Monthly Archives: Jun 2022

လှိုင်သာယာမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူကို လာရောက်ပစ်ခတ်သည့် ရဲဘော် ၂ ဦး ဆိုင်ကယ်ဖြင့်တိုက်ကာ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဒလန်ဟု နာမည်ထွက်နေသူကို လာရောက်ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်သည့် PDF ရဲဘော်နှစ်ဦး သမကုန်းအနီး အားမာန်မှတ်တိုင်တွင် ယနေ့ ဇွန်လ ၂၂ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆိုင်ကယ်ဖြင့်တိုက်တာ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ကုလားကြီးစုရွာထဲက ရုံးအဖွဲ့ဒလန်တယောက်ကို သေနတ်နဲ့ပစ်ပြီးထွက်အပြေးမှာ အဖမ်းခံလိုက်ရတယ်ဗျ။ ပုံမှာပါတဲ့လူက ဆိုင်ကယ်နဲ့တိုက် ဖမ်းပေးတာ၊ ထွက်တော့ပြေးတယ် မလွတ်ဘဲ အဖမ်းခံလိုက်ရတယ်။ နောက်လူတွေထပ်အဖမ်းမခံရအောင် သတိပေးပေးပါဦးဗျာ” ဟု ဖြစ်စဉ်အနီးတွင် ရှိနေသော မျက်မြင်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်ဖြင့် လိုက်တိုက်ခံရချိန်တွင် တစ်ယောက်တစ်နေရာစီ လူလွတ်ထွက်ပြေးကြသော်လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် လူတချို့က ၎င်းတို့အား လမ်းတစ်လျှောက်တွင် နှိပ်စက်သွားပြီး တစ်ဦး၏ လည်ပင်းကိုဓားဖြင့်ထိုးကြကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခံခဲ့ရသူမှာ သေဆုံးမှုမရှိဘဲ လွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားပြီးနောက် PDF ရဲဘော်နှစ်ဦးအား သောင်ကြီးရဲစခန်းသို့ ပို့်ဆောင်ထားပြီး စစ်ကောင်စီတပ်သားများကလည်း ဖြစ်စဉ်အနီးတစ် ဝိုက်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ mizzima

ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့ကို စစ်ကောင်စီက ထောင်ဒဏ်များ ထပ်မံချမှတ်

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ဇွန် ၂၂ ရက် ဒီနေ့ ရုံးချိန်းမှာ နေပြည်တော်စစ်ကောင်စီတရားရုံးက အဂတိအမှု ၅ မှုအတွက် ၁ မှုကို ထောင် ၃ နှစ်နှုန်းနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့  တရားရုံး နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ အမှုတွဲတွေဖြစ်တဲ့ နေပြည်တော်စည်ပင်ဒုဥက္ကဌ ဦးရဲမင်းဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူတို့ကိုလည်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

ဦးရဲမင်းဦးကို စစ်ကောင်စီတရားရုံးက ဇွန်လ ၂၀ ရက်မှာ  ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၈ နှစ်အထိချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီတရားရုံးက ၅၀၅ (ခ)အမှုအတွက် ၂၀၂၂ ဒီဇင်ဘာ ၆ ရက်မှာ  ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာကြောင့် ဒေါက်တာမျိုးအောင်ဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံ ထားရတာဖြစ်ပါတယ်။ DVB

NUGPay ၏ ဆင်တူရိုးမှား ဖေ့ဘုတ်စ်စာမျက် နှာအတု ထွက်ပေါ်နေ

အမျိူးသားညီညွတ်ရေးအစိုးရ NUG မှ မြန်မာနိုင်ငံ၏ပထမဆုံး Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးအား စတင်မိတ်ဆက်အပြီးမကြာမီတွင် ဖေ့ဘုတ်စ်အသုံးပြုသူများ ယုံထင်ကြောင်ထင်ဖြစ်စေ နိုင်သည့် NUG PAY အမည်ရှိ ဖေ့ဘုတ်စ်စာမျက်နှာအတုတစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရသည်။

အဆိုပါ NUG PAY အမည်ရှိ စာမျက်နှာသည် အမျိူးသားညီညွတ်ရေးအစိုးရ၏ NUGPay စာမျက်မှာမှ ပိုစ့်များကို ပြန်လည်မျှဝေခြင်း NUG pay ၏ သတင်းအချက်အလက်များအား မျှဝေခြင်းများပြုလုပ်မှုများရှိ သည်ကို တွေ့ရသည်။ အဆိုပါ ဆင်တူယိုးမှားစာမျက်နှာအတုအား ဇွန်လ ၂၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန်ထိ ကြိုက်နှစ်သက်ကြောင်းပြသထားသည့် လူပေါင်း ၁၇၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

NUGPay တရားဝင် စာမျက်နှာဖြစ်သည့် အပြာရောင်အမှတ်တံဆိပ်ပါပေ့ချ်တွင် ဆက်သွယ်နိုင်သည့် အီးမေလ်းလိပ်စာကို ဖော်ပြထားသည်။

မဇ္ဈိ၏အချက်အလက်စစ်ဆေးများသူမှ အဆိုပါအီးမေလ်းလိပ်စာသို့ အခြားသောပေ့ချ်များ အသုံးပြုခြင်း များရှိမရှိ မေးမြန်းခဲ့ရာတွင် “Blue Mark ရထားပြီးသား Page တစ်ခုတည်းသာ NUGPay ရဲ့ တရားဝင် Page အစစ်ဖြစ်ပါတယ်။ Blue Mark မရှိတဲ့ Page သည် NUGPay ရဲ့ တရားဝင် Page မဟုတ်ကြောင်း ထပ်ပြောကြားပါရစေ” ဟု NUGPay ဝန်ဆောင်မှုအဖွဲ့မှ ပြန်လည်အကြောင်းပြန်ခဲ့သည်။

တရားဝင် ပေ့ချ်လင့် – https://web.facebook.com/nugpaymyanmar

NUGPay project တွင် ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးထံသို့ မေးမြန်းအတည်ပြုရာတွင်လည်း “လုံးဝ မသုံးပါဘူး။ NUG-MOPFI အနေနဲ့ Blue mark ပါတဲ့ NUG Pay Page တစ်ခုပဲသုံးပါတယ်” ဟု အပြာရောင် အမှတ်အသားပါသည့် ပေ့ချ်တခုသာရှိကြောင်း ပြောသည်။

NUG pay အနေဖြင့် မကြာခင်ကာလအတွင်း pilot agent ပေါင်း ၁,၀၀၀ ဦးဖြင့် NUGPay Wallet ပေါင်း ၁၀,၀၀၀ နှင့် Pilot Project ကို မကြာခင်စတင်တော့မည်ဟု ယနေ့ ဇွန်လ ၂၂ ရက်တွင် ကြေညာထား သည်။ ထို့ကြောင့် မကြာခင်ကာလအတွင်း NUG Pay နှင့်ပတ်သက်ပြီး အသုံးပြုလိုသူများပြားလာနိုင်ပြီး ယခုကဲ့သို့ ဆင်တူယိုးမှားပေ့ချ်အတုပေါ်နေခြင်းလည်း ဖြစ်သည်။

အမျိူးသားညီညွတ်ရေးအစိုးရ၏ NUGPay တရားဝင်စာမျက်နှာသည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ တွင် စတင် ဖွင့်လှစ်အသုံးပြုခဲ့ပြီး ပေချ့်အတုမှာ ဧပြီလ ၂၂ ရက်တွင် ဖွင့်လှစ်အသုံးပြုနေခြင်းဖြစ်သည်။ အသုံးပြု သည့် ဖေ့ဘုတ်စ်ပရိုဖိုင်များလည်း ကွဲပြားသည်ကိုတွေ့ရပြီး တရားဝင်စာမျက် နှာသည် NUGPay ကိုယ်ပိုင် လိုဂိုကိုအသုံးပြုပြီး ပေ့ချ်အတုသည် “ NUG Pay App Mobile app” ဟုဆိုကာ အမျိူးသားညီညွတ်ရေး အစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၏ အမှတ်တံဆိပ်ကိုသာ အသုံးပြုထားသည်။

NUGPay တရားဝင်စာမျက်နှာသည် ဇွန်လ ၂၀ ရက်နေ့တွင် ဖေ့ဘုတ်စ်မှ စစ်မှန်ကြောင်းထောက်ခံမှု ပေးထားသည့် အပြာရောင်အမှတ်အသား Blue Mark ရရှိထားကြောင်း ကြေညာထားသည်ကိုတွေ့ရ သည်။

NUG Pay သည် အမျိူးသားညီညွတ်ရေးအစိုးရက မတရားအာဏာသိမ်းထားသည့် စစ်အုပ်စုထံမှ ပြည်သူ့ အာဏာကို ပြန်လည်ရယူနိုင်ရန် ယာဉ်ရထားတစ်ခုအနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာ ထားသည်။

ဝန်ဆောင်မှုများကိုလည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ သြစတေတြေးလျ၊ UK ၊ US နှင့် ဥရောပနိုင်ငံများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရပြီး ကနဦး တွင် Android ဖုန်းများဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသား ပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

မြန်မာလူငယ်များကို အွန်လိုင်းမှလိမ်လည်ခေါ်ယူပြီး Digital Marketer အလုပ် ကျွန်ပြုခိုင်းစေနေ

ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့နဲ့ တရုတ်နိုင်ငံနယ်စပ် လောက်ကိုင်မြို့တွေမှာ ကျားဖြန်လို့ ခေါ်တဲ့  Digital Marketer အလုပ်တွေအတွက် လုပ်ခလစာကောင်းကောင်းပေးမယ်ဆိုပြီး မြန်မာလူငယ်တွေကို  လူမှုကွန်ရက်တွေကတဆင့် လိမ်လည်ခေါ်ယူပြီး ကျွန်ပြုခိုင်းစေတာတွေ ရှိနေပါတယ်။

အွန်လိုင်းကနေ ဖောက်သည်ရှာ ငွေလိမ်ပေးရတဲ့ Digital Marketer အလုပ်တွေအတွက် တလကို လစာ မြန်မာငွေ ကျပ်  ၁၂ သိန်းကနေ ၁၈ သိန်းအထိရမယ်လို့ မက်လုံးပေးပြီး ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာပြည်အနှံ့က လူငယ်ဝန်ထမ်းတွေကို ဖေ့စ်ဘွတ်ခ်ကနေ ပွဲစားတွေက လိမ်လည်ခေါ်ယူတာဖြစ်ပါတယ်။

ရန်ကုန်မြို့က လူငယ်တယောက်ကတော့ မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် အမျိုးသမီးတယောက်ရဲ့ အွန်လိုင်းကနေ ချိတ် ဆက် ပေးမှုနဲ့  လောက်ကိုင်မှာ အဆိုပါအလုပ်ကို သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။

သူ့အလုပ်က Gmail ကတဆင့် နိုင်ငံခြားသားတွေကို ကုမ္ပဏီအကြောင်း ယုံအောင်ပြောပြီး အစုငွေထည့်ခိုင်းကာ ငွေလိမ်တဲ့အလုပ်ကို အွန်လိုင်းကနေ လုပ်‌ေပးရတာဖြစ်ပြီး တနေ့ကို ၇ ယောက်လောက်အထိ လူရှာပေးရကာ  လူရှာမရတဲ့ နေ့တွေမှာ  ထမင်းမကျွေးတာ၊ အမှောင်ခန်းထဲမှာ တနေကုန် ပိတ်ထားတာ၊ ပြည်သူ့စစ်တွေရဲ့  ရိုက်နှက်တာတွေကို ခံခဲ့ရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်က ပြောပါတယ်။

လောက်ကိုင်မှာ အလုပ်သွားလုပ်ပြီး ထွက်ပြေးလာသူတဦးက “ကျနော်တို့ကို Laptop  တလုံးစီပေးထားပြီး GMail ကနေ နိုင်ငံခြားသားတွေနဲ့ စကားပြောခိုင်းတယ်။ အီးမေးလ်တွေပို့ခိုင်းတယ်။ သူတို့အလုပ်မှာ ရှယ်ယာတွေပါမလားဆိုပြီး ဆွယ်ရတာ။ သူတို့က ပါမယ်ဆိုရင် ဘယ်လောက်ထည့်ရတယ်၊ ဘယ်လိုအကျိုးအမြတ်ရှိတယ်၊ တလကို ဘယ်လောက်အထိ အမြတ်ကျန်တယ် ဆိုတာတွေကို ရှင်းပြရတာပေါ့။ သူတို့ပါလာပြီဆိုရင်  တလ နှစ်လလောက် သူတို့အကောင့်တွေကို အမြတ်လေးတွေ ထည့်ပေးရတယ်။ နောက် လုံးကနဲ ခဲကနဲလည်း ငွေတွေသွင်းရော ငွေလက်ခံပြီးတာနဲ့ သူတို့အကောင့်တွေကို ဘလော့ပစ်ရတာ။ အဆက်အသွယ်မလုပ်တော့ဘူး၊ နောက်အသစ်တယောက်ထပ်ရှာရတယ်” လို့ ပြောပါတယ်။

အလုပ်လုပ်ရာမှာ အလုပ်ချိန်ကြာမြင့်စွာလုပ်ရပြီး ခြိမ်းခြောက်နှိပ်စက်တာတွေလည်း ခံခဲ့ရတယ်လို့ လောက်ကိုင်မှာအလုပ်သွားလုပ်ပြီး ထွက်ပြေးလာတဲ့ လူငယ်က ဆက်ပြီးပြောပါတယ်။

“တနေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။ မနက်ကို ၆ နာရီလောက်ထရတယ်။ ကျနော်တို့က အဲ့ဒီလိုမျိုး တနေ့ကို လူအနည်းဆုံး ၇ ယောက်ရှာပေးရတာ။ မရှာပေးနိုင်ရင် ထမင်းမကျွေးဘူး။ ပြည်သူ့စစ်တွေက သေနတ်ဒင်တွေနဲ့ ထုတယ်၊ ရိုက်တယ်၊ ဆဲတယ်၊ အဲ့ဒီအထဲရောက်သွားရင် ထွက်လို့မရတော့ဘူး။ တခါက ကျနော်သွားပြောဖူးတယ်၊ အလုပ်ထွက်မယ်လို့။ သူတို့က မင်းတို့ သိန်း ၂၀ လျော်ရင် ထွက်လို့ရမယ်လို့ ပြောတယ်။ သူဌေးက တရုတ်တွေ၊ ပြည်သူစစ်တွေကို ပိုက်ဆံပေးငှားပေးပြီး ကျနော်တို့ကို ထိန်းခိုင်းတာ၊ အပေါက်ဝတွေမှာလည်း ပြည်သူ့စစ်တွေပဲ သေနတ်တွေနဲ့ စောင့်နေကြတာ။”

လောင်ကိုင်မြို့မှာ တရုတ်သူဌေးတွေ၊ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံသား ပြည်သူ့စစ်တွေကို လစာကောင်းကောင်းပေးပြီး ငှားထားတာလို့ ဆိုပါတယ်။

လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖူးသူတယောက်ကတော့ အကျဉ်းစခန်းတခုလိုမှာထားပြီး  လစာမပေးဘဲ အဓမ္မခိုင်းစေတာ ခံရတယ်လို့ ပြောပါတယ်။ 

“အဲ့နေရာတွေက လုံးဝကို မသွားသင့်တဲ့နေရာတွေ၊ ငရဲခန်း၊ ထောင်တွေထက် ပိုဆိုးတယ်။ လူအချင်းချင်း ညှဉ်းပန်းနှိပ်စက်တဲ့နေရာ၊ လောက်ကိုင်မှာ အရင်းအချာဆွေမျိုးမရှိရင် လုံးဝမသွားပါနဲ့၊ သာမန်ဆွေမျိုးတို့ အသိတို့ဆိုတာတွေကလည်း ရောင်းစားသွားခံရသူတွေ ဒီမှာအများကြီးပဲ။ နောက်ပြီး သူတို့ပြောသလိုမျိုး တရက်ကို တရုတ် ငွေ ၅,၀၀၀၊ ၆,၀၀၀ ရတယ်ဆိုတာတွေကလည်း အလကားပါ၊ အထင်မကြီးကြပါနဲ့ ဘယ်သူမှမရကြပါဘူး။ ကျနော်ကတော့ ဒီမှာ ၃ လ လုပ်ခဲ့တာ တပြားမှမရခဲ့ပါဘူး။ ထောင်ကျခဲ့သလိုပါပဲ၊ ပွဲစားတွေကသာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လိမ်ညာခေါ်နေကြတာ။ လုံးဝမယုံကြပါနဲ့ မသွားကြပါနဲ့။”

ရန်ကုန်မြို့မှာ  ကျားဖြန် အလုပ်လုပ်ကိုင်ခဲ့ဖူးသူတယောက်ကတော့  အလုပ်အကြောင်း သေချာသိခွင့်မရတာနဲ့ လိမ်ပေးရမယ့်ပုံစံ ဖြစ်နေတာကြောင့် အလုပ်ကနေ ထွက်လိုက်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ အလုပ်လုပ်ဖူးသူတဦးက “ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ သူတို့ကပြောတယ်၊ သူတို့လုပ်နေတဲ့ အလုပ်အကြောင်းကိုတော့ မသိရဘူး။ ရေရေရာရာ သေသေချာချာ ပြောပြတာလည်းမရှိဘူး။ ဥပမာ Cryptocurrency တို့၊  Big coin တို့ ရောင်းတယ် ဝယ်တယ် ဆိုတာလောက်ပဲ ရှင်းပြတယ်။ အသေးစိတ် ဘာကိုမှရှင်းမပြဘူး။ သူတို့လုပ်ငန်းလည်ပတ်မှု အကြောင်းရင်းကိုလည်း မသိရဘူး။ ဒီရန်ကုန်ရုံးပိုင်းမှာ လုပ်နေတဲ့သူတွေ အားလုံးကလည်း လူရှာပေးရတဲ့အလုပ်ကိုပဲ အများစုလုပ်နေရတာ။ သဘောကပြောရင် ကိုယ်က လိမ်တဲ့အလုပ်ကိုပဲ လုပ်ပေးရမှာ။ နောက် နိုင်ငံခြားကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ပေးရတယ်။ သူတို့က အရင်းရှယ်ယာထည့်လာရင် ပထမလတွေမှာတော့ အမြတ်ဆိုပြီး ငွေလွှဲပေးတယ်၊ နောက်ထပ် အဲ့ဒီကုမ္ပဏီတွေက ငွေများများထည့်လာရင် အဲ့ဒီကုမ္ပဏီတွေကို ဘလော့ပစ်တယ်၊ လိမ်တာပေါ့။ အဲ့ဒီမှာ ကျနော်လည်း ဆက်မလုပ်တော့ဘဲ ခဏနဲ့ပဲ ထွက်ပစ်လိုက်တာ” လို့ ပြောပါတယ်။

တရုတ်နယ်စပ် လောက်ကိုင်မြို့ကို အသိအကျွမ်းမရှိဘဲ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေကနေ နည်းမျိုးစုံနဲ့ အလုပ်သမားခေါ်ယူနေတဲ့  ပွဲစားတွေကတဆင့် သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူအများစုဟာလည်း အလိမ်ခံရလေ့ ရှိပါတယ်။

သူတို့အလုပ်မှာ အမျိုးသားရော အမျိုးသမီးပါ ရှိကြပြီး စကားပြန်၊ ဖောက်သည်ဝန်ဆောင်မှု၊ မော်ဒယ် စတဲ့ အလုပ်မျိုးစုံရှိတဲ့အထဲ အမျိုးသမီးတွေဆိုရင် အဲဒီလုပ်ငန်းမှာ ကျဉ်စက်နဲ့ အတို့ခံရတာ၊ တရုတ်သူဌေးတွေရဲ့ သားမယားပြုကျင့်တာတွေကို ခံရတယ်လို့ အလုပ်လုပ်ဖူးတဲ့သူတွေက ပြောပါတယ်။

အလုပ်သမားတွေကို ထွက်ပြေးလို့မရအောင် လက်နက်ကိုင် ပြည်သူ့စစ်တွေက အုပ်ချုပ်နေပြီး အလုပ်ကထွက်ချင်ရင် ငွေကျပ် သိန်း ၂၀ ပေးမှ ထွက်ခွင့်ပေးတာတွေလည်း ရှိနေပါတယ်။

နယ်စပ်ဒေသတွေမှာ အခုလို အွန်လိုင်းကနေ လိမ်လည်တဲ့ လုပ်ငန်းတွေကို မြန်မာစကား မပြောတတ်တဲ့ တရုတ်နိုင်ငံသားတွေက လာရောက် ဦးစီးလုပ်ကိုင်နေကြပေမဲ့ ဒီနေ့အချိန်အထိ မြန်မာအာဏာပိုင်တွေက တရားဥပဒေအရ အရေးယူတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ   စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ပိုမိုရှားပါးတာ၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ လူငယ်တွေကို ပစ်မှတ်ထား လိမ်လည်ခံနေကြရတာ ဖြစ်ပါတယ်။ DVB

ကလေးမြို့တောင်ပိုင်းတွင် PDF ပူးပေါင်းတပ်များနှင့် စစ်တပ် အကြား ၅နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ဟဲလုပ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ကို PDF ပူးပေါင်းတပ်များက ယနေ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရရာ စစ်တပ်ဘက်မှ ၁၀ ဦးကျော်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Chin land Defense Force (Kalay Kabaw Gangaw) က သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ မွန်းလွဲ ၃ နာရီကျော် အထိ တိုက်ပွဲအချိန်ကြာမြင့်ခဲ့ပြီး ပြည်သူတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ CDF -KKG တပ်ရင်း (၃)၊ PDF Kalay ၊ Vakok/NA(CNDF) ၊ RKDF၊ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်းသေကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/ NA (CNDF) ရဲဘော်နှစ်ဦး၊ PDF Kalay ရဲဘော်တစ်ဦး ၊ စုစုပေါင်း လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး PDF Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Chinland Defense Force (Kalay Kabaw Gangaw) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ khit thit

မြောက်ဦးတွင် ကျောင်းသား ၃ ဦး အပါအဝင် ဒေသခံ ၃၀ နီးပါးကို စစ်ကောင်စီဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) သုံးဦးကို ရက္ခိုင်တပ်တော် (အေအေ) တပ် ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာကြောင့် စစ်ကောင်စီက ကျောင်းသားသုံးယောက် အပါအဝင် ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ အလယ်စျေးအနီး၊ ငွေတောင်ပေါက်၊ နာရေးရုံးအနီးနဲ့ ရွှေဂူတောင် စတဲ့နေရာတွေ အပါအဝင် မြောက်ဦးမြို့ နေရာတော်တော်များများမှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရဲအချုပ်ကားနဲ့ ဖမ်းဆီးနေတာလို့ မြို့ခံတဦးက ပြောပါတယ်။

“ဖမ်းဆီးနေတာက မြို့ရဲ့ နေရာတော်တော်များများမှာ ဖမ်းဆီးနေတာ။ လူ ၃၀ နီးပါးလောက် ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ အဲဒီအထဲမှာ ကျောင်းသား ၃ ယောက်ပါတယ်ဆိုပြီး ကြားတယ်။ အဖမ်းခံရတဲ့အထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေလည်း ပါတယ်။ သူတို့ကို ဘယ် ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။”

မြောက်ဦးမြို့မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် စရဖ ၃ ယောက် ဖမ်းဆီးခံရကတည်းက စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စစ်ဆေးနေတာကြောင့် စာသင်ကျောင်းတွေနဲ့ စျေးတွေပါ ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ကျောက်တော်မြို့မှာလည်း ဇွန် ၂၀ ရက်က ရဲ ၃ ယောက်ကို အေအေက ဖမ်းဆီးသွားတာကြောင့် မြို့က တက်ကြွလှုပ်ရှားသူတချို့ အပါအဝင် မြို့ခံ ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရသလို ပုဏ္ဏားကျွန်းမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရတာကြောင့် ဒေသခံ ၁၀ ယောက်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်အထိ အေအေက ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီကလည်း အရပ်သား ၈၀ နီးပါးကို ပြန်လည်ဖမ်းဆီးထားပြီး အနည်းငယ်သာ ပြန်လည်လွတ်မြောက်လာပါသေးတယ်။ DVB

တရုတ်ဝမ်ပေါင် စီမံကိန်းလုံခြုံရေး အတွက် စစ်တပ်က ပြည်သူ ၂ ဦး သတ် ဖြတ်ပြီး မိုး ကြိုးပြင်တစ်ရွာလုံးကို မီးတင်ရှို့သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး မိုးကြိုးပြင်(မြောက်)ကျေးရွာမှ အရပ်သားပြည်သူ ကိုတင်စိုးနှင့် ကိုပွကြီးကို စစ်တပ်က လည်လှီးခြင်း၊ ဓားဖြင့် ခုတ်ထစ် သတ်ဖြတ် သွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကြိုး ပြင်(မြောက်) ကျေးရွာကို ဝင်စီးကာ ရွာလုံးကျွတ်မီးတင် ရှို့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီး ထားသော ပြည်သူ ၂ ဦးကို လည်လှီးခြင်း၊ ခြေလက်များကို ခုတ်ထစ် သတ်ဖြတ်ထားပြီး အလောင်း ၂ လောင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တွေ့ရှိရကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။

“လည်ပင်းလှီး သတ်ခံရတာက ကိုတင်စိုး၊ ဗိုက်ပွင့်ပြီး အူတွေထွက်နေတာက ကိုပွကြီး၊ အလောင်း ၂ လောင်း ပြန် ရတယ်။ အဲဒါ မနေ့က စစ် တပ်က ဓားစာခံ ဖမ်းဆီးလိုက်တဲ့ ရွာသား ၂ ဦးပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက်အစောပိုင်းတွင်လည်း လက်ပံတောင်းတောင်ဒေသ၊ ဆည်တဲ ကျေးရွာ ကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာခံ ကိုဇော်နိုင် အပါအဝင် ရွာသူရွာသား အမျိုးသမီး၊ ကလေး၊ သက်ကြီး ဘိုးဘွား များအပါအဝင် အနည်း ဆုံး ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဓားစာခံ ဖမ်းဆီးထားကြောင်း၊ နေအိမ် များကို ဝင်မွှေနေပြီး ပြည်သူများအားလုံး ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ဆည်တဲဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ရွာထဲမှာ ရှိနေတဲ့ ကိုဇော်နိုင် ကိုလည်း ဓားစာခံ ဖမ်း ထားတယ်။ အခြား အမျိုးသမီး၊ အမျိုး သား၊ ကလေး၊ လူကြီး မကျန် ၂၀ ကျော် အဖမ်းခံထားရတယ်။ ဆည်တဲမှာလည်း ဖမ်းဆီးပြီး တော့သတ်တာဆိုတော့ အသက်အန္တရာယ်က တော့ ဖမ်းဆီးခံရသူအားလုံးမှာ ရှိနေတယ်” ဟု ဆည်ဆဲကျေးရွာ သားတစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ ဘေးပတ်ဝန်းကျင် တုံကျေးရွာအပါအဝင် ကျေးရွာများအားလုံးမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရ သည်။ khit thit

ခင်ဦးမြို့နယ် ရွာသစ်ကုန်း ကျေးရွာရှိ စစ်ကောင်စီ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့ အနောက်ဘက်ခြမ်း ရွာသစ်ကုန်း ကျေးရွာရှိ စစ်ကောင်စီ စခန်းတစ်ခုကို ဇွန်လ ၁၉ ရက် ညနေပ်ိုင်း ၃ နာရီခန့်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ပါသည်။ မိမိတို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဘက်မှာတော့ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ခင်ဦး(PDF) ရဲဘော်တစ်ဦးက ဆိုသည်။

” ရွာသစ်ကုန်း ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅ဝ ခန့်ရှိပါတယ် ၊ ကျနော်တို့ ပစ်ကွင်းထဲ ဝင်လာတာကတော့ ကင်းပုန်းဝပ်နေတဲ့ အဖွဲ့ပါဗျ ၊ ကျနော်တို့က လက်ဦးမှူ ရယူပြီး လက်နက်ကြီး အများဆုံး သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ၊ ရေဦး ရင်ခွဲရုံကနေ သ တင်းအတိအကျ ရတာကတော့ စစ်သား ၆ ဦးသေဆုံးပြီး တစ်ဦးကတော့ ပေါင်နဲ့ ဗိုက်မှာ အပြင်းအထန် ဒဏ်ရာ ရရှိ သွားတယ်လို့ ” ခင်ဦး (PDF) ရဲဘော်တစ်ဦးက ပြောပါသည်။

ခင်ဦး မြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ တပ်ရဲ့ စစ်ကြောင်းထိုးမှူ များကြောင့် ကျေးရွာ ခုနှစ်ရွာ မှာ ဒေသခံ ပြည်သူ ၃ဝဝဝ ကျော် စစ်ရှောင်နေရကြောင်း သိရပါသည်။ mizzima

ထန်းတပင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက် ခိုက်ခံရ၊ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ်၊ ရှားစေးဘိုနဲ့  ကစယ်ဒိုတောင်ခြေအရှေ့ဘက် ဆင်ကျကုန်းအနီးမှာ လှုပ်ရှားသွားလာနေတဲ့  စစ်ကောင်စီရဲ့ ခမရ – ၇၃ တပ်ရင်းကို ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်က KNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခမရ – ၇၃ တပ်ရင်း၊ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မ‌တော်(KNLA)တပ်ရင်း ၆ တပ်ဖွဲ့ဝင်တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရစစ်သားတွေကို ရှားစေးဘိုစခန်းဆီပြန်လည်သယ်ဆောင်သွားတဲ့ လမ်းတလျှောက် ၄၀ မမဗုံးသီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံကျေးရွာသားတဦးက “စစ်တပ်က သူတို့စခန်းကနေထွက်ပြီး လှုပ်ရှားသွားလာနေတာ။ ဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ၃ ယောက်တော့သေသွားတယ်။ ၇ ယောက်တော့ဒဏ်ရာရလို့ သူတို့စခန်းကို ပြန်သယ်သွားတယ်။ ပြန်သယ်တဲ့လမ်းမှာပစ်သွားတာ တလမ်းလုံးပဲ။ စစ် တပ်က ရွာတွေမှာ လှုပ်ရှားနေတော့ ဒေသခံတွေအလုပ်လုပ်ရတာ အဆင်မပြေဘူး။ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်ရတယ်” လို့ ဆိုပါတယ်။

မေ ၈ ရက်က တပ်မဟာ ၂၊ KNDO တပ်ရင်း ၆ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ရှားစေးဘို၊ တောင်ကြီးနဲ့ ဘုံမ္မတီးတပ်စခန်းတွေကို အမြန်ဆုံးထွက်ခွာပေးဖို့နဲ့ အလားတူ ဧပြီ ၁၅ ရက်က KNDO တပ်ရင်း ၄ နယ်မြေအတွင်းက ကိုဒေး၊ ကီးချောင်းနဲ့ ၄၈ မိုင်တပ်စခန်းတွေ ၁၅ ရက်အတွင်း အပြီးတိုင်းထွက်ခွာပေးဖို့ အသိပေးစာထုတ်ပြန်ထားပေမယ့် ဒီကနေ့အထိ စခန်းဆုတ်ခွာသွားတာ မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို KNLA တာဝန်ရှိသူဆီ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ မကြာခဏတိုက်ခိုက်ခံရတာ၊ Siniper (စနိုက်ပါ) နဲ့ ပစ်ခတ်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိသလို အင်းအားတိုးပိုမိုလှုပ်ရှားလာတာတွေကြောင့် နေ့စဉ်လိုလို KNLA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မေ ၄ ရက်မှ မေ ၁၈ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNDO တပ်ရင်း ၄ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ သေအေ့ထာ၊ ကိုဒေး နဲ့ ဘောဂလိမြို့တပ်စခန်းတွေကို KNDO ရဲ့ Siniper (စနိုက်ဘာ) တပ်ဖွဲ့ဝင်တွေက ၁၅ ရက်အတွင်း ၆ ကြိမ် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူထံက သိရပါတယ်။ DVB

ဧရာဝတီတိုင်းတွင် ပြည်သူ့လုံခြုံရေးခေါင်းစဥ်ဖြင့် အဖွဲ့များဖွဲ့ရန် မြို့နယ်စခန်းမှူးများကိုစေ ခိုင်း

ဧရာဝတီတိုင်းအတွင်း ပြည်သူ့လုံခြုံရေး ခေါင်းစဥ်ဖြင့် အဖွဲ့များဖွဲ့ရန် မြို့နယ်စခန်းမှူးများကို ဇွန်လ တတိယပတ်မှ စတင်ကာ စစ်ကောင်စီက စေခိုင်းနေကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတစ်ဦးထံက သိရသည်။

မြို့ပေါ်ရပ်ကွက် တစ်ရပ်ကွက်လျှင် အဖွဲ့ဝင် ၆၀ ဦးဖြင့် ဖွဲ့စည်းခိုင်းနေခြင်းဖြစ်ပြီး ကျေးရွာများတွင်လည်း ပြည်သူ့လုံခြုံရေး ခေါင်းစဥ်ဖြင့် အဖွဲ့များဖွဲ့စည်းခိုင်းနေကြောင်း အဆိုပါရဲဝန်ထမ်းကပြောသည်။

” စစ်တပ်က မြို့နယ်စခန်းမှူးတွေကို အဖွဲ့ဖွဲ့ခိုင်းတယ်။ မြို့နယ်စခန်းမှူးတွေကမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တစ် ဆင့်ပြန်ဖွဲ့ခိုင်းနေတာပါ။ စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ မဘသတွေ၊ စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ အရန်မီးသတ်တွေကိုစုပြီး ဖွဲ့ခိုင်းနေတာလို့သိရတယ်”ဟု ၎င်းကဆိုသည်။

ထို့သို့ဖွဲ့စည်းခိုင်းနေခြင်းကို သတင်းမပေါက်ကြားစေရန် မြို့နယ်စခန်းမှူးများက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြား ထားကြောင်း ရဲဝန်ထမ်းက ဆက်လက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်နေမှုများ၊ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးမှုများနှင့် အကြောင်းမဲ့ပစ်သတ်မှုများကို ပြုလုပ်ခဲ့ပြီးနောက် ပြည်သူ့လုံခြုံရေးဟုဆိုကာ အဖွဲ့များဖွဲ့စည်းခိုင်းနေခြင်းဖြစ်သည်။

စစ်သားအရေအတွက်နည်းပါးလာ၍ အရန်တပ်ဖွဲ့များထပ်မံဖွဲ့နေခြင်းဖြစ်နိုင်ကြောင်းနှင့် ပြည်သူကိုသတ်ဖြတ်နေပြီး ပြည်သူ့လုံခြုံရေးဖွဲ့ခိုင်းခြင်းသည်မှာ အရှက်မရှိသည့် လုပ်ရပ်ဟူ၍လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးမှ မှတ် ချက်ပြုခဲ့သည်။ mizzima

« Older Entries