ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း ပြန်ပိတ်ထားသဖြင့် ကားသမားနှင့်ဒေသခံများ အခက်တွေ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း – ရသေ့တောင်ကားလမ်း ပြန်ပိတ်လိုက်တာကြောင့် ကားသမားတွေနဲ့ဒေသခံတွေ အခက်တွေ့နေကြပါတယ်။
ရသေ့တောင်မြို့ ကားသမားတဦးက “ဒီလမ်းက တိုက်ပွဲကာလမှာ အမြဲပိတ်ထားခဲ့တာ၊ ပြန်ဖွင့်ပေးတာမကြာသေးဘူး။ အခုပြန်ပိတ်တယ်ဆိုတော ကျနော်တို့ ကားတွေရပ်ထားရပြီး ထမင်းငတ်ဖို့သာရှိတော့တယ်” လို့ ပြောပါတယ်။
စစ်တပ်ကောင်စီ တပ်ဖွဲ့ဝင်တဦးအား ဇွန် ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက် ပုဏ္ဏားကျွန်း – ရသေ့တောင်ကားလမ်းကို စစ်ကောင်စီစစ်တပ်က ယာယီ ပိတ်ထားလိုက်တာလည်း ဖြစ်ပါတယ်။
ကားလမ်းတလျှောက် ကျေးရွာပေါင်း ၆၀ လောက်ရှိပြီး ကားလမ်းကို ရေရှည် ပိတ်ထားမယ်ဆိုပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စတွေ ထိခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံတဦးက “လမ်းက ဒီလမ်းတလမ်းတည်းရှိတာ။ အရေးပေါ်ကျန်းမာရေကိစ္စတွေကြောင့် စစ်တွေကို သွားရမယ်ဆိုရင် အခက်အခဲအလွန်တွေ့ရမှာပါ” လို့ ပြောပါတယ်။
အဆိုပါလမ်းမှာ ၂၂ မိုင် ၆ ဖာလုံ ရှည်လျားပြီး လက်ဝဲစာတိုက်နဲ့ ပိန္နဲတောကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ပိတ်ထားတာလို့ ဆိုပါတယ်။
ရသေ့တောင်- ပုဏ္ဍားကျွန်းလမ်းဟာ ၂၂ မိုင် ၆ ဖာလုံသာရှိပြီး စီမံကိန်းအတွက် ဘတ်ဂျက် အလုံအလောက် မရမှုကြောင့် ကျောက်ခင်းလမ်းအဆင့်ကို ၇ နှစ်ခန့် ကြာအောင် ဖောက်လုပ်ခဲ့ရတဲ့ လမ်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB