ရေစကြိုတွင် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆင်းလာသော စစ်တပ် ဇက်သင်္ဘောများ ပစ်ခတ် တိုက်ခိုက်ခံရ
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်တပ် ဇက်သင်္ဘောများကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ရဲများ လိုက်ပါလာသော ဇက်သင်္ဘောကို ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျား တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း၊ Wolf Brothers PDF၊ ရဲဘော်ညီနောင်နှင့် သိန်းငှက်ပြောက်ကျားတပ် စသည့် မဟာမိတ် တပ်ပေါင်းစုများမှ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် အချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မဟာမိတ် တပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ချုံခို ပစ်ခတ်ခဲ့ကာ စစ်တပ်နှင့် ရဲများက လက်နက်ငယ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်သားများနှင့်ရဲများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ မဟာမိတ် တပ်ပေါင်းစုများက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေါင်းညီနောင် တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit