NUG အနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား များ စာရင်းကောက်ခံ၍ အသိအမှတ်ပြုကတ်များ ထုတ်ပေးနိုင်ရေး ကြိုးစားနေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ စာရင်းကို လာမည့် ဇွန်လကုန်တွင် ကောက်ခံသွားမည်ဖြစ်ပြီး အသိအမှတ်ပြုကတ်များထုတ်ပေးနိုင်ရန် ကြိုးစားနေကြောင်းသိရသည်။
ယခုကဲ့သို့ စာရင်းများကောက်ခံရခြင်းမှာ ရွှေ့ပြောင်းလုပ်သားများ၏ စာရင်းများ သိရှိနိုင်ရန်၊ နိုင်ငံတော်စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုရန်နှင့် ပြည်ပအလုပ်ကိုင် အသိမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ထုတ်ပေးရေးတို့အတွက် ဖြစ်သည်ဟု NUG၏ အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီထံက သိရသည်။
“ ပြည်ပမှာသွားပြီး အလုပ်လုပ်နေတဲ့ မြန်မာတွေရဲ့ စာရင်းကို တိတိကျကျကောက်ယူ သွားဖို့ဖြစ်ပါတယ်။ ရေတိုရေရှည် စီမံကိန်းတွေအတွက် စာရင်းကောက်ယူမှာလည်း ဖြစ်ပါတယ်။ စာရင်းကောက်ယူရေးကိုတော့ ဒီလကုန်မှာစတင်နိုင်ဖို့ ကြိုးစားထားပါတယ်” ဟု NUG ဒုတိယဝန်ကြီး ဦးကျော်နီက မဇ္ဈိမကိုပြောသည်။
စာရင်းကောက်ယူမှုများကို မြေပြင် တာဝန်ခံများမှ တစ်ဆင့် ကောက်ခံမည်ဖြစ်ပြီး စာရင်းပေးသူတိုင်းကို OERC ထုတ်ပေးရန်အတွက် ဝန်ကြီးဌာနအားလုံးနှင့် တိုက်ဆိုင်စစ်ဆေးပြီး စဉ်းစားမည်ဖြစ်သည်။ သို့ရာတွင် စာရင်းပေးသူများအနေဖြင့် OERC ကတ် ယူမယူပေါ်တွင် စဉ်းစားဆုံးဖြတ်နိုင်ကြောင်း သိရသည်။
“ကတ်ကို ယူမယ်၊ မယူဘူး ။ ဒါကိုလည်းရွေးချယ်ခွင့် ရှိတယ်။ စာရင်းသွင်းထားတဲ့ သူတွေက ကတ်ယူမယ်၊ မယူဘူးဆိုတာကို ဆုံးဖြတ်လို့ရတယ်” ဟု NUG ၏ ဒုတိယဝန်ကြီးက ဆိုသည်။
ပြည်ပနိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းအလုပ်သမားများ အဖြစ်သွားရောက် လုပ်ကိုင်လျှက်ရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံလူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့် ရှိနေသည်။ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် တရားဝင် သာမက တရားမဝင် အလုပ်သမား အဖြစ်ပါ မြန်မာနိုင်ငံသား အများအပြားသွားရောက်လုပ်ကိုင် လျှက်ရှိကြောင်း ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသူများထံက သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ်တိုးရေး၊ အလုပ်သမားကတ် လျှောက်ထားရေးကိစ္စများအပြင် အခြား အခက်အခဲများကိုပါ ကြုံတွေ့နေရသည်။
” အာဏာသိမ်းတဲ့ နောက်ဖြစ်လာတာက စာအုပ်သက်တမ်း ကုန်လွန်ပြီးတော့မှ ဒုက္ခ ရောက်နေတာတွေ ရှိတယ်။ သွားတိုးရင် အခကြေးငွေပိုပြီးပေးရတာတွေ စာရွက်စာတမ်း အခက်အခဲတွေရှိတယ်။တိုင်းပြည်တွင်း စားဝတ်နေရေး ကျပ်တည်းသွားတာ ဘဝလုံခြုံမှု မရှိတာတွေကြောင့်လည်း ပြန်ဖို့ရော နေဖို့ပါ အဆင်မပြေတဲ့ ကိစ္စတွေ ကြုံတွေ့နေကြရတယ်” ဟုရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။
NUGအစိုးရအနေဖြင့် အဆိုပါရွှေ့ပြောင်းအလုပ်သမားများအတွက် စာရင်းကောက်ယူရေးနှင့် အသိအမှတ်ပြုကတ်များ ထုတ်ပေးရေး ဆောင် ရွက်နေသော်လည်း ကတ်၏ အသုံးဝင်မှုအတွက်ကိုမူ သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့်ဆွေးနွေးမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။ mizzima