ပခုက္ကူတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ မြိုင်-PDF တပ်ရင်း(၁)ကနေ သိရပါတယ်။
ပခုက္ကူကွန်ပျူတာတက္ကသိုလ်ရဲ့ အနောက်ဘက် ဘုန်းကန်ရွာနဲ့ ကောင်းဆက်ဝိုင် စက်သုံးဆီဆိုင်နားက စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို မနေ့ညနေ ၄ နာရီခွဲလောက်မှာ တိုက်မိုင်း၊ ထိမိုင်း ၃ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ မြိုင်-PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
“အဲဒီဂိတ်မှာက အင်အား ၂၀ ကျော်လောက်ရှိတယ်ဗျ။ ခရီးသွားပြည်သူတွေကို နေ့စဥ် ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးကာ ဥပဒေမဲ့ မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေလို့ မိုင်ခွဲတိုက်ခိုက်ခဲ့တာ။”
မြိုင်မြို့နယ်မှာလည်း ဇွန် ၁၈ ရက် မနက်က ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကိုင်းတောမရဲကင်းစခန်းကရဲတွေကို မြိုင်-PDF တပ်ရင်း(၁)နဲ့ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရဲ ၅ ယောက်သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိတဲ့အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB