စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွတ်ခိုင်စစ်ဘေးရှောင် စခန်းရှိ စစ်ရှောင် ၂ ဦးသေဆုံး


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွပ်အောင် စစ်ရှောင်စခန်းရှိ နေအိမ်တစ်ခုပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးသူများအပြင် တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း အဆိုပါ စစ်ဘေးရှောင်စခန်းက သိရသည်။
“ဒီနေ့က တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ စစ်ရှောင်စခန်းထဲ ပစ်တာ။ စခန်းထဲက နေအိမ် တစ်လုံးရဲ့ အိမ်ရှေ့မှာကျတာ။ သုံးယောက်ထိတာ နှစ်ယောက်က သေတယ်။ ကျန်တစ်ယောက်ကလည်း ဒဏ်ရာ အပြင်းအထန်ရတယ်။ နောက်ထပ် လက်နက်ကြီး ကျည်နှစ်လုံးလည်း စစ်ရှောင်စခန်းထဲကျတယ်” ဇွပ်အောင် စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ ဒေါ်နောန်လိုင် (၅၆) နှစ်နှင့် ဒေါင်နော (၂၈) နှစ် ဖြစ်ပြီး သားအမိများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါင်နောသည် စစ်ရှောင်စခန်းရှိ ကလေးငယ်များကို စာသင်ပေးနေသည့် ပရဟိတဆရာမ တစ်ဦးဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှင့်အတူ လက်နက်ကြီး ထိမှန်ဒဏ်ရာရသူမှာ အသက် ၈၂နှစ်အရွယ် ဦးလအောင် ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်က အဆိုပါဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်တပ်မတော် KIA နှင့် PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် ကာလိုင်ကျေးရွာထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်နေထိုင်လျက်ရှိပြီး အဆိုပါဒေသသည် ကချင်တပ်မတော် (KIA) ၊ တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ လှုပ်ရှားလျက်ရှိသည့် ဒေသတစ်ခုလည်းဖြစ်သည်။ mizzima