မြောင်းမြမြို့နယ် ပညာရေးမှူးရုံးမှ ရုံးစာရေး ကျပ်သိန်း၂၀၀ကျော် ယူဆောင် ထွက်ပြေး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးတွင် ရုံးစာရေး(၁)အဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ကျောင်းအုပ်ဆရာ၊ဆရာမကြီးများ၏ ခရီးစရိတ်ငွေ ကျပ်သိန်း ၂၀၀ကျော် ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြို့နယ်ပညာရေးမှူးရုံးတွင် ရုံးစာရေး(၁) အဖြစ် တာဝန်ထမ်းဆောင်နေသူ Non CDM ဝန်ထမ်းတစ်ဦးမှ Non CDM ကျောင်းအုပ် ဆရာ၊ဆရာမကြီးများအတွက် လစဉ်ခရီးစရိတ်ငွေများကို ထုတ်ပေးခြင်းမရှိဘဲ အချိန်ဆွဲထားရာမှ မြို့နယ်ပညာရေးမှူးက ခေါ်ယူစဉ်ဆေးမည် ပြုလုပ်စဉ် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“စာရေးနာမည်တော့ ထည့်မပြောဘူး၊ သူက ငွေလည်းကိုင်ရတော့ နည်းနည်းစီ ယူသုံးထားပြီးမှ စာရင်းလည်း မကိုက်တော့ရော ကျန်တာတွေပါ ယူပြီးတော့ ပြေးတာ၊ အားလုံးပေါင်း သိန်း ၂၀၀ကျော်တယ်၊ ကျောင်းအုပ်တွေကတော့ သူတို့ပိုက်ဆံမရတော့ စိတ်ဆိုးနေကြတယ်၊ အမှုလည်း မဖွင့်ရဲကြဘူး မြို့နယ်ပညာရေးမှူးက သတင်းဖုံးထားပြီးတော့ ကျောင်းတွေကို ခရီးစရိတ်တွေ မယူတော့ဖို့ဘဲ ပြောလွှတ်တယ်”ဟု မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် ကျောင်းအပ်နှံမှုမှာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး မြောင်းမြမြို့နယ်အတွင်း စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။ mizzima