အင်းတော်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှူးရာထူးအဆင့်မှ စခန်းမှူးအဆင့် ရာထူးလျှော့ခံရပြီး မဲဇာစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့သွားတဲ့ စခန်းမှူး ဦးမောင်မောင်လှတင့်နဲ့ ရဲတပ်သား ၂ ဦး စီးနင်းလာတဲ့ကား အင်းတော်နဲ့ မဲဇာကြားမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နဲ့ မဲဇာကျေးရွာကြားမှာ ဇွန် ၂၀ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရပြီး ရာထူးလျှော့ခံထားရတဲ့ ဦးမောင်မောင်လှတင့်ကတော့ မျက်နှာကို အပြင်းအထန် ထိခိုက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“အခု အင်းတော်ရဲစခန်းထဲမှာ ကြိတ်ကုနေကြတယ်၊ ဒဏ်ရာပြင်းထန်တယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက အင်းတော်မြို့ပေါ်မှာ ရဲတွေ ကားနဲ့ပတ်ပြီး သေနတ်တွေဖောက်ကာ ရေတွင်းကုန်းရပ်ကွက်က CDM ဆရာမ ၂ ဦးကို ဖမ်းဖို့လာတာမတွေ့လို့ ဘေးအိမ်မှာ စာသင်ပေးနေတဲ့ အပြင်ဆရာမ ၂ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်ကာ ပြန်လွှတ်ခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။
အင်းတော်မြို့နယ်အတွင်း မကြာခဏ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ PDF တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့ကာ ဖမ်းစီးစစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ DVB