တော်လှန်ရေးရဲဘော်များအတွက် “ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့” ကမ်ပိန်းစတင်

တော်လှန်ရေးရဲဘော်များအနေဖြင့် အဆုံးသတ်တိုက်ပွဲကို လျှောက်လှမ်းရာတွင် ငှက်ဖျားရောဂါကြောင့် မနှောင့်နှေးစေလို၍ “ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့” ကမ်ပိန်း စတင်လိုက်ကြောင်း CDM Medical Network က အသိပေးထားသည်။
လာမည့်ကာလပိုင်းတွင် ဝါဆိုမိုးနှင့်အတူ ငှက်ဖျားပိုးများလည်း ပါလာတော့မည်ဖြစ်၍ “ငှက်ဖျားကြောင့် တော့ အရှုံးမပေးနဲ့” ကမ်ပိန်းကို ဇွန် လ ၂၁ ရက်နေ့တွင် စတင်လိုက်ခြင်းဖြစ်ပြီး အချိန်ကာလ နှစ်ပတ် တိတိ သတ်မှတ်ထားသည်ဟု သိရသည်။
ပုံမှန်ငှက်ဖျားရောဂါအတွက် ပျမ်းမျှဆေးဝါးကုန်ကျငွေမှာ ရဲဘော်တဦးလျှင် ၇,၀၀၀ ကျပ်ခန့် ကျသင့် သော်လည်း ဒေသအသီးသီးသို့ ဖြန့်ဝေစရိတ်များနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့်မွေးနေ့ကိုလည်းရည်ညွှန်းပြီး ရဲဘော်တစ်ဦးလျှင် ၇,၇၀၀ ကျပ် သတ် မှတ်ထားသည်ဟု အသိပေး ထားသည်။
“ငွေ ၇,၇၀၀ ကျပ်ရှိရုံနဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို ငှက်ဖျားအန္တရာယ်ကနေ အခုပဲအသက်ကယ်လို့ ရပါပြီ။ ကျွန်တော်တို့ရဲဘော်တွေ ကျန်းမာမှ ဖြစ်ပါမယ်။ ကျန်းမာမှ အင်ပြည့်အားပြည့်တိုက်ပွဲဝင်နိုင်ပါ မယ်” ဟု CDM Medical Network က ပြောသည်။
ယခုကမ်ပိန်းအစီအစဥ်တွင် တော်လှန်ရဲဘော် အယောက် ၄,၀၀၀ ၏ အသက်ကို ငှက်ဖျားဘေးဆိုးလက် တွင်းမှ အားလုံးအတူကယ်တင်ကြမည်ဟု ရည်မှန်းထားကြောင်းလည်း CDM Medical Network က ဖော်ပြထားသည်။
ထို့ကြောင့် ရဲဘော်တစ်ဦးလျှင် ၇,၇၀၀ ကျပ်နှုန်းဖြင့် ရဲဘော်ဘယ်နှစ်ဦး၏ အသက်ကိုကယ်နိုင်ကြမလဲ ဆိုသည်ကို challenge ခေါ်ချင်သည်ဆိုပါက CDM Medical Network ၏ Page Messenger သို့ ဆက်သွယ်နိုင်ပြီဟု အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘာ့စစ်သမိုင်းကြောင်းတလျှောက်ငှက် ဖျားရောဂါနှင့် စစ်ပွဲများ အတူဒွန်တွဲနေခဲ့ပြီး ပထမကမ္ဘာစစ်တွင် စစ်သားပေါင်း ၁ ဒသမ ၅ သန်းကူးစက်ခံရပြီး ၀ ဒသမ ၂ မှ ၅ ရာခိုင်နှုန်း (စစ်သားပေါင်း ၇၅,၀၀၀) အထိ သေဆုံးခဲ့ကြောင်း နိုင်ငံတကာစာတမ်းများကို ကိုးကားပြီး ဖော်ပြထား သည်။
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင်လည်း တောင်ပစိဖိတ်စစ်မျက်နှာပြင်တွင် ဂျပန်နှင့် တိုက်ခိုက်ခဲ့ ကြသည့် အမေရိကန်စစ်သားပေါင်းများစွာ ငှက်ဖျားရောဂါဒဏ်ခံစားခဲ့ကြရပြီး စစ်ပွဲကာလ ခန့်မှန်းချိန် ထက် ပိုမိုကြန့်ကြာခဲ့ကြောင်းထောက်ပြသည်။
ထိုအခြေအနေများကိုထောက်၍ လက်ရှိ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းတွင်လည်း အသက်သွေးချွေး ပေါင်းများစွာပေးဆပ်ထားသောရဲဘော်များအား ငှက်ဖျားကလက်ဦးမှုအရင်ယူသွားခြင်းမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများမှာ အရေးကြီးသည်ဟု ဆိုထားသည်။ mizzima