ကောလင်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီး ၄ဦးသေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ မြောက်ဘက် သံလမ်းကုန်းကျော်အနီး ကောလင်း- ပင်လယ်ဘူးလမ်းမပေါ်တွင် စစ်ကောင်စီမော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းကင်းလှည့်နေပြီး အထွေထွေအုပ်ချုပ်ရေးရုံးမှ ရဲစခန်းအပြန်လမ်းတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၁၅မိနစ်ခန့်က မိုင်းတစ်လုံးဆွဲခံရခြင်း ဖြစ်သည်ဟု The Secret Warrior Kawlin ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“စခတွေက မြို့ထဲက ထွေအုပ်ရုံးကနေ ရဲစခန်းအပြန်လမ်းမှာ မိုင်းဆွဲခဲ့တာပါဗျ။ စခအသေ လေးကောင်ရှိပါတယ်ဗျ။ နှစ်ယောက်က နေရာတင်သေဆုံးတာပါဗျ။ နှစ်ယောက်က ဆေးရုံရောက်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှု မရှိပါဘူးဗျ။ သေဆုံးတာကိုတော့ မိုင်းဆွဲရဲဘော်ကိုယ် တိုင် အတည်ပြုပါတယ် ။ ထပ်ဆင့် သတင်းအနေနဲ့ ကောလင်း Non CDM ဆေးရုံဝန်ထမ်းက တစ်ဆင့်အတည်ပြုချက်ရပါတယ်” ဟု The Secret Warrior Kawlin ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်သည့်နေရာသည် စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသည့်နေရာ ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ကောလင်းမြို့နယ်အတွင်း ဖမ်ဆီးရမိသည့် မူးယစ်ဆေးဝါးများကို အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇွန်လ ၂၂ နေ့တွင် သတင်းထုတ်ပြန်သည်။
ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် မူးယစ်ဆေးဝါး ၁၂၈ ခွက်ကို NUG အစိုးရလက်အောက် တရားဝင်ဖွဲ့စည်းထားသည့် ကောလင်းမြို့နယ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့ အတူပူပေါင်းကာ မီးရှို့ဖျက် ဆီးခဲ့ကြောင်းသိရသည်။ mizzima