မဟာအောင်မြေမြို့နယ် သံလျက်မှော်အ နောက်ရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ပိတ်ဆို့၊ အလုပ်ပြန်သူများအခက်တွေ့

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်တွင် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက် ယနေ့ ဇွန်လ ၂၁ရက် ညနေပိုင်းတွင် ယင်းရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားရာချီအသုံးပြုပြီး ပိတ်ဆို့ထားကြောင်း သိရသည်။
“ရပ်ကွက်ထဲကလူတွေ ဘယ်သူမှအပြင်မထွက်ရတော့ဘူး။ စစ်တပ်က အရင်တစ်ခါတုန်းကလိုပဲ ပိတ်ထားတယ်။ အလုပ်ပြန်လာသူတွေလည်း အခက်အခဲဖြစ်နေ ကြတယ်။ စစ်သားတွေရော အရပ်၀တ် လက်နက်ကိုင်တွေရော အင်အားရာကျော်တယ် ရပ်ကွက်ကိုဝိုင်းထားတာ၊ ညပိုင်းစစ်ဆေးမယ် ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မဟာအောင်မြေမြို့နယ် ၊သံလျက်မှော်အနောက်ရပ်ကွက်၊ အောင်ချမ်းသာရပ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသည်။
၄င်းအား Generation Z Power(GZP-Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး)အဖွဲ့က သေနတ်ဖြင့်ငါးချက်တိတိ ပစ်သွားခြင်းဖြစ်ကြောင်း GZP-Mandalay က သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီးနောက် စစ်ကောင်စီဖွဲ့က ယနေ့ နေ့လယ်ပိုင်းမှစ၍ အခင်းဖြစ်နေရာ အနီး၀န်းကျင်ရပ်ကွက်များအား လိုက်လံစစ် ဆေးခဲ့ပြီး ယနေ့ညနေပိုင်းတွင် သံလျက်မှော် ရပ်ကွက်တစ်ခုလုံးနီးပါးကို ပိတ်ဆို့ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုညနေ ၅ နာရီခွဲအချိန် ရရှိထားသည့် သတင်းအရ သံလျက်မှော် အနောက်ရပ်ကွက်သာမက စိန်ပန်းရပ်ကွက်နှင့် ကမ်းနားမြို့ပတ်လမ်း ၄၁ လမ်းကုန်စိမ်းစျေး၀န်းကျင်ပါ ပိတ်ဆို့ခံထားရပြီဖြစ်ကြောင်း သိရသည်။ mizzima