မီးလောင်ပြင်ထဲက ဝေဒနာတွေနဲ့ အညာ

“အရင်ကဆို တစ်ရွာက ပြေးရင် တစ်ရွာက ကျွေးနိုင်တယ်။ အခုတော့ တခြားရွာတွေကလည်း ပြေးနေရတော့ ခက်ခဲလာကြတယ် “

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် ကုလားမရွာ ဒေသခံဖြစ်သည့် အသက် ၃၀ ဝန်းကျင် ကလေးမိခင် မနွေးနွေး (အမည်လွှဲ) က အထက်ပါ စကားကို နွမ်းလျနေသည့် အသံဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မနွေးနွေးတို့ နေထိုင်သည့် ကုလားမ ကျေးရွာကို စစ်တပ်က လေးကြိမ်တိုင်တိုင် လာရောက် မီးရှို့ခဲ့မှုကြောင့် ဒေသခံအားလုံး နေရပ် မပြန်ရဲဘဲ လက်ရှိအချိန်ထိ တိမ်းရှောင် နေကြရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့ ကျေးရွာကို ပြီးခဲ့သည့် ဧပြီလအတွင်း နှစ်ကြိမ်တိုင် မီးရှို့ ဖျက်ဆီးခဲ့ရုံမက မီးလောင်ပြင် ဖြစ်နေသည့် ရွာကို မြေမြှုပ်မိုင်းများပါ ထားခဲ့ကြသည်။

ထိုမြေမြှုပ်မိုင်းများကြောင့် ကျေးရွာအတွင်း ပြန်ဝင်သည့် ရွာသားတစ်ဦး မိုင်းပေါက်ကွဲကာ ဒဏ်ရာ ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင်မှု ဒေသခံ မည်သူမျှ မပြန်ရဲ ကြတော့ဘဲ တောစပ်များ၌ မိုးကာတဲ ထိုးကာ နေကြတော့သည်။

ထိုသို့ မိုးကားတဲများဖြင့် နေနေရသည့် မနွေးနွေးတို့ ဒေသခံများ အတွက် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု များက ရပ်မသွားခဲ့ပေ။ ဇွန်လ ၁ ရက်နေ့တွင် စစ်တပ်က အဆိုပါ မိုးကာတဲများကို လာရောက်ကာ မီးရှို့ကြသည်။ ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ရှောင်တဲများကို လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ထပ်မံ မီးရှို့ကြသည်။ ပစ်ခတ် မီးရှို့မှုများကြောင့် ကျေးရွာသားနှစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံး ခဲ့ရသေးသည်။

“အခုက စားဝတ်နေရေး ခက်ခဲတာပေါ့။ မီးလောင်သွားတာ ဘာဆိုဘာမှ မကျန်တော့ဘူး။ ဖြစ်သလို နေစား နေရတာ။ လယ်လုပ်စရာလည်း မရှိ၊ မလုပ်ရဲဘူး ” ဟု မနွေးနွေးက ဆိုသည်။

မိုးကာ မဝယ်နိုင်၍ စစ်ရှောင်တဲများကို ထန်းရွက်၊ လက်လုပ်သက်ကယ် တို့ဖြင့် ကာမိုး နေထိုင်ကြကာ အနီး ပတ်ဝန်းကျင် ကျေးရွာများ၏ အကူအညီဖြင့် စားဝတ်နေရေးကို ဖြေရှင်း နေကြရသည်။ တချို့သော မိသားစုများမှာ ဆွေမျိုးနီးစပ် ရှိသည့် ဒေသများသို့ အပြီး ပြောင်းရွေ့ သွားကြသည်။

အနီးပတ်ဝန်းကျင် ကျေးရွာများ၏ အကူအညီသည်လည်း ရေရှည်အတွက် အဆင်မပြေပေ။ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ကို အကြမ်း ဖက် စစ်တပ်က တရစပ် စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံ ပြည်သူများမှာ တောင်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ပဲ ရှောင်တိမ်း နေရသည်က များသည်။

ကျေးရွာကို မီးရှို့ခံရစဥ် မည်သည့် ပစ္စည်းမှ ယူဆောင်ချိန် မရခဲ့သောကြောင့် လယ်ယာသုံး စက်ပစ္စည်းများ အပါအဝင် ကျွဲ၊နွားများပါ ဆုံးရှုံးခဲ့သည်။ စစ်ရေးအခြေအနေ အမြဲ ရှုပ်ထွေး နေသောကြောင့် ဒေသခံ စစ်ရှောင်များထံ ထောက်ပံ့ သူများလည်း မလာရဲ ကြသလို တောင်သူအလုပ်များလည်း မလုပ်နိုင်ကြပေ။

စစ်တပ်က အာဏာသိမ်းပြီးချိန် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲကြရာတွင် စစ်ကိုင်းတိုင်း(အထက်အညာ)က ညီညွတ်မှု အားကောင်းပြီး စစ်ကောင်စီကို ဖိအားပေးနိုင်သော ဒေသအဖြစ် ထင်ရှားသည်။ ထိုသို့ ထင်ရှားမှုကြောင့်လည်း စစ်ကောင်စီ၏ နည်းမျိုးစုံသုံး ရမ်းကားဖိနှိပ်မှုကို စစ်ကိုင်း ဒေသခံများ ခံကြရသည်။

စစ်အာဏာ သိမ်းပြီးချိန်မှ စ၍ ပြီးခဲ့သည့် မေလအထိ စစ်ကိုင်းတိုင်း အတွင်းရှိ အိမ်ခြေ ၁၄,၀၀၀ နီးပါး မီးရှို့ ခံထားရသည်ဟု ဒေတာမြန်မာ အဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး ခံထားရသည့် အိမ်ခြေများတွင်လည်း စစ်ကိုင်းတိုင်းက မီးရှို့ခံရမှု အများဆုံးတိုင်း ဖြစ်သည်။

တိုင်းအတွင်း မြို့နယ်များ၌ နေ့စဥ် ဆိုသကဲ့သို့ စစ်ကောင်စီတပ် စစ်ကြောင်းများ ရှိနေသည်။ ထိုစစ်ကြောင်းများက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့သည်။

ထိုအထဲတွင် ဦးအောင်တို့၏ ရွာနန်းရွာလည်း ပါသွားခဲ့သည်။

ဧပြီလ ၇ ရက်နေ့ နံနက် နံနက် အစောပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ရွာကို ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ကြသည်။ အိပ်မောကြကောင်းသည့် အချိန် ဖြစ်နေသည့်မို့ ရွာသားများမှာ နှိုးသူကနှိုး ပြေးနှင့်သူက ပြေးနှင့် တစ်ရွာလုံး စီစီညံသွားခဲ့သည်။

သတင်းကြိုရ၍ သက်ကြီးရွယ်အိုများ ၊ အမျိုးသမီးများနှင့် ကလေးများကို ဦးစားပေး သယ်ထုတ် ခဲ့ကြ သော်လည်း မပြေးနိုင်တော့သည့် သက်ကြီးရွယ်အို အဘွား သုံးဦး မီးလောင် သေဆုံးခဲ့သည်။ သက်လတ်ပိုင်း အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ယခင်က စစ်တပ်ထောက်ပံ့မှုကို ရရှိခဲ့သည့် ရွာသားတချို့က ကြံ့ခိုင်ရေး ပါတီဝင် ကဒ်များ ထုတ်ပြကြသော်လည်း မရဘဲ စစ်အုပ်စုက အကုန်မီးရှို့သွားသည်ဟု ဦးအောင်က ပြောသည်။

နေအိမ်အားလုံးနီးပါး မီးလောင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရန် လှောင်ထားသည့် မျိုးပဲများ အပါအဝင် ကျွဲ၊ နွား၊ ထွန်စက် စသည်တို့ပါ မီးလောင် ကျွမ်းသွားသည်။ အမြဲ လယ်လုပ်နေရသည့် တောင်သူကြီးတို့မှာ လယ်လုပ်ရန် မပြောနှင့် စားသောက်စရာ ပစ္စည်းပင် မကျန်တော့ပေ။

“စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဟိုက အကူအညီ လာတော့မှာလိုလို၊ ဒီက လာတော့မှာ လိုလို၊ တနုံ့နုံ့နဲ့ အခုချိန်အထိ အမေလွမ်းတဲ့ သားလို ဖြစ်နေရပြီ ” ဟု ဦးအောင်က ဝမ်းနည်းနေဟန်ဖြင့် ပြောသည်။

ကျွဲ၊ နွား၊ ဆိတ်အကောင်ရေ ရာနှင့်ချီကာ မီးထဲ ပါသွား၍ ကျွဲ၊နွားနှင့် ဖက်ကာ လယ်လုပ်ရသည့် တောင်သူများ အလုပ်လက်မဲ့ ဖြစ်ကုန်သည်။ စိုက်ပျိုးရာသီတွင် ပဲစိုက်ရန် စုဆောင်း ထားသမျှသည်လည်း ပြာပုံ အဖြစ်သာ ကျန်တော့သည်။

ထို့သို့သော ဖုန်းဆိုးပြင်၌ ဒေသခံများ စားစရာ၊ နေစရာ အခက်အခဲအပြင် သောက်သုံးရေ အခက်အခဲပါ ရှိလာကြသည်။ တောင်ကုန်းဒေသ ဖြစ်၍ ရွာနန်းကျေးရွာ၌ လက်လုပ်တွင်းများသာ တူးထား ရသည်။ အဆိုပါ သောက်သုံးရေကန်များလည်း မီးထဲ ပါသွားရာ သောက်သုံးရေ အခက်အခဲက စလာသည်။

“ရွာထဲ ပြန်မဝင်ရဲ ကြတော့ တောစပ်လေးတွေမှာ တဲထိုးနေကြရတယ်။ ရေကလည်း မိုးရွာရင် ရေခံ၊ တင်ကျန်နေတဲ့ ရေလေးတွေ သောက်ကြရတာ။ အရမ်းအခက်အခဲ ဖြစ်ပါတယ်” ဟု ဦးအောင်က ပြောသည်။

နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များတွင် မကွေး၊ ကရင်၊ ရခိုင်၊ ကယား၊ ရှမ်း၊ ပဲခူး အစရှိသည့် ဒေသများနည်းတူ စစ်ကိုင်းတိုင်းလည်း ပါဝင်သော်လည်း လက်ရှိ အချိန်အထိ ဒေသခံများထံသို့ မည်သည့် အကူအညီမျှ ရောက်မလာသေးပေ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့သည် ဆန်စပါး အဓိက ထွက်ရှိရာ ဒေသများ ဖြစ်သော်လည်း ယခုနှစ် စိုက်ပျိုး ရာသီတွင်မှု ခုခံ တော်လှန်စစ်ကြောင့် မည်သည့်သီးနှံမျှ မစိုက်နိုင်ခဲ့ကြပေ။

“ပေးစာ ကမ်းစာလေး စားနေရတာ။ နောက်တစ်လလောက် ဆိုရင် စားစရာ မရှိတော့ဘူး။ အကုန် ငတ်ကြတော့မှာ။ ဘယ်ကပဲ လာကူကူ ကူညီကြပါအုံး ” ဟု ဦးအောင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၆၀၀,၀၀၀ နီးပါး ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိုနှိုင်းရေးရုံး (OCHA) က ထုတ်ပြန် ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s