မန္တလေးတွင် အိမ်အလည်ပြန်လာသူ တပ်ကြီးကြီးတစ်ဦး ပစ်သတ်ခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့ (ဇွန် ၂၁) နံနက်အစောပိုင်းက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံ ရသဖြင့် စစ်ကောင်စီတပ်မှ တပ် ကြပ်ကြီးတစ်ဦး သေဆုံးသည်ဟု သိရသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်၊ အောင်ချမ်းသာရပ်ကွက်ရှိ ဓမ္မာရုံအနီးတွင် နံနက် ၇ နာရီ ကျော်၌ လူတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ရပ်ကွက်နေ အမျိးသား တစ်ဦးက ပြောသည်။
“သူက စစ်သား။ ရန်ကုန်မှာ တာဝန်ကျတယ်လို့သိရတယ်။ လမ်းကြောင်းရှိလို့ မန္တလေးလာရင်း သူ့အမေ အိမ်ကို အလည်ဝင်ရင်းဖြစ်သွားတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ယင်းအမျိုးသားက ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၄၀ အရွယ် တပ်ကြပ်ကြီးမျိုးထွေးဟု သိရပြီး ၎င်း၏ရင်ဘတ်၊ ဦးခေါင်း၊ လက်တို့တွင် ကျည်သင့်ဒဏ် ရာ (၅) ချက် ရှိနေကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။
“သူက သူ့အမေအိမ်ကနေ မုန့်ပျားသလက် ထွက်ဝယ်တာ။ သွေးအိုင်ဘေးမှာ မုန့်ထုတ်လေးပါတွေ့ရတယ်။ ပွဲချင်းပြီးပါပဲ”
လူနာတင်ကားတစ်စီးက ရုပ်အလောင်း သယ်ဆောင်သွားပြီးနောက် ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက အနီးဝန်းကျင်ကို စစ်ဆေးရှာဖွေသည်ဟု ဒေသခံတို့က ဆိုသည်။
မန္တလေးမြို့ခံ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Generation Z Power (GZP) က အဆိုပါပစ်ခတ်မှုသည် ၎င်းတို့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ သေဆုံးသူသည် ရန်ကုန်မှပြန်လာသောတပ်ကြပ်ကြီး မျိုးထွေး ဆိုသူဖြစ်ကြောင်း ယနေ့နံနက်တွင် သတင်းထုတ်ပြန်သည်။
ယင်းဖြစ်စဉ်မတိုင်မီ နံနက် ၆ နာရီခွဲခန့်ကလည်း မန္တလေးမြို့ ၆၂ လမ်းပေါ်တွင်ရှိသော နိုင်ငံခြားဘာသာ တက္ကသိုလ် (MUFL) တွင် ပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု သိရသည်။
ဗုံးပစ်တိုက်ခိုက်ခြင်းဖြစ်ပြီး ဆိုင်ကယ်ရပ်နားရန် ဆောက်လုပ်ထားသည့် အဆောက်အအုံ သွပ်မိုးပျက်စီး ခဲ့ကြောင်း အဆိုပါနေရာအနီးဒေသခံက Myanmar Now ကိုပြောသည်။
ယမန်နေ့ည (၇) နာရီခန့်ကလည်း ပြည်ကြီးတံခွန် (ဃ) ရပ်ကွက်၊ (၅၉) လမ်းနှင့် (၁၁၇) လမ်းအနီးမှ မီးသတ်ရုံးတစ်ခု ဗုံးဖြင့်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ထိုရုံးအနီး နေထိုင်သူတို့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myanmar Revolution Ranger Force, Kings Cobra Guerilla Force-MDY တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Mother Son Mandalay Force ဆိုသောအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါမီးသတ်ရုံးတွင် စစ်တပ်က လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များ စုဝေးနေသည်ဟု သတင်းရသည့်အ တွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အချက်များနှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါဖြစ်စဉ်မတိုင်မီ ညနေ (၃) နာရီကျော်ကလည်း လုံခြုံရေးအထပ်ထပ်ကာရံထားသည့် ယင်းမြို့နယ် ၏ စက်မှုနယ်မြေရဲစခန်း ဗုံးပစ်ခံရကြောင်၊ ဗုံးမပေါက်ကွဲခဲ့သော်လည်း စခန်းအတွင်းမှရဲ များက သေနတ်ပစ်ဖောက်ခဲ့သည်ဟု ကြားသိရသည်။
မန္တလေးတွင် ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်စပ်ဆက်သည့်နေရာများ၊ ရဲများ၊ အုပ်ချုပ်ရေးမှူးနှင့်သတင်းပေးဟု ယူဆရသူများ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်ခံနေရသည်။
ဇွန် ၁၂ မှ ၂၀ ရက်အတွင်း အတွင်း စစ်ကောင်စီပစ်မှတ် (၈) နေရာ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရသူ များရှိကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
စစ်ကောင်စီကလည်း လမ်းသွားလမ်းလာများကိုစစ်ဆေးရှာဖွေခြင်း၊ ၎င်းတို့မသင်္ကာသည့်ရပ်ကွက်များ ကို အဝင်အထွက်များပိတ်၍ အင် အား အလုံးအရင်းဖြင့်တစ်အိမ်တက်ဆင်းရှာဖွေခြင်း၊ NUG,NLD,PDF တို့နှင့်စပ်ဆက်သူများကို အကြမ်းဖက်သမားများဟု စွပ်စွဲဖမ်းဆီးကာ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း စသည့် နည်းလမ်းများဖြင့်တုံ့ပြန်နေသည်။ myanmar now