ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် ၁ ပတ်အတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းစသည့်မြို့များတွင် စစ်ကောင်စီက ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ တပတ်အတွင်း အရပ်သား ပြည်သူ ၉၀ ကျော်အားဖမ်းဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇွန်လ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်အတွင်း ပုဏ္ဏားကျွန်းမှ အမျိုးသား ၃၀ ကျော်ကိုလည်းကောင်း၊ ကျောက်တော်တွင် ဇွန်လ ၂၁ ရက်နေ့က ဒေသခံ ၃၀ ကျော်ခန့်ကိုလည်းကောင်း၊ ယနေ့ ဇွန်လ ၂၂ ရက်နေ့ တွင် မြောက်ဦးမြို့မှ ၃၀ ကျော်အထိဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

“ မြောက်ဦးက မြို့လယ်၊ မြို့အဝင်ဝတွေ ပိတ်ပြီးစစ်ဆေးတယ်။ သူတို့မသင်္ကာတဲ့လူတွေကိုဆိုရင် တခါ တည်းဖမ်းဆီးသွားတယ်လို့ သိရတယ်။ လမ်းသွားလမ်းလာတွေလည်း မလုပ်ကြတော့ဘူး။ မြို့ပတ်ပြီး တော့ ရှာဖွေမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ဘယ်နှစ်ဦးထိရှိနေလဲ ကျနော်တို့ အတည်ပြုဖို့ခက်ခဲပါတယ် ”ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညအချိန်တွင် မြောက်ဦးမြို့ ရွှေဂူတောင်ရပ်ကွက်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်တပ်ထောက်လှမ်းရေး(စရဖ)သုံးဦးကို ရက္ခိုင့်တပ်တော်AAက ဖမ်းဆီးသွား ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ဒေသခံများအား စစ်ဆေးဖမ်းဆီးနေခြင်းလည်းဖြစ်သည်။

အလားတူ ကျောက်တော်မြို့တွင်လည်း ယနေ့နံနက် ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်များက မြို့ထဲ သို့ သေနတ် ၁၀ ချက်ကျော်ခန့် ပစ်ဖောက်ပြီး ဝင်ရောက်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ဒီနေ့လည်ပဲ စစ်ဆေးမှုတွေရှိတယ်လို့ သိရတယ်။ မနက် ၇ နာရီကျော်လောက်ကလည်း သေနတ်ဖောက် ပြီးဝင်တယ်လို့ ပြောတယ်။ သေနတ် ၁၀ ချက်ကျော်လောက် ဖောက်ပြီးဝင်တာတဲ့။ ကျောက်တော်မြို့ကို ကားနှစ်စီးသုံးစီးနဲ့ဝင်လာပြီးတော့ အဓိကကျတဲ့နေရာတွေကိုပိတ်ပြီး သွား လာလို့မရအောင် ပိတ်ထား တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တော်တွင် ယမန့်နေညကဖမ်းဆီးသွားသည့်အထဲမှအမျိုးသမီးလေးဦးအား စစ်ကောင်စီက ယနေ့ တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။

ရက္ခိုင့်တပ်တော်AA က မြောက်ဦးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး၊ ကျောက်တော်မှ ရဲတပ်သား သုံးဦး၊ စစ်ကောင်စီတပ်သား နှစ်ဦး၊ ပုဏ္ဏားကျွန်းမှ စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးထားကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

ULA/AA မှ စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးလျှင် ပြည်သူလူထု ၁၀ ဦးမှ ၂၀ ဦးခန့်အထိ စစ်ကောင်စီက ဖမ်းဆီးခြင်းမှာ ရက္ခိုင့်တပ်တော်AAအား အကျပ်ကိုင်လာခြင်းဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

“လက်နက်ကိုင်အဖွဲ့အချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာတွေက ပြဿနာမဟုတ်ပေမဲ့ ဘာတစ်ခုမှမသိတဲ့ ပြည်သူတွေကိုလက်တုံ့ပြန်တာက ပြည်သူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာတယ်။ အဲဒါက AAဖက်က တစ်ယောက်ဖမ်းသွားတာကြောင့် ငါတို့ဖက် ၁၀ ယောက် အယောက် ၂၀ ဖမ်းတယ်ဆိုတာက အကျပ်ကိုင် တာ။ မင်တို့လုပ်ရင်တော့ ငါတို့ ဒီလိုလုပ်မယ့်ဆိုတဲ့ပုံစံမျိုး၊ ဒါကို ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ မှာလည်းပြောပြီးသား။ နောက်ဖြစ်လာရင် ငါတို့ကိုအဆိုးမဆိုနဲ့ဆိုတာမျိုး။ ULA/AA ကဆို ULA/AA ကို တိုက်ပေါ့။ အဲဒီလိုမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတယ် စစ်ဆေးတယ်ဆိုတာက မဖြစ်သင့်ဘူး။ အဲဒါတွေက ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်။ ကြောက်ရွံ့စရာဖြစ်လာတယ်။ နယ်မြေတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်လာတာနဲ့တူတယ်။ အစိုးရကောင်းတစ်ရပ်အနေနဲ့ဆိုတော့ ဒါတွေကို ရှောင် သင့်တယ်။ လုပ်တဲ့လူတွေကိုပဲ တရားခံရှာပြီးတော့ ဖော်ထုတ်သင့်တယ် ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်တို့ သဘောတူညီမှုအရ တိုက်ပွဲများရပ်စဲနေသည် မှာ နှစ်နှစ်ကျော်ခန့်ရှိလာခဲ့ပြီး ယင်း ကာလတစ်လျောက်တွင် တိုက်ပွဲများ မဖြစ်ပွားခဲ့ပေ ။

သို့သော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နားလည်မှုဖြင့် လုပ်ဆောင်နေ သည့်အချိန်တွင် စစ်ကောင်စီက AA ၏ အုပ်ချုပ်ရေး၊ တရားစီးရင်ရေးကို ဝင်ရောက်စွက်ဖက်ပြီး ပါဝင် သည့်လူများကို ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို နှေးကွေးအောင်နှင့် ကုန်စျေးနှုန်းမြင့်တက်လာ အောင်လုပ်ဆောင်လာခြင်း၊ စစ်ကောင် စီ၏ထောက်ခံချက်များပါမှသာ သယ်ဆောင်ခွင့်ရှိခြင်းကဲ့သို့ လုပ်ရပ်များအား လုပ်ဆောင်လာခဲ့သည်။

အလားတူ စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်အင်အားဖြည့်တင်းခြင်း၊ ရေငုတ်သင်္ဘောများဖြင့်စစ်ရေးပြခြင်းများကို လုပ်ဆောင်လာခြင်းများမှာ စစ်တပ်နှင့် AA တို့ နားလည်မှု ပျက်လာခြင်းဖြစ်ကြောင်းလည်း ဦးဖေသန်းက ပြောသည်။

“ဒီအချိန်မှာတော့ သူတို့တွေက တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေပျက်လာတာတွေကို တွေ့ရတယ်။ အဲဒါကြောင့်လည်း တစ်ဖက်က စစ်သားတွေ၊ တာဝန်ရှိသူတွေ အဖမ်းခံရတာရှိတယ်။ မြေပြင်မှာလည်း AA အဖွဲ့ဝင်တွေ ဖမ်းခံထားရတာတွေရှိတယ်။ အဲဒါကြောင့် AA ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတာရှိတယ်။ သူတို့ဖမ်းတာကြောင့် ကျနော်တို့ ဖမ်းတယ်။ သုံ့ပန်းတွေ လဲလှယ်မယ်လို့လည်း ပြောခဲ့ တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီအနေဖြင့် လုပ်ဆောင်နေလျှင် ရခိုင်ပြည်နယ်၏အခြေအနေမှာ ဆိုးဆိုးရွာရွားဖြစ် လာမည်ဖြစ်ပြီး ပြည်သူများမှာလည်း စိတ်မလုံခြုံမူများပိုများလာနိုင်ကြောင်း ဦးဖေသန်းကသုံးသပ် ပြော ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s