ရခိုင်ပြည်သူများအနေဖြင့် ယခင် လူမျိုးရေးပဋိပက္ခဖြစ်ရပ်များကို သင်ခန်းစာယူပြီး ဆင် ခြင်ရန် AA တိုက်တွန်း

ရခိုင်ပြည်သူများအနေဖြင့် ယခင်လူမျိုးရေးပဋိပက္ခဖြစ်ရပ်များကို သင်ခန်းစာယူပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သတင်းများကို အသိညဏ်ဖြင့် ဆင်ခြင်ဖတ်ရှုပြီး အနေအထိုင်ဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် (AA)က ယနေ့ ဇွန်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ လက်ရှိအချိန်ကာလမှာ အာရက္ခပြည်သူပြည်သားများအနေနှင့် ရန်သူ၏ ထောင်ချောက်ထဲသို့ မကျရောက်စေရန်၊ ရန်သူဖြစ်လိုသော အ ကွက် ထဲသို့ မသက်ဆင်းသွားရန် အထူးသတိထားရန် လိုအပ်ပါသည်။ ယင်းကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှ သတင်းများကို အသိညဏ်ဖြင့် ဆင်ခြင်ဖတ်ရှုကြရန်၊ ပဋိပက္ခကို ဦးတည်စေသော အရေးအသား လှုံ့ဆော်မှုကဲ့သို့ ရေးသားခြင်း၊ ဖြန့်ဝေခြင်းများကို လုံးဝ မပြုလုပ်ကြရန်၊ အတိတ်မှ ဖြစ်ပျက်နေသာ လူမျိုးရေးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် တိုက်တွန်းလိုက်ပါသည်”ဟု ယင်းထုတ်ပြန်တွင် ရခိုင်ဘာသာဖြင့် ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်ပွားနိုင်သည့် ဖြစ်စဉ်များကို ဆက်တိုက်တွေ့လာနေရပြီး ဇွန်လ ၁၆ရက်နေ့က ပျောက် ဆုံးသွားသည့် မောင်တောမှ ပညာရေးဝန်ထမ်း နှစ်ဦးဖြစ်သည့် ကျောင်းအုပ် ဆရာကြီး ဦးဘိုးဝင်နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့အား ပြန်ပေးဆွဲခြင်းဖြစ်စဉ်လည်း ပါဝင်နေကြောင်း AA ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းအပြင် ပေါက်တော်မြို့နယ် ကြိမ်ခမော်ကျေးရွာမှ မူဆလင်လူငယ်တစ်ဦးအား ရိုက်နှက်ကာ လက်ပြန်ကြိုးတုတ်လျက် နောက်ကျောကို ကျောက်တုံးဖိပြီး ထားခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်ကြောင်း ဆိုသည်။

အလားတူ လွန်ခဲ့သည့် ကာလများ၌လည်း မြောက်ဦး၊ကျောက်တော်စသည့် မြို့နယ်များ၌ စပါးရိတ်စက်များ၊ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခ ပေါ်ပေါက်စေသည့် ကိစ္စရပ်များလည်းရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအချက်များမှာ ရန်သူ၏ လက်ကိုင်တုတ်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ အမျိုးသားသစ္စာဖောက်တချို့နှင့် ယင်းအဖွဲ့၏ ရခိုင်စကားပြောတတ်သည့် လူများကို အသုံးချ ခိုင်းစေခြင်းအား တွေ့ရသည်ဟုလည်း AAက ဆိုသည်။

“ အဲဒီဖြစ်စဉ်တွေက လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေကို ဦးတည်လာစေတဲ့အတွက် အာရက္ခပြည်သူ ပြည်သားများအနေဖြင့် သတိပြုဆင်ခြင်ရန် နောက်ထပ် အလားတူဖြစ်စဉ်မျိုး မပေါ်ပေါက်ရေးအတွက် အလေးပြုဝိုင်းဝန်းကာကွယ်စောင့်ထိန်းကြရန် အထူးလိုအပ်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်။

၂၀၂၀ခုနှစ် ကုန်အထိ ရက္ခိုင့်ဒေသအတွင်း၌ တိုက်ပွဲများ တောက်လျှောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားဘဲ ယာယီရပ်တန့်ခဲ့သော်လည်း မြန်မာစစ်တပ်၏ စစ်ရေးပြင်ဆင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်းအား၊ လက်နက်အင်းအား၊ ဖြန့်ကြက်တိုးချဲ့နေရာချထားခြင်း၊ ဒေသအတွင်း၌ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခြင်းများရှိသည်ဟု ဆိုသည်။

ဆက်လက်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ULA/ AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ပြည်သူ့ရေးရာကဏ္ဍများတွင် အနှောက်အယှက်ပေးခြင်း၊ လူမှုသဟဇာတဖြစ်နေသည့် ရခိုင်နှင့်ရခိုင်မဟုတ်သော လူမျိုးနှင့် မျိုးနွယ်စုများအကြား ၎င်းတို့ ကျင့်သုံးနေသည့် လက်နက်ဟောင်းတစ်ခုဖြစ်သည့် သပ်လျှိုဖြိုခွဲသောနည်းလမ်း၊အချိုသက် မက်လုံးပေးသော နည်းလမ်းများကို အသုံးပြုပြီး လူမျိုးရေးပဋိပက္ခကို ဖန်တီးရန် ကြိုးစားလျက် ရှိနေကြောင်း လက်ရှိအဖြစ်အပျက်များက မီးမောင်းထိုးပြလျက်ရှိကြောင်း AA ကပြောဆိုထားသည်။

ရခိုင်ပြည်သူ၊ ပြည်သားများသည် ရခိုင်ပြည်သူ့အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ရက္ခိတလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး ရက္ခိုင့်ကံကြမ္မာကို ရခိုင်ပြည်သူပြည်သားလက်နှင့် ဖန်းတီးခွင့်ရရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြထား သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s