ကျောက်တော်တွင် စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၃၀ ကျော်ကိုဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်ကောင်စီတပ် မြို့အတွင်းသို့ ဝင်ရောက်စစ်ဆေးပြီး ဒေသခံအရပ်သား အမျိုးသမီး၊ အမျိုးသား ဦးရေ ၃၀ ကျော်ကိုဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်အခြေစိုက် စခက (၉) လက်အောက်ခံ တပ်သား ၁၂၀ ခန့် နှင့် ရဲတပ်သားများပူးပေါင်းပြီး ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီကျော်မှစတင်ကာ အချုပ်ကားဖြင့် ဖမ်းဆီးနေသည်ဟု ကျောက်တော်မြို့ခံ တစ်ဦးကပြောသည်။
“ ကျောက်တော်မှာ အခြေအနေက လူ ၃၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ နောက်ပြီး အခုရဲကားပါ၊ အချုပ်ကားပါ လိုက်ရှာပြီးတော့ မသင့်ခါတဲ့ လူတွေကို တစ်ခါတည်း ခေါ်သွားတယ်။ အခုချိန်ထိ လူဘယ်နှစ်ယောက် ဖမ်းသွားတယ်ဆိုတာကို ပြောဖို့ခက်တယ်။ အခုတော့ သူတို့ပတ်နေတယ်”ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများလည်းပါဝင်နေပြီး ကျောက်တော်မြို့ခံများအနေဖြင့် အပြင်သို့ လမ်းသွားလမ်းလာ မလုပ်ဘဲနေကြသည်ဟုဆိုသည်။
“ အိမ်ထဲကိုဝင်ပြီး အိမ်ထောင်စုတွေ၊ လူတွေကို စစ်ဆေးနေတယ်လို့သိရတယ်။ ဘယ်သူမှတော့ အပြင်မထွက်ကြဘူး။ ကျွန်တော်လည်း အိမ်မှာပဲ နေတာပါ။ တစ်ယောက်မှ အပြင်မထွက်ကြဘူးလေ။ ဖမ်းသွားတဲ့လူတွေကိုလည်း အတိအကျဘယ်နှစ်ယောက်ပါသွားလဲဆိုတာကို မသိဘူး” ဟု ကျောက်တော်မြို့ခံက ဆက်လက်ပြောသည်။
ဇွန်လ ၂၀ ရက်နေ့ ယမန်နေ့က ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်သား သုံးဦးကို AA ကဖမ်းဆီးသွားပြီးနောက် ကျောက်တော်တွင် ယခုကဲ့သို့ စစ်ဆေးမူများကိုလုပ်ဆောင်လာခြင်းဖြစ်သည်။
“ ဘယ်လို့အကြောင်းပြချက်ကြောင်းပဲ သူတို့တပ်ဖွဲ့ဝင်တွေ အဖမ်းခံရ ခံရ၊ တကယ်ဆို သူတို့ ပြည်သူလူထုကို ဥပါဒ်မပေးသင့်ဘူးလို့ထင်တယ်။ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ပြဿနာမှာ ပြည်သူလူထုကို ဖမ်းတယ်၊ သတ်တယ်။ စစ်ဆေးတယ်ဆိုတာက ဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ နောက်ပြီးကောင်းမွန်တဲ့ အစိုးရတစ်ရပ်အလုပ်မဟုတ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ရှုတ်ချပါတယ်”ဟု ကျောက်တော်မြို့ခံ တက်ကြွလူပ်ရှားသူတစ်ဦးကလည်း ဆိုသည်။
ကျောက်တော်တွင် ဇွန်လအတွင်း စစ်ကောင်စီလက်အောက်ခံတပ်နှင့် ရဲတပ်သား ငါးဦးအထိကို ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးထားခြင်းဖြစ်သည်။
လက်ရှိတွင် ကျောက်တော်၌ စစ်ကောင်စီလက်အောက်ခံတပ်သားများက မြို့ပတ်သွားလာ စစ်ဆေးနေသည့်အတွက် အခြေခံပညာစာသင် ကျောင်းများနှင့် စျေးဆိုင်များကို ပိတ်ထားရပြီး ဒေသခံများမှာလည်း စိုးရိမ်နေကြရကြောင်း သိရသည်။ mizzima