ဖားကန့်ရှိ ဆန်ခါအကျဉ်းထောင် လက်နက် ကြီးဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆန်ခါအကျဉ်းထောင်ကို ယနေ့ (ဇွန် ၂၂) နံနက်အစောပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ဆန်ခါအကျဉ်းထောင်ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က နံနက် ၄ နာရီခန့်တွင် လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် လာရောက်ပစ်ခတ်စဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား သည်ဟုလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီကျဉ်းထောင်မှာက စစ်သားတွေ ရှိတယ်။ မနက် ၄ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေကြား ရတာ အချက် ၂၀ လောက်ရှိတယ်။ ပြီးတော့ သူတို့ (စစ်တပ်က) ပြန်ပစ်ကြပြီး အပြန်အလှန်ဆက်ပစ် ကြတာ” ဟု ၎င်းက ပြောသည်။

တစ်နာရီခန့်ကြာအောင် ပစ်ခတ်ခဲ့ပြီးနောက် ပူးပေါင်းအဖွဲ့ ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ သတင်းမကြားရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ယနေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေ ကြားခြင်း မရှိပေ။

စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် လက်တည့်စမ်း ပစ်ခတ်နေသည့်အတွက် KIA က သတိပေးပစ်ခတ်ခြင်းဖြစ်နိုင် သည်ဟု ဒေသခံအချို့က သုံးသပ်သည်။

စစ်ကောင်စီတပ်ကို ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံထားရသည့် ဖားကန့်ဒေသခံအချို့ကို အဆိုပါထောင် တွင် ချုပ်နှောင်ထားသလို အနီးအနားရွာများကိုလည်း ၎င်းအကျဉ်းထောင်ဘက်မှ မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဇွန် ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါ ဆန်ခါထောင်မှနေ၍ လက်နက်ကြီးဖြင့်  အနီးအနားရွာများကို ပစ်ခတ်ရာ မှော််ပုံရွာမှ ဒေသခံ ၃ ဦးဒဏ်ရာရခဲ့ပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ညိုဝင်းမှာ ဆေးရုံသို့ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။ 

“နောက်တစ်ရက်မှာ ဒေါ်ခင်ညိုဝင်း ဆိုတဲ့တစ်ယောက်က ဒဏ်ရာပြင်းလို့ ဖားကန့်ဆေးရုံကနေ မြစ်ကြီးနား ဆေးရုံပို့ဖို့အဆင်း နန့်ယားရွာနားမှာ ဆုံးသွားတာ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မေလကလည်း အဆိုပါ ထောင်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မှော်ပုံရွာမှ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ များလည်း ရှိခဲ့သည်။

စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများ အသတ်ခံရ

အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဆန့်ကျင်ရာ၌ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီထောက်တိုင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများလည်း မကြာခဏသတ်ဖြတ် ခံနေရသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်က လုံးခင်းအုပ်စု မှော်စီဆာကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်ကာ မျက်လုံးအဝတ်စည်းပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားအလောင်း သုံးလောင်းကို တွေ့ရှိခဲ့သည်။

၎င်းတို့ အသတ်ခံရသည့်နေ့ ည ၁၀ နာရီခန့်က သေနတ်သံအချို့ ကြားလိုက်ရပြီး နောက်နေ့နံနက်တွင် အဆိုပါ အလောင်းများကို တွေ့ရခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောသည်။

အသတ်ခံရသူသုံးဦးလုံးတွင် ဦးခေါင်းကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ပြီး အနီးအနားတွင်လည်း ပစ္စတို ကျည်ခွံ ၈ ခု တွေ့ရသည်ဟု အလောင်းများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့်  လူမှုကူညီရေး အသင်းမှ တာဝန် ရှိသူက ပြောသည်။

အသတ်ခံရသူ နှစ်ဦးမှာ ဖားကန့်မြို့နယ် ဆိုင်းရာရွာသစ်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးထွန်းအောင်နှင့် တောမှော်ရွာတွင်နေထိုင်သည့် အသက် ၆၀ အရွယ် ဦးသက်ချိုဦးတို့ဖြစ်ပြီး အသက် ၂၀ ကျော်ခန့်ရှိသူတစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။

“အဲဒီနေ့မှာ ဆေးရုံကနေထုတ်ပြီး သင်္ဂြိုဟ်ပေးလိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ နောက်တစ်ရက် အထိ စောင့်ပြီး (ဆက်သွယ်မဲ့သူ) နောက်ထပ်မပေါ်တော့ အချက်အလက်၊ ဓတ်ပုံမှတ်တမ်းယူထားပြီး သင်္ဂြိုဟ် ပေးလိုက်ပါတယ်” ဟု ဒေသခံ လူမှုရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

သေဆုံးသူ ဦးထွန်းအောင်မှာ စစ်ကိုင်းတိုင်း ရေဦးမြို့မှဖြစ်ပြီး ဦးသက်ချိုဦးမှာ ထီးချိုင့်မြို့နယ်မှဖြစ် သည်ဟု သိရသည်။ အသတ်ခံရသူများမှာ စစ်ကောင်စီသတင်းပေးများဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

စစ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်အတွင်း အဆိုပါသတ်ဖြတ်မှုပုံစံမျိုးဖြင့် ကောက်ယူခဲ့ရသည့် အလောင်း ၂၇ လောင်းရှိပြီး ၎င်းတို့ လူမှုရေးအသင်းတစ်ခုတည်းက ကောက်ယူခဲ့သည့် အလောင်းများ ဖြစ်သည်ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ယခုလ ၁ ရက်ကလည်း မက်လင်ချောင်ရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်နှင့် အခြားအမျိုးသား သုံးဦး၏ အလောင်းများကို ဆွတ်အောင်ရွာအ နီး တွေ့ရှိခဲ့ပြီး နောက်တစ်ရက်အကြာတွင် နတ်မှော်ရွာ အုပ်ချုပ်ရေး မှူး ဦးအာဗြဲ၏အလောင်းကို ရွာဟောင်းအနီး ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါ အလောင်းများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကိုလည်း မေးမြန်း၍ မရသေးပေ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s