လှိုင်သာယာမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူကို လာရောက်ပစ်ခတ်သည့် ရဲဘော် ၂ ဦး ဆိုင်ကယ်ဖြင့်တိုက်ကာ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဒလန်ဟု နာမည်ထွက်နေသူကို လာရောက်ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်သည့် PDF ရဲဘော်နှစ်ဦး သမကုန်းအနီး အားမာန်မှတ်တိုင်တွင် ယနေ့ ဇွန်လ ၂၂ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆိုင်ကယ်ဖြင့်တိုက်တာ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ကုလားကြီးစုရွာထဲက ရုံးအဖွဲ့ဒလန်တယောက်ကို သေနတ်နဲ့ပစ်ပြီးထွက်အပြေးမှာ အဖမ်းခံလိုက်ရတယ်ဗျ။ ပုံမှာပါတဲ့လူက ဆိုင်ကယ်နဲ့တိုက် ဖမ်းပေးတာ၊ ထွက်တော့ပြေးတယ် မလွတ်ဘဲ အဖမ်းခံလိုက်ရတယ်။ နောက်လူတွေထပ်အဖမ်းမခံရအောင် သတိပေးပေးပါဦးဗျာ” ဟု ဖြစ်စဉ်အနီးတွင် ရှိနေသော မျက်မြင်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။
PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်ဖြင့် လိုက်တိုက်ခံရချိန်တွင် တစ်ယောက်တစ်နေရာစီ လူလွတ်ထွက်ပြေးကြသော်လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် လူတချို့က ၎င်းတို့အား လမ်းတစ်လျှောက်တွင် နှိပ်စက်သွားပြီး တစ်ဦး၏ လည်ပင်းကိုဓားဖြင့်ထိုးကြကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။
သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခံခဲ့ရသူမှာ သေဆုံးမှုမရှိဘဲ လွတ်မြောက်သွားကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားပြီးနောက် PDF ရဲဘော်နှစ်ဦးအား သောင်ကြီးရဲစခန်းသို့ ပို့်ဆောင်ထားပြီး စစ်ကောင်စီတပ်သားများကလည်း ဖြစ်စဉ်အနီးတစ် ဝိုက်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ mizzima