုတွေထဲက ရာကြီးအမှုအမှတ် ၃၊ ၄၊ ၅ တို့အတွက် ပြန်ခေါ်သက် သေတွေကို အပြန်အလှန် စစ်ဆေးခဲ့ပြီး ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာအမှုအတွက်လည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  အပြစ်မရှိကြောင်း သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီ၀င်းအတွင်းရှိ အဆောက်အအုံတစ်ခုမှာ အထူးတရား ရုံးပြုလုပ်ပြီး ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး ဇွန် ၂၃ ရက်နေ့ ရုံးထုတ်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အသစ်ဆောက်လုပ်ပြီးတဲ့ အထူးတရားရုံးမှာ ပြောင်းလဲ ရုံးထုတ်စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို ချေဖျက်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မတ်လ ၁၅ ရက်နေ့က လျောက်ထားခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုတွေမှာ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်၀န် ဦးရဲမင်းဦး၊ နေပြည်တော်စည် ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့ကိုလည်း အမှုတွဲအဖြစ် စွဲဆိုထားပါတယ်

ရန်ကုန်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်တဲ့ အဂတိအမှုနံပါတ် ၂၅ အတွက် လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်ကောင်စီတရားရုံးက ဒီနေ့မှာ စစ်ဆေးခဲ့ပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှု ၂ ခုအတွက် တရားလိုပြသက်သေအဖြစ် ဧရာဝတီဘဏ်က မန်နေဂျာတဦးအပါအဝင် ၂ ဦးကို တရားရုံးက ဆက်လက်စစ်ဆေးခဲ့ပါတယ်။

“အမှုနံပါတ် ၂၅ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေကိစ္စ အဲ့ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုစစ်တယ်၊ စွပ်စွဲခံရသူကိုစစ်တာ၊ ဒီနေ့စစ်ပြီးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုတွေအတွက် လိုပြသက်သေ ၂ ယောက် ထပ်စစ်တယ်။ တယောက်က ကိုလှမျိုး၊ သူက ပိုက်ဆံလှူတဲ့နေရာမှာရှိနေလို့။ နောက်တယောက်က ဧရာဝတီဘဏ် မန်နေဂျာတယောက် ကိုအေးမင်းအောင် သူက ပိုက်ဆံထုတ်ပေးတဲ့နေရာမှာ ပတ်သက်လို့။”

အဂတိအမှုပုဒ်မ  ၃/၂၀၂၂ နဲ့ ၄/၂၀၂၂  တို့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ 

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ရုံးချိန်းတုန်းက ၃/၂၀၂၂ အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကို စစ် ဆေးခဲ့ပြီး သူဟာ ဦးမောင်ဝိတ် အလှူငွေပေးအပ်ချိန်မှာရှိနေခဲ့တဲ့အတွက် လိုပြသက်သေအဖြစ် တင်သွင်းခံခဲ့ရတာပါ။ 

ဇွန်လ ၁၄ ရက်နေ့ရုံးချိန်းမှာတော့ စီးပွားရေးလုပ်ငန်းရှင် ဦးရှောက်စန်းနဲ့ ဦးမောင်ဝိတ်ရဲ့ ကားဒရိုင်ဘာတို့ကို တရားလိုပြသက်သေအဖြစ် ဆက် လက်စစ်ဆေးခဲ့ပါတယ်။

အတိုင်ပင်ခံကို စွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိ ၂ မှုမှာ အဓိကတရားလိုပြသက်သေ ဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့ကထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ အတိုင်ပင်ခံကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုအ ဖြစ် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၁၉ မှုအထိ ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။ လက်ကျန် ၁၃ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင် ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၂ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ DVB

ကျောက်တော်တွင် စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၃၀ ကျော်ကိုဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်ကောင်စီတပ် မြို့အတွင်းသို့ ဝင်ရောက်စစ်ဆေးပြီး ဒေသခံအရပ်သား အမျိုးသမီး၊ အမျိုးသား ဦးရေ ၃၀ ကျော်ကိုဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်အခြေစိုက် စခက (၉) လက်အောက်ခံ တပ်သား ၁၂၀ ခန့် နှင့် ရဲတပ်သားများပူးပေါင်းပြီး ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီကျော်မှစတင်ကာ အချုပ်ကားဖြင့် ဖမ်းဆီးနေသည်ဟု ကျောက်တော်မြို့ခံ တစ်ဦးကပြောသည်။

“ ကျောက်တော်မှာ အခြေအနေက လူ ၃၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ နောက်ပြီး အခုရဲကားပါ၊ အချုပ်ကားပါ လိုက်ရှာပြီးတော့ မသင့်ခါတဲ့ လူတွေကို တစ်ခါတည်း ခေါ်သွားတယ်။ အခုချိန်ထိ လူဘယ်နှစ်ယောက် ဖမ်းသွားတယ်ဆိုတာကို ပြောဖို့ခက်တယ်။ အခုတော့ သူတို့ပတ်နေတယ်”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများလည်းပါဝင်နေပြီး ကျောက်တော်မြို့ခံများအနေဖြင့် အပြင်သို့ လမ်းသွားလမ်းလာ မလုပ်ဘဲနေကြသည်ဟုဆိုသည်။

“ အိမ်ထဲကိုဝင်ပြီး အိမ်ထောင်စုတွေ၊ လူတွေကို စစ်ဆေးနေတယ်လို့သိရတယ်။ ဘယ်သူမှတော့ အပြင်မထွက်ကြဘူး။ ကျွန်တော်လည်း အိမ်မှာပဲ နေတာပါ။ တစ်ယောက်မှ အပြင်မထွက်ကြဘူးလေ။ ဖမ်းသွားတဲ့လူတွေကိုလည်း အတိအကျဘယ်နှစ်ယောက်ပါသွားလဲဆိုတာကို မသိဘူး” ဟု ကျောက်တော်မြို့ခံက ဆက်လက်ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ယမန်နေ့က ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်သား သုံးဦးကို AA ကဖမ်းဆီးသွားပြီးနောက် ကျောက်တော်တွင် ယခုကဲ့သို့ စစ်ဆေးမူများကိုလုပ်ဆောင်လာခြင်းဖြစ်သည်။

“ ဘယ်လို့အကြောင်းပြချက်ကြောင်းပဲ သူတို့တပ်ဖွဲ့ဝင်တွေ အဖမ်းခံရ ခံရ၊ တကယ်ဆို သူတို့ ပြည်သူလူထုကို ဥပါဒ်မပေးသင့်ဘူးလို့ထင်တယ်။ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ပြဿနာမှာ ပြည်သူလူထုကို ဖမ်းတယ်၊ သတ်တယ်။ စစ်ဆေးတယ်ဆိုတာက ဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ နောက်ပြီးကောင်းမွန်တဲ့ အစိုးရတစ်ရပ်အလုပ်မဟုတ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ရှုတ်ချပါတယ်”ဟု ကျောက်တော်မြို့ခံ တက်ကြွလူပ်ရှားသူတစ်ဦးကလည်း ဆိုသည်။

ကျောက်တော်တွင် ဇွန်လအတွင်း စစ်ကောင်စီလက်အောက်ခံတပ်နှင့် ရဲတပ်သား ငါးဦးအထိကို ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးထားခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်တော်၌ စစ်ကောင်စီလက်အောက်ခံတပ်သားများက မြို့ပတ်သွားလာ စစ်ဆေးနေသည့်အတွက် အခြေခံပညာစာသင် ကျောင်းများနှင့် စျေးဆိုင်များကို ပိတ်ထားရပြီး ဒေသခံများမှာလည်း စိုးရိမ်နေကြရကြောင်း သိရသည်။ mizzima

ရန်ကုန်တိုင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချ

ရန်ကုန်တိုင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးကို နေပြည်တော်စစ်ကောင်စီတရားရုံးက ဇွန်လ ၂၀ ရက်နေ့ရုံးချိန်းမှာ အဂတိအမှု ၅ မှုအတွက် တစ်မှုကို ၃ နှစ်နှုန်းနဲ့ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

ဦးရဲမင်းဦးဟာ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန်တာဝန်နဲ့ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌရာထူးတွေကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

နေပြည်တော်စည်ပင်ဘဏ်ကနေ ချေးငွေထုတ်ပေးတဲ့ကိစ္စတွေနဲ့ တင်ဒါကိစ္စတွေမှာ မလျော်ဩဇာသုံးခဲ့တယ်လို့ ဦးရဲမင်းဦးကို စစ်ကောင်စီက စွပ်စွဲပြီး အဂတိအမှု  ၅ မှုနဲ့ ၂၀၂၁ ဩဂုတ် ၅ ရက်နေ့မှာ တရားစွဲခဲ့တာပါ။

တရားရုံးနဲ့နီးစပ်သူတစ်ယောက်က “ကိုရဲမင်းဦးကို မနေ့က အဂတိအမှု ၅ မှုအတွက် တစ်မှုကို ၃ နှစ်နဲ့ ၁၅ နှစ်ချလိုက်တယ်။ နေပြည်တော်မှာစစ်နေတာပဲ။ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအနေနဲ့ ဘဏ်ကနေ ငွေချေးတဲ့ကိစ္စတွေပဲ။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်မှုကိုသုံးနှစ်နဲ့ ၁၅နှစ်ချလိုက်တယ်။” လို့ ပြောပါတယ်။

ဦးရဲမင်းဦးကို ၂၀၂၀ မတ်လ ၃ ရက်နေ့မှာ စီမံဘဏ္ဍာဝန်ကြီးအဖြစ် ရန်ကုန်တိုင်းလွှတ်တော်ကသဘောတူ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သူ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနေရာမှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး အစောဆုံးဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ဦးရဲမင်းဦးလည်းပါဝင်ခဲ့ပြီး အကြမ်းဖက်နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ ပါတယ်။ DVB

« Older Entries