မုံရွာမြို့ ခရိုင်စီမံအုပ်ချုပ်ရေးမှူးလုပ်ကြံခံခဲ့ရ အပြန်အလှန်ပစ်ခတ်မှု၌ ဒုရဲအုပ်အပါဝင် ရဲ ၃ဦး သေဆုံးပြီး ပြောက်ကျားခေါင်းဆောင်ကျဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးအားလုပ်ကြံခဲ့ပြီး ပြန်လည်ဆုတ်ခွာလာသော ပြောက်ကျားများနှင့် ရဲများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် ရဲ သုံးဦးသေဆုံးပြီး ၎င်းတို့ ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ ဇွန်လ ၂၂ရက် ယနေ့တွင်ထုတ်ပြန်ကြေညာသည်။
ဇွန်လ ၁၉ရက် မနက် ၇နာရီခန့်တွင် မုံရွာမြို့ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်း တည်းခိုခန်းအနီးတွင် စစ်ကောင်စီခန့် မုံရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်း ဆိုသူအား ပစ်ခဲ့ရှင်းလင်းခဲ့ကြောင်း၊ မနက် ၈နာရီခန့်အချိန်တွင် ယင်းစီမံအုပ်ချုပ်ရေးမှူးအား ရှင်းလင်းအပြီး ပြန်လည် ဆုတ်ခွာလာသော ကာကွယ်ရေးပြောက်ကျားများနှင့် ချမ်းမြဝတီရပ်ကွက်၊ ဗန္ဓုလလမ်း ရေကူးကန်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒုရဲအုပ်တစ်ဦး အပါအဝင် ရဲတပ်သား နှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ ဗိုလ်လရောင် ကျည်ဆန်ထိမှန် ကျဆုံးသွားကြောင်းနှင့် ပစ္စတိုနှစ်လက်နှင့်ကျည်အချို့အပါအဝင် ဆိုင်ကယ် (CZI) တစ်စီး ဆုံးရှုံးခဲ့ကြောင်းဆိုသည်။
“ဗိုလ်လရောင်က ရန်သူနဲ့တွေ့လို့ရှိရင် ဘယ်တော့မှ အရှင်အဖမ်းမခံဘူး သူက ကျနော်တို့ ဝံပုလွေအဖွဲ့ရဲ့ ထုတ်လုပ်ရေးခေါင်းဆောင်ပါ” ဟု ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် မီးပွား မှ မဇ္စျိမ ကိုပြောသည်။
ဗိုလ်လရောင် ကျဆုံးချိန်တွင် ဇနီးနှင့် တစ်နှစ်ခြောက်လ အရွယ်ရှိ ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ဆုံးရှုံးမှုများသော ကြောင့် ပြည်သူများ အနေဖြင့် ကူညီကြစေလိုကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့တွေက အားလုံးကို မသင်္ကာဖြစ်ပြီး လိုက်လံရှာဖွေနေကြောင်း မုံရွာမြို၌ ယခုလုပ်ကြံမှုတွင် ညွှန်ကြားသည်ဟုဆိုပြီး အဖမ်းခံရသော ရှေ့နေတစ်ဦးမှာ ၎င်းတို့အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း ခေါင်းဆောင်မီးပွားမှ ဆက်လက်ပြောဆို သည်။
စစ်ကောင်စီတပ်ဖွဲ့ ထောက်ခံသော အွန်လိုင်းသတင်းဖြန့်ချိမှုတွင် မုံရွာမြို့ ချမ်းမြဝတီ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံ ၁၈လမ်းနေ အထက်တန်းရှေ့နေ ဦးအောင်ချမ်းမြေ့ သည် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းဇော်ထွန်း အား လုပ်ကြံမှုတွင် ညွှန်ကြားသူ ဖြစ်၍ ဖမ်းဆီးထားကြောင်းရေးသားထားသည်။mizzima