အင်အား ၂၀ ဝန်းကျင်ရှိ ဆားလင်းကြီးမြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ၅ ဦးထက်မနည်း သေဆုံးနိုင်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခ်ိုက်ခဲ့ပြီး ငါးဦးထက်မနည်းသေဆုံးနိုင်ကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား အယောက် ၂၀ ဝန်းကျင်ရှိသည့် ဆားလင်းကြီးမြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် ၁၂၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ညခင်းပိုင်းမှာကတည်းက နေရာကြိုယူတယ်ပေါ့ဗျာ။ နေရာယူပြီးတော့ ဒီနေ့ မနက် ၂နာရီ ၃၀မိနစ်လောက်မှာ ၁၂၀ မမနဲ့ ၁၁ လုံးထုတယ်။ အဲ့မှာ ခွေးတွေဘက်က လက်နက်ကြီးနဲ့ သုံးလုံး ပြန်ထုတယ်။ သတင်းပေးရဲ့ ပြောကြားချက်အရ စခန်းတွင်းမှာ ခုနစ်ဦးလောက် ကင်းပတ်နေတဲ့အချိန် လက်နက်ကြီးက သူတို့နားကျတော့ ငါးဦးထက်မနည်း သေဆုံးနိုင်တယ် ” ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်း တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုသူရက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ကာကွယ်ရေးတပ်ဖွဲ့ကို ရဲစခန်းတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အထိအခိုက်မရှိ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ (၂)နှင့် တပ်ခွဲ (၄) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆားလင်းကြီးမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်အတွင်း ကင်းပုန်းများဖြင့် လုံခြုံရေးချထားကာ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဆားလင်းကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အား အယောက် ၁၀၀ ကျော်ရှိပြီး ဆားလင်းကြီးမြို့နယ်ခန်းမအပါအဝင် မြို့နယ်နေရာအနှံ့အ ပြားတွင် တပ်စွဲထားကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ mizzima