အောင်ပန်းမြို့ ရိုးမဘဏ်လမ်းဆုံတွင် ကားပေါ် ပါလာသူများထဲက လူငယ် ၂ဦးကို ရွေးဖမ်းသွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ၊ရိုးမဘဏ်လမ်းဆုံတွင် ဇွန်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းက Hijet အမျိုးအစား ကားတစ်စီးပေါ် လိုက်ပါလာသည့် လူငယ် နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များပါသည့် အိမ်စီးကား သုံးစီးဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ Hijetကားသည် ကလောဘက်မှ လာသော ကားဖြစ်ပြီး ကားနောက်ခန်းတွင် လိုက်ပါစီးနင်းလာသည့် လူများထဲမှ လူငယ် နှစ်ဦးကိုသာ သေနတ်များဖြင့်ချိန်ရွယ်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။
“နေ့လယ် ၁နာရီကျော်လောက်က ဖမ်းသွားတာဗျ။ ရဲအင်အား ၃၀လောက်က သေနတ်တွေထောက်ပြီး အောင်ပန်းနယ်မြေရဲစခန်းကို ဖမ်းခေါ်သွားတာ။ ဘာကြောင့်ဖမ်းခေါ်သွားတာလဲ ဆိုတာတော့ မသိရဘူး” ဟု အောင်ပန်းမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံရသည့် အဆိုပါ လူငယ် နှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းကို အတည်ပြု၍ မရသေးပေ။ အဆိုပါအခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။ mizzima