စစ်ကောင်စီတပ်လုံခြုံရေးအတွက် ရှမ်းပြည် သူ့စစ်များကို လူအင်အားတောင်းခံနေ

ရှမ်းပြည်နယ်အတွင်း လုံခြုံရေးရာကိစ္စများတွင် ပါဝင်ကူညီနိုင်ရန်ဟုဆိုကာ စစ်ကောင်စီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ ပြည်သူ့စစ်များထံလူအင်အားများတောင်းခံလျက်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်များနှင့် ကျေးရွာအချို့ရှိကင်းစခန်းများတွင် ပူးပေါင်းလှုပ်ရှားရန် ပြည်သူ့စစ်တစ်ဖွဲ့လျှင် လူအင်အား ၂၀၀ အထိ တောင်းခံမှုရှိနေသည်။
“ကျွန်တော်တို့ကိုတော့ အင်အား ၂၀၀ အသင့်ပြင်ပြီးသူတို့နဲ့ပူးတွဲလှုပ်ရှားဖို့စာပို့လာတယ်၊ အခုက ကျွန်တော်တို့နယ်မြေထက်ကျော်ပြီးတော့ လှုပ်ရှားဖို့ သူတို့ကခေါ်တာပေါ့။ ဘယ်လိုလုပ်မလဲဆိုတာတော့လူကြီးတွေမဆုံးဖြတ်ရသေးဘူး ” ဟု ပြည်သူ့စစ်တစ်ခုမှ အရာရှိတစ်ဦးက ဝန်ခံပြောကြားသည်။
၂၀၂၂ ခုနစ် မတ်လမှစတင်ကာ စစ်ကောင်စီတပ်သည် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် MTA ခွဲထွက် ဟိုမိန်းအခြေစိုက် SSS ပြည်သူ့စစ်တို့နှင့် ပူးပေါင်းကာရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ကင်းစခန်းအသစ်များတည်ဆောက်ခြင်းကိုတိုးချဲ့ပြုလုပ်လာခဲ့သည်။
ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကမူ ပြည်သူ့စစ်များကို နယ်မြေသစ်များခွဲဝေပေးနေခြင်းသည် လူမျိုးရေးပြသနာများပေါ်ပေါက်လာအောင် စစ်ကောင်စီတပ်မှ မီးမွေးနေခြင်းဟု သုံးသပ်သည်။
စစ်ကောင်စီတပ်မှပြည်သူ့စစ်များကိုပူးတွဲလှုပ်ရှားရန် စေခိုင်းသော ဒေသများတွင် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် သျှမ်း-ကရင်နီ နယ်စပ်ဒေသများအပြင် SSPP/SSA နှင့် RCSS/SSA ထိန်းချုပ်နယ်မြေများလည်းပါဝင်သည်။ mizzima