တရားစီရင်ရေးမဏ္ဍိုင် မကြာခင် စတင်တော့မည်ဟု NUG အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားစီရင်ရေးမဏ္ဍိုင်ကို မကြာခင်အသက်သွင်း စတင်တော့မည် ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် NUG က ပြောကြားခဲ့သည်။
“ဥပဒေပြုရေးလည်း ရှိထားပြီးပြီ၊ အုပ်ချုပ်ရေးလည်း ရှိထားပြီးပြီ။ တရားစီရင်ရေးကို မကြာခင် စတင် အကောင်အထည်ဖော်တော့မှာဖြစ်တဲ့အကြောင်း အသိပေးလိုပါတယ်”ဟု သတင်းထုတ်ပြန်ရေးတာဝန်ရှိ သူ ဦးနေဘုန်းလတ်က ပြောသည်။
NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တွင် မြို့နယ် တရားသူကြီးများခန့်အပ်ကာ ကြား ကာလတရားစီရင်နိုင်ရန်အတွက် စက်ရှင်တရားရေးအာဏာ အပ်နှင်း လိုက်ကြောင်း မေလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
“ဒါဟာ NUG အစိုးရအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို စတင်အသက်သွင်းဖို့ပြင်ဆင်တဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
လက်ရှိအချိန်တွင် NUG အစိုးရ၏ တရားရေးဝန်ကြီးဌာနသို့ ဒေသတွင်း တိုင်ကြားလာသည့် အမှုပေါင်း ၅၀ ကျော်ရှိကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။
“တရားသူကြီးတွေကို ခန့်တဲ့အခါမှာ တရားမျှတမှုရှိဖို့ ဘက်လိုက်မှုမရှိအောင်အတွက်ဆိုပြီးတော့ မြို့နယ် တစ်ခုမှာ စက်ရှင်တရားသူကြီး ငါးဦး၊ စီရင်ချက်ချတဲ့အချိန်မှာ သုံးဦးနဲ့ ချပါမယ်။ ဆိုတော့ သဘောက ဘက်လိုက်မှုမရှိအောင်၊ အဂတိလိုက်စားမှုမရှိအောင်အတွက် ရည်ရွယ်ပြီးလုပ်တာပါ” ဟု ဦးကျော်ဇောက ပြောသည်။
ယင်းအပြင် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနကို တိုက်ရိုက်တိုင်ကြားလာသော စစ်ကောင်စီ တပ်ကကျူးလွန်ထားသည့် လုပ်ရပ်များအတွက် အမှုပေါင်းများစွာကိုလည်း လက်ခံရရှိထားပြီး မကြာမီ အချိန်တွင် စတင်စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါအမှုများကို တရားစီရင်ရာတွင် အွန်လိုင်းမှတဆင့် စစ်ဆေးစီရင်မှုနှင့် လက်တွေ့မြေပြင်တွင် စစ်ဆေးစီရင်သည့် နည်းလမ်းနှစ်မျိုးဖြင့် စီရင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် တရားစီရင်ရေးမပြုလုပ်နိုင်သည့်ကာလတွင် ဖမ်းဆီးရမိထားသူများကို ထိန်းသိမ်းထားနိုင်ရန် အတွက်လည်း ၎င်းတို့စိုးမိုးထိန်းချုပ်နယ် မြေအချို့တွင် အကျဉ်းထောင်များ ပြုလုပ်ရန်လည်း ကြိုးပမ်းနေ ကြောင်း NUG က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
NUG အစိုးရလက်အောက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF)ကိုဖွဲ့စည်းပြီး ကိုးလအကြာတွင် ခုခံပြောက် ကျားစစ်မှတဆင့် လက်ရှိအချိန်တွင် တပ်ရင်းတပ်ဖွဲ့အလိုက် တိုက်ပွဲများဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် စစ်ကိုင်းတိုင်းနှင့် မကွေးမြောက်ပိုင်းရှိ အဓိလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းနှင့် ကျေးရွာနယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို PDF များက စိုးမိုးထားနိုင်ပြီဖြစ်ကြောင်းလည်း NUG အစိုးရက ပြောကြားခဲ့သည်။ mizzima