ပိတောက်လမ်း Ticket ရောင်းချပြီး ရတနာပုံတက္ကသိုလ်ရှိ CDM ပြည်သူ့ဝန်ထမ်းများကို ထောက်ပံ့

မန္တလေး၊ ရတနာပုံတက္ကသိုလ်မှ စစ်ကောင်စီလက်ထက် အကြမ်းမဖက်အာဏာဖီဆန်ကာ CDM ပြုလုပ် တိုက်ပွဲဝင်နေကြသည့် ပြည်သူ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေးအတွက် ရတနာပုံတက္ကသိုလ် CDM အထောက်အကူပြု ကော်မတီသည် ပိတောက်လမ်း Ticket ရောင်းချသည့်အစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပိတောက်လမ်း Ticket ဆိုတာကတော့ ကံစမ်းမဲလက်မှတ်ဖြစ်ပါတယ်။ ယခင်ကလို အလှူခံသက်သက်ထက် ပြည်သူတွေလည်း ကံစမ်းနိုင်ရမယ်။ မဲမပေါက်ခဲ့တောင် CDM ထဲ ရောက်မယ့် အစီအစဉ်လေးကို ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီမှာ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဖြစ်ကြတာပါ” ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ယာယီဥက္ကဋ္ဌ ကိုထက်မြတ်အောင် က ပြောသည်။

Ticket ကို နံပါတ်စဉ်အရ YDNB:CDM-000 ကနေ YDNB:CDM-999 အထိ စုစုပေါင်း ကတ် ၁၀၀၀တိတိ ရောင်းချပေးခဲ့ပြီး တစ်ကတ်ကို ၅၀၀၀ကျပ်နှုန်း သတ်မှတ်ထားခဲ့သည်။ ထိုကဲ့သို့ ရောင်းချရာတွင်လည်း ပြည်သူတွေဘက်က ဝယ်ယူမှုနှုန်းမှာ ၇၀.၄ ရာခိုင်နှုန်း ရှိခဲ့သည်။

“၇၀ရာခိုင်နှုန်းကျော် ရောင်းထွက်တဲ့အတွက် ကံစမ်းဆုများကို နုတ်လိုက်ရင်တော့ လက်ကျန်အားဖြင့် အများကြီးတော့ မကျန်ပေမယ့် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဆုမဲများကို ဒီရောင်းချငွေထဲကပဲ ပစ္စည်းထုတ်ပေးတာပါ။ ရတနာပုံတက္ကသိုလ်ရဲ့ CDM ထောက်ပံ့မှုကို ရုံးဝန်ထမ်းကိုသာ အများဆုံး ထောက်ပံ့နေတာဆိုပေမယ့် တစ်ခါထောက်ပံ့ရင် သိန်း ၅၀ နဲ့ သိန်း၁၀၀ ကြားရှိမှ ထောက်ပံ့နိုင်တာပါ။ ဒါတောင် တစ်ဦးကို ၃၀,၀၀၀ နှုန်းပါ။ သင်ကြားရေးဝန်ထမ်းများကိုတော့ သက်ဆိုင်ရာ Major Support Team များကနေ ထောက်ပံ့ပေးပါတယ်။ လိုအပ်ရင် CDM အထောက်အကူပြုကော်မတီဘက်က ထောက်ပံ့ပေးပါတယ်” ဟု ထောက်ပံ့ကြေး ပေးရသည့်အပိုင်းနှင့် ပတ်သက်၍ ကိုထက်မြတ်အောင်က ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ခုနှစ် မတ်လမှ ၂၀၂၁ခုနှစ် အောက်တိုဘာလအထိ တစ်လတစ်ကြိမ် ထောက်ပံ့နိုင်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်လတစ်ကြိမ် ထောက်ပံ့နိုင်ခဲ့သည်။ ယခုကာလတွင် အလှူငွေရရှိမှု နည်းလာခြင်းကြောင့် အခြားနည်းလမ်းများကို သုံးကာ အလှူငွေရှာကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားရန်ပုံငွေရရှိနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးတိုင်ပင်ပြီး ဆက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

“CDM ဆိုတာက တော်လှန်ရေးကို ၂၄ နာရီ လုပ်နေကြသူတွေလို့ ဆိုချင်ပါတယ်။ အဆုံးထိ တိုက်ပွဲဝင်နေတဲ့ CDM များကို လေးစားဂုဏ်ပြုပါတယ်။ ပြည်သူတွေက CDM တွေကို ပစ်မထားဘူးဆိုတာကို လူအား၊ ငွေအား၊ စကားအားနဲ့ ပြည်သူတွေ ပြသနေကြတာက သက်သေတည်နေပါတယ်။ ဒါကြောင့် CDM များအနေနဲ့လည်း အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနိုင်သည်အထိ ပြည်သူနဲ့ တသားတည်း ရပ်တည်ပေးကြပါ” ဟု ယာယီဥက္ကဋ္ဌ ကိုထက်မြတ်အောင် က တောင်းဆိုသည်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရ.တ.က.သ)၏ စုံစမ်းသိရှိမှုအရ လက်ရှိတွင် ရတနာပုံတက္ကသိုလ်၌ တက္ကသိုလ်အတက်အဆင်းမရှိဘဲ ကျောင်းတွင်းဆောင်များ၌သာ Non-CDM ဝန်ထမ်းများနှင့် Non-CDM ကျောင်းသူကျောင်းသားများ ကျောင်းတက်နေကြပြီး ၎င်းမှာ ရတနာပုံတက္ကသိုလ်ကို တက်နေကြခြင်း မဟုတ်ဘဲ ရတနာပုံအကျဉ်းထောင်မှာ ကျွန်ခံနေကြတာလို့ပဲ ပြောချင်ကြောင်းနှင့် တက္ကသိုလ်၏ အ နှစ်သာရကိုလည်း လုံးဝ မရရှိနိုင်ကြောင်း ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s