ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် လက်နက်ဝယ်ယူမည့် ဘတ်ငွေ ၅ သိန်းကျော် လိမ်လည်ခံရဟုဆို


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အတွက် လက်နက် ခဲယမ်းများ ဝယ်ယူရန် လွှဲပေးလိုက်သည့် ထိုင်းဘတ်ငွေ ငါးသိန်းကျော် လိမ်လည်ခံလိုက်ရကြောင်း ဒေါင်းမင်းစစ်ဆင်ရေး (TYC P.D.F) အဖွဲ့ အပါဝင် အဖွဲ့ ခြောက်ဖွဲ့က ဇွန်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့က လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံ မဟာချိုင် ကော့စမွတ်ရပ်ကွက် နေထိုင်သူ မြန်မာနိုင်ငံသား ဖြစ်သည့် ကိုရန်နိုင်ဦး Yan Naing Oo Facebook Account အမည်ဖြင့် သုံးစွဲနေသူထံ ထိုင်းဘဏ်အကောင့်(Bank Account)ထဲ လွှဲထည့်ပေးရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေး (TYC P.D.F) အဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
“သူ့ဆီကို ကျွန်တော်တို့က လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ အတွက်ဆိုပြီး အဖွဲ့ ခြောက်ဖွဲ့က ယုံယုံ ကြည်ကြည်နဲ့ ထိုင်းဘတ်ငွေ ငါးသိန်းကျော် လွှဲလိုက်တဲ့ အချိန်ကစပြီး အဆက်အသွယ် မရတော့တာ ဖြစ်တယ်”ဟု ဒေါင်းမင်းစစ်ဆင်ရေး(TYC P.D.F) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက အစောပိုင်းတွင် လွှဲပေးသည့် ငွေကြေးများဖြင့် လက်နက်များကို ဝယ်ပို့ပေးခဲ့ပြီးနောက် ယခုနောက်ဆုံး အကြိမ်တွင် ကိုရန်နိုင်ဦး Yan Naing Oo Facebook Account ဖြင့် သုံးစွဲနေသူက အဆက်အသွယ် ပြုလုပ်ခြင်း မရှိတော့ကြောင်း PDF အဖွဲ့ဝင်များထံမှ သိရသည်။
“အခု ထိုင်းဘတ်ငွေ ငါးသိန်းကျော်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့က သူ့ကို အဆက်အသွယ် လုပ်ပေမယ့် ခေါင်းရှောင်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်”ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းဘတ်ငွေ ငါးသိန်းကျော်နှင့် ပတ်သက်၍ တစ်ဖက်အဖွဲ့စည်းများ၏ စွပ်စွဲချက်အပေါ် ကိုရန်နိုင်ဦး Yan Naing Oo Facebook Account ထံသို့ ဆက်သွယ် မေးမြန်ရာ နှစ်ဖက် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ကြောင်း ကာယကံရှင်က တုံ့ပြန်ပြောဆိုသည်။
“လက်နက် ခဲယမ်းတွေကို ကျွန်တော်ကိုယ်တိုင် ဝယ်ယူတာမဟုတ်တဲ့အတွက် အခြားပွဲစားတစ်ယောက်နဲ့ ချိတ်ပြီး ဝယ်ပေးတာ ဖြစ်တယ်၊ အခု ဖြစ်စဉ် ကလည်း ထင်မြင် လွဲမှားတာပါ၊ လောလောဆယ်တော့ ကျွန်တော် ဒါပဲပြောနိုင်မှာ ဖြစ်တယ်၊ ဖြေရှင်းပြီးရင် ကျွန်တော် မီဒီယာကို ပြန်ဆက်သွယ်ပေးမှာပါ”ဟု ၎င်းက တုံ့ပြန် ပြောဆိုသည်။
ထိုအပြင် ယင်းငွေကြေးများဖြင့် ကိုရန်နိုင်ဦး၏ ညီမဖြစ်သူကို ဂျပန်သို့ အလုပ် သွားလုပ်ရန် အတွက် တစ်စိတ်တစ်ပိုင်း ထောက်ပံ့ခဲ့ကြောင်း PDF အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အချက်အပေါ် ကိုရန်နိုင်ဦး၏ ညီမဖြစ်သူ မနီနီဝါက “လုံးဝ မဟုတ်ပါဘူးရှင် သက်သက်မဲ့ စွပ်စွဲတာပါ ညီမတို့ မိသားစုရှာတဲ့ ငွေနဲ့ ညီမကို ဒီကို ပို့တာပါ”ဟု တုံ့ပြန်ပြောဆိုသည်။
ထို့အပြင် ပြည်သူများ၏ ချွေးနှဲစာဖြင့် ငွေကြေးများကို တစ်ပြားတစ်ချပ်မကျန် ပြန်လည်ပေးဆောင်ရန် ပြည်သူ့ကာကွယ်ရေးပေါင်းစုမှ ထုတ်ပြန်ထားသည်။
အလွဲသုံးစား ပြုလုပ်ခံရသည့် ပြည်သူ့ငွေ စုစုပေါင်း (ဂဏန်းဖြင့်) 529,910 THB ၊ (စာဖြင့်) ထိုင်း ဘတ်ငွေ ငါးသိန်းကျော်သည် ဒေါင်းမင်း စစ် ဆင်ရေး အဖွဲ့ (TYC-PDF) နှင့် မဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသော နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ Dawei Defense Team-DDT နှင့် ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတို့မှ လွှဲပေးထားသည့် ငွေများ ဖြစ်ကြောင်း သိရသည်။ mizzima