မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်များတွင် အိန္ဒိယနိုင်ငံက လုံခြုံရေး စစ်ဆေးမှုတင်းကျပ်

မြန်မာနှင့် အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ယောင်လိန်းမြို့တွင် ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အိန္ဒိယ စစ်သားများက လုံခြုံရေးစစ်ဆေးမှုများ ရှိနေပြီး မြန်မာဘက်တွင်လည်း စစ်ကောင်စီတပ်များ ယောင်လိန်းနယ်ခြားချောင်းအတွင်း ရောက်ရှိကာ အင်အား ဖြည့်တင်းလျက်ရှိသည်ကိုတွေ့မြင်နေရသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်များရောက်ရှိနေသည့် ယောင်လိန်းချောင်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့ကို ခြား ထားသည့် နယ်ခြားချောင်း ဖြစ်သည်။
”လိုင်လင်းပီမှာ စကစတွေရဲ့ တပ်စခန်းရှိတယ်။ ရဲကင်းလည်းရှိတယ်။ ပြီးတော့ ဒေသခံကာကွယ်ရေးတပ်ဆိုရင်လည်း နှစ်ဖွဲ့တောင်ရှိနေတယ်။ CDF-မာရာနဲ့ Maraland Defense Force (MDF)ဆိုပြီးပါ။ တိုက်ပွဲတော့တစ်ခါမှ မဖြစ်သေးဘူး။ အခုလိုင်လင်းပီမှာ စစ်ကောင်စီတပ်တွေအား ဖြည့်နေတယ်ဆိုတာက နယ်စပ်ပေါက် ဂိတ်ကို ပိတ်ချင်တာကြောင့်ဖြစ်မယ်”ဟုမတူပီမြို့ပေါ်ရှိ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ နယ်စပ်ဂိတ်များတွင် လက်နက်နှင့်မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိခြင်း၊ မှောင်ခိုပစ္စည်းများဖမ်းဆီးရမိခြင်းတို့ကြောင့် အိန္ဒိ ယနယ်ခြားစောင့်တပ်က လုံခြုံရေးတင်းကျပ်ခြင်းများလည်းဖြစ်နိုင်သည်ဟုဒေသခံများက ဆိုသည်။
ယခင်က အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်တွင် အာဏာပိုင်များက စစ်ဆေးမှုမရှိဘဲ သွားလာခွင့်ပြုထားသည့်အတွက် မတူပီမြို့နယ်ရှိ စစ်ဘေး ရှောင်များနှင့် သွားရောက်၍ဆေးဝါးကုသသည့်သူများ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သည်။
ယခုအခါ အိန္ဒိယ စစ်သားများ၏ လုံခြုံရေးစစ်ဆေးမှုများနှင့် စစ်ဆေးမှုတင်းကျပ်ခြင်း များကြောင့် စစ်ရှောင်များအတွက်ပါ သွားလာရန် ခက် ခဲလာနိုင်ကြောင်းသိရသည်။ mizzima