Monthly Archives: Jun 2022

စစ်တွေမြို့ကို စစ်တပ်က အင်အားသုံးရှာဖွေ၊ ၁၃ ဦးထက်မနည်း အဖမ်းခံရ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ စစ်ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး အဖမ်းခံရပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ရှာဖွေစစ်ဆေးနေပြီး ဒေသခံ ၁၃ ဦးထက်မနည်း အဖမ်းခံထားရသည်ဟု မြို့ခံများထံမှ သိရသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်တပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး စစ်တွေမြို့ဝင် ကားဂိတ်တွင် အဖမ်းခံရပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် အနောက်စံပြရပ်ကွက်၌ စစ်သားတစ်ဦး ထပ်အဖမ်းခံရကြောင်း၊ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီနှင့် AA ကြား စစ်ရေးအခြေအနေ တင်းမာသထက် တင်းမာလာပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏာကျွန်းတို့တွင် ယခုသီတင်းပတ်အတွင်း နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ရှိလာပြီးနောက် စစ်တွေမြို့ပေါ်အထိ ရောက်ရှိလာခြင်းဖြစ်သည်။ 

စစ်တွေမြို့တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ရပ်ကွက်အချို့ကို လိုက်လံစစ်ဆေးသည့်ပြင် မြို့အဝင်၌လည်း အစစ်အဆေးကြမ်းနေသော ကြောင့် ယမန်နေ့ ညနေပိုင်းအထိ လူသွားလူလာ မရှိသလောက် တိတ်ဆိတ်ခဲ့သည်ဟု ဆိုသည်။

နှစ်ရက်ဆက် စစ်ဆေးဖမ်းဆီးမှုများကြောင့် စစ်တွေမြို့တွင် အဖမ်းခံရသူ ၁၃ ဦးထက်မနည်းရှိကြောင်း မြို့ခံများက ဆိုသော်လည်း အတိအ ကျ မသိရပေ။ 

ယမန်နေ့ ညနေပိုင်းတွင် မြို့ဝင်ဂိတ်နားရှိ ရပ်ကွက်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး လူငါးဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။​

စစ်တပ်က မြို့ဝင်မုခ်ဦးတွင် စတိုက်ပါသမားများပါ ချထားပြီး စစ်ဆေးနေသောကြောင့် ဆိုင်များပါ ပိတ်ထားရသည်ဟု ဆိုသည်။ 

“မနေ့က ညပိုင်းက မြို့ဝင်မုခ်ဝနားမှာ ပစ်တယ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်” 

ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကို စစ်တပ်က နှစ်ကြိမ်ခန့် ထပ်ရောက်လာပြီး လူလေးဦးထပ်ဖမ်းခဲ့ကြောင်း နောက်ထပ် မြို့ခံအမျိုး သမီးတစ်ဦးက ပြောသည်။​

“မနက်မိုးလင်းတာနဲ့ ရပ်ကွက်က လူတွေပြောတာက  လေးယောက်လောက် ပါသွားတယ်လို့ ပြောကြတယ်။ အခုလည်း မင်းဂံဘက်မှာ စစ် တပ်က ရှိနေသေးတယ်” ဟု ထိုအမျိုးသမီးက ယနေ့ (ဇွန် ၂၄) ပြောသည်။

စစ်တွေမြို့တောင်ဘက်ရှိ ရွာသစ်ကေအုပ်စု၊ သက္ကေပြင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်ခင် (ခ) ဆော်လိမ်ဆိုသူကိုလည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“သက္ကေပြင်စျေးကနေ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိဘူး။ စစ်သားတွေ အင်အား ဘယ်လောက်ပါတယ်ဆိုတာကို မတွေ့လိုက်ရဘူး။ ကျွန်မက အိမ်ထဲမှာနေတာဆိုတော့ မမြင်လိုက်ရဘူး” ဟု အဖမ်းခံရသူ၏ ဇနီးက ပြောသည်။

သက္ကယ်ပြင်ကျေးရွာမှာ ၂၀၁၂ ခုနှစ်က ပဋိပက္ခဖြစ်ပြီးနောက် အစ္စလာလာမ်ဘာသာဝင်များကို ရွှေ့ပြောင်းနေရာချထားသည့်နေရာဖြစ်ပြီး အ သွားအလာကန့်သတ်ထားသည့် နေရာလည်းဖြစ်သည်။

စစ်တပ်က စစ်တွေ့မြို့ရှိ လှေဆိပ်များကို ဝင်ရောက်စစ်ဆေးကာ ရေယာဉ်များ သွားလာခွင့်ပိတ်ပင်ထားကြောင်း အမြန်ရေယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက ဒေသခံ မီဒီယာတစ်ခုကို ပြောကြားထားသည်။ 

အရပ်သားပြည်သူများကို အပြစ်ရှာပြီး မတရားဖမ်းဆီးနေသော အာဏာသိမ်းစစ်ကောင်စီတပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင် ပြောင်တင်းတင်း ကျူးလွန်နေသောကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့က ယနေ့ထုတ်ပြန်သည်။ myanmar now

မိုင်းမတော်တဆမှုဖြင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကိုနိုင်လင်းထွန်း သည် ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်၌ မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရသည်။

” အလယ်ကျွန်း ပျူရွာ ဘက်ကို မိုင်းသွားခင်းပြီး အပြန်လမ်းမှာ မတော်တဆ ဖြစ်တာပါ။ ဖြစ်တာက ရဲဘော် နှစ်ယောက်ပါဗျ။ တစ်ယောက်ကတော့ ပေါင်ကိုဖြတ်လိုက်ရတယ်။ ရဲဘော် နိုင်လင်းထွန်း ကတော့ ကျသွားတယ်။ မိုင်းကို ဆိုင်ကယ်ရှေ့ကို ညှပ်ပြီး ထိန်းမောင်းလာစဥ် မိုင်းအတွင်းရှိ ကပ်သီးမှ လန့်၍ ထကွဲခြင်းကြောင့် ပေါက်ကွဲရတာဖြစ်တယ်” ဟု အသက်ရှင်ကျန်ရစ်သည့် ရဲဘော်တစ်ဦးက ဆိုသည်။

ကျဆုံးရဲဘော် ကိုနိုင်လင်းထွန်းတွင် သုံးလသား ကလေးတစ်ဦးနှင့် လေးနှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း၊ ၎င်းကို ဇွန်လ ၂၃ ရက် ညနေပိုင်းတွင် ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် အဆုံးမသတ်သေးသည့် တော်လှန်ရေးကို ဆက်လက်ထမ်းဆောင်မည်ဟု ကတိပြုကာ ကျဆုံးရဲဘော်အား တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြောင်းလည်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဆိုသည်။ mizzima

အာဆီယံလူသားချင်းစာနာမှုအကူအညီများ စစ်ကောင်စီထံမှ တဆင့်မပေးရန် တိုကျိုမြို့တွင် ဆန္ဒပြ

မြန်မာပြည်သူတွေအတွက် အာဆီယံကပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီကနေတဆင့် မပေးအပ်ဖို့  ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက  ဂျပန်နိုင်ငံ တိုကျိုမြို့တော် အဆကဆမြို့ရှိ ကမ္ဘောဒီးယားသံရုံးရှေ့မှာ ဇွန် ၂၄ ရက် ဒီကနေ့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ ၆  ရက်က ကျင်းပခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိ‌တွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လူ သားချင်းစာနာထောက်ထားမှုအကူအညီတွေကို စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့အဖွဲ့ကနေတဆင့် ပေးအပ်ဖို့  ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတကာဆန့်ကျင်လှုပ်ရှားမှုဖြစ် ဂျပန်အပါအဝင် အာရှနိုင်ငံတချို့ရှိ ကမ္ဘောဒီးယားသံရုံးတွေမှာ ဒီနေ့ တပြိုင်နက်တည်း သွား ရောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ပေးအပ်မယ့် အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်အပေါ် ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထားတွေကို သက်ဆိုင်ရာသံရုံးတွေထံကို  စာတိုက်နဲ့ မီဒီယာတွေကနေ တဆင့်ပေးပို့သွားမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့   မြန်မာ့အရေးလှုပ်ရှားသူ  ဦးမြင့်ဆွေက ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို မဆက်ဆံရေး၊ NUG အစိုးရကို အမြန်ဆုံးအသိအမှတ်ပြု ဆက်ဆံရေးအပါအဝင်မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို  ဂျပန်-မြန်မာ-အင်္ဂလိပ် သုံးဘာသာနဲ့ ဆန္ဒပြသူတွေက  ကြွေးကြော်တောင်းဆိုကြပါတယ်။ 

မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ  ရေးထားတဲ့ စာကိုတော့ တိုကျိုအခြေစိုက်  ကမ္ဘောဒီးယားသံရုံးတာဝန်ရှိသူတွေက ကိုယ်တိုင်လက်ခံယူခဲ့တာမရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဘေးနဲ့ကြုံခဲ့ရစဉ်တုန်းကလည်း  နိုင်ငံတကာ အကူအညီတွေကို စစ်အစိုးရကတဆင့်ပေးခဲ့ရာမှာ တကယ်ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ဆီမရောက်ပဲ စစ်အစိုးရနဲ့ စျေးကွက်ထဲကိုသာ ရောက်ခဲ့တဲ့သာဓကရှိခဲ့လို့  အခုအချိန်မှာ အမှန်တယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီရောက်ဖို့အတွက် အများယုံကြည်ရတဲ့ NUG အစိုးရထံကနေ တဆင့် အကူအညီတွေပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြပွဲကိုလာ ရောက်ပူးပေါင်းပါဝင်ခဲ့တဲ့ တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိန်မြင့်အောင်က ပြောပါတယ်။

“တချိန်တုန်းကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဆိုတဲ့ကိစ္စက သဘာဝကပေးတဲ့ သဘာဝရဲ့ဘေးဒုက္ခ။ အခုဒီနေ့မြန်မာပြည်သူတွေခံစားနေရတဲ့ ဘေးဒုက္ခက နာဂစ်ထက်လည်းပိုကျယ်ပြန့်တဲ့ မြန်မာပြည်တဝန်းလုံးခံစားနေရတဲ့ ဒုက္ခကတော့  သဘာဝက ပေးတဲ့ ဒုက္ခမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ရူးသွပ်မှု၊ အဖွဲ့အစည်းတခုရဲ့ ရူးသွပ်မှု၊ အာဏာမက်မောမှု ဒီအတွက်ဖြစ်လာတဲ့ ပြည်သူတွေရဲ့ ဒုက္ခပေါင်းများစွာကိုလစ်လျူရှုပြီးတော့ ဒီတခါလည်းလာပြန်ပြီး ဒီစစ်အစိုးရဆီကမှ တဆင့် သူတို့ ဒီအထောက်အပံ့တွေကို လက်ခံမယ် ပြည်သူကိုတိုက်ရိုက် ဒါဟ ာစက်ဆုတ်ဖွယ်ကောင်းတဲ့ ကိစ္စကြီးဖြစ်နေတယ်။ ဒီကိစ္စကို ပြုပြင်နိုင်ဖို့ ကျနော်တို့ ဂျပန်ရောက် မြန်မာပြည်သူတွေက  ဒီလိုအချက်အလက်တွေအခိုင် အမာရှိနေရဲ့သားနဲ့ ဒါတွေကို မမြင်ကွယ်ရာ လုပ်နေတာကို  မခံနိုင်လို့ ဂျပန်ရောက် မြန်မာလူထုက လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့  ကမ္ဘောဒီး ယားနိုင်ငံရဲ့ သံရုံးရှေ့မှာ အခုလိုလာရောက် ဆန္ဒပြတာဖြစ်တယ်” 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အချင်းချင်းတွေ သွေးမကွဲဖို့လိုတယ်လို့လည်း  ဝါရင့်စာနယ်ဇင်းသမားဟောင်း ဦးစိန်မြင့်အောင်က ပြောပါတယ်။ 

“ကျနော်တို့ အရေးတော်ပုံက ပြည်သူတွေကို မညှာမတာ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်အဆိုးတွေကြောင့် ပြည်သူက တော်လှန်ရတာ၊ အလကားတော်လှန်နေရတာမဟုတ်ဘူး။ ဒီအတွက် ကျနော်တို့ပြည်သူတွေအားလုံးအုံကြွတယ်။ ကျနော်တို့ရဲ့ အရေး တော်ပုံ အောင်ကိုအောင်ရမယ်။ တခုပဲရှိတယ် ကျနော်တို့ အချင်းချင်းတွေ သွေးမကွဲဖို့လိုတယ်၊ ကျနော်တို့ အောင်နေပြီဆိုတာ တကယ်လည်းအောင်နေပြီ။ အချင်းချင်း သွေးကွဲရင် ခွေးဆွဲလိမ့်မယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၂၀၀၀ ကျော်ရှိလာပြီး မီးရှို့ဖျက် ဆီးခံရတဲ့ ကျေးရွာတွေလည်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေဟာလည်း ဆိုးဝါးစွာကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တဝက်လောက်က  နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်းနဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄  သန်း  လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ပြောကြားထားပါတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းလိုက်တဲ့ ဆန်တွေကို အာဏာသိမ်းစစ်အုပ်စုက ဆန်ကွဲနဲ့လဲပြီး ယူ ထားလိုက်တာကြောင့် အမှန်တကယ် လိုအပ်သူတွေဆီ အကူအညီတိုက်ရိုက်ပေးပို့နိုင်ရေး ဂျပန်နိုင်ငံရဲ့ ပါတီစုံလွှတ်တော်အမတ်တွေ ဦး ဆောင်ပါဝင်တဲ့ အကျိုးအမြတ်မရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ DVB

အောင်မင်္ဂလာ စစ်ဆင်ရေးအဖြစ် သာကေတရေတပ်ဝန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖောက်ခွဲမှုပြုလုပ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်ရှိ ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အသစ်ဆောက်လုပ်ထားသော စစ်ကောင်စီ နှစ်ထပ်ဘန်ကာတို့အား ဇွန်လ၂၄ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် God Hand Force အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှု မရှိဘူးကြားပါတယ်၊မြေပြင်ကို အတည်ပြုနေတုန်းပါ၊ ထိခိုက်မှုတို့ ပျက်စီးမှုကို”ဟု God Hand Force အဖွဲ့တာဝန်ရှိသူက ပြော သည်။

ယခုစစ်ဆင်ရေးကို အောင်မင်္ဂလာစစ်ဆင်ရေးဟု နာမည်ပေးထားပြီး အဖမ်းဆီးခံရဲဘော်များအား သတိရဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အောင်မင်္ဂလာ စစ်ဆင်ရေးက အဖမ်းဆီးခံရဲဘော်တွေကို သတိရဂုဏ်ပြုတာပါ၊ အောင်မင်္ဂလာဆိုတဲ့ အမည်မှာ အမှတ်တရတွေ ရှိလို့ပါ တ ခြားတော့ ရည်ရွယ်ချက်မရှိပါဘူး”ဟု ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ mizzima

ဗန်းမောက်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၆၁ ဦးသေ ဆုံးကာ သဂြိုလ်မည့်သူမရှိ၍ PDF က သဂြိုလ်ပေးရ၊ ခင်ဦးနှင့် တန့်ဆည်တို့တွင် စစ်ကားနှင့် ပျူစောထီး များ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မင်းကုန်းနှင့် ရွာသာယာအ ကြားတွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ ကသာတပ်ရင်း ၂ (ဗန်းမောက် PDF၊ အင်းတော်PDF) တို့ ဇွန်လ ၂၃ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၆၁ ဦး သေဆုံးခဲ့ကြောင်း Banmauk Revolution – BRမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သေဆုံးမှုတွေနဲ့အတူ လက်နက်တွေ သိမ်းဆည်းမိသလားဆိုတာကိုတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ မနေ့ညက တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ် ။ လက်ရှိအချိန်မှာလည်း အချိန်မရွေးထပ်ဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ ဆိုင်ထားပါတယ်။ ကျနော်တို့ဘက်ကတော့ အကြီးစားဒဏ်ရာရရှိမှု မရှိပါဘူး” ဟု Banmauk Revolution – BRမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအသေးစိတ်အခြေအနေများကို ဆက်လက် အသိပေးမည်ဖြစ်ကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးမှု များပြား ခဲ့သောကြောင့် သေဆုံးစစ်သား ရုပ်အလောင်းများကို ပြန်ကောက် နိုင်ခြင်း မရှိဘဲ တပ်ပျက်ပြီး ထွက်ပြေး သွားသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ များမှ သင်္ဂြိုလ်ပေးလိုက်ရကြောင်း Banmauk Revolution – BRမှ တာဝန် ရှိသူက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Barbaric Dragon Guerrilla Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံ ပြောဆိုသည်။

“ခွေးကား၂စီးထိသွားတယ်။ ၁စီးကလမ်းဘေးထိုးဆင်းသွားပြီး၊ပြန်တက်လာ တယ်။ ၁စီးက လဲသွားတယ်။ ဘယ်နှစ် ယောက်သေ၊ ဒဏ်ရာရ တယ်ဆိုတာ စာရင်းအတိအကျ မသိသေးပါ။ ရွှေဘိုဈေးဝယ်သွား တဲ့ဈေးကား တွေရဲ့ သတင်း ပေးပို့ချက်အရ ထိထားတဲ့ ခွေးတွေကို ကတုံးရိတ်၊သက်န်းပတ်ပြီး ကားပေါ် တင်နေတာမြင်ခဲ့တယ် သတင်းပို့ပါတယ်” ဟု Barbaric Dragon Guerrilla Forceမှ တာဝန်ရှိသူကဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ် မူးဂွရွာအတွင်းရှိ ကင်းပုန်းဝပ်‌နေ သော ပျူစောထီးများကို Guerrilla Warfare K.P.K တပ်ဖွဲ နှင့် ပလဖအဖွဲတို ပူးပေါင်းပြီး ဇွန်လ၂၃ရက် ည၈နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပျူ‌စောထီး ၂ဦး သေဆုံးကြောင်း သိရသည်။

‌ဇွန်လ၂၃ရက်နေ့တွင် တန့်ဆည်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲများနှင့် စစ်ကောင်စီတပ်တို ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit

ချင်းပြည်နယ် ထန်တလန်တွင် ဘုရားကျောင်းကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅နာရီ ၄၀ မိနစ်ခန့်က ယုံကြည်သူများ အသင်းတော်၏ ကျက်သရေ ဆောင်ခန်းမကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း အသင်းတော်ထံမှ သိရသည်။

”မနေ့က ညနေပိုင်းက မီးလောင်သွားတယ်လို့ သိရတယ်။ ဒါကတော့ တမင်သက်သက် ဘုရားကျောင်းတွေကို လိုက်ပြီးမီးရှို့သလိုဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ အဲ့ဒီဘုရားကျောင်းဘေးမှာ ဘယ်လူနေအိမ်မှမရှိဘူး။ တမင်တကာကို မီးရှို့လိုက်တာ ”ဟု အဆိုပါအသင်းတော်မှ အ သင်းသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်ရက်ပိုင်း ဇွန်လ ၉ရက် နေ့ကလည်း ထန်တလန်မြို့၏ ကျက်သရေဆောင် ”ထန်တလန်နှစ်ခြင်းဘုရားကျောင်း” ကို မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ထန်တလန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၁၂ လုံးနှင့် ဘာသာရေးအဆောက်အဦ ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ mizzima

ပြည်တွင်းကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်ကျ

မြန်မာပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်း အမြင့်ပိုင်း ရောက်ရှိနေချိန် ရန်ကုန်ဈေးကွက်အတွင်းကို တရုတ်ကြက်သွန်တွေ ပြန်ဝင်ရောက်လာလို့ ပြည်တွင်းကြက်သွန်နီဈေး အနည်းငယ် ပြန်လည်ကျဆင်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက တပိဿာကို ကျပ် ၅၀၀ ကနေ ကျပ် ၈၀၀ ကြားသာရှိခဲ့တဲ့ ကြက်သွန်စျေးနှုန်းက ဗီယက်နမ်ဝယ်လက်တွေရဲ့ ဈေးပေးဝယ်ယူလာတာကြောင့် အခုဇွန်လဆန်းပိုင်းကစတင်ပြီး တရိပ်ရိပ် မြင့်တက်လာခဲ့ရာ အရည်အသွေးအလိုက် တပိ ဿာကို ကျပ် ၁,၃၀၀ ကနေ ကျပ် ၂,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။

အခုအခါမှာ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နယ်ဒေသအသီးသီးက ကြက်သွန်တွေ အဝင်ပြန်များလာသလို တရုတ်ကြက်သွန်တွေလည်း ဝင်ရောက်လာတာကြောင့် တပိဿာကို အရည်အသွေးပေါ် မူတည်ပြီး ကျပ် ၁,၁၀၀ ကနေ ကျပ် ၁,၈၀၀ ကြားကို ပြန်လည်ကျဆင်းသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ပြည်တွင်းကြက်သွန်တွေ နှစ်စဥ် တင်ပို့ရောင်းချလေ့ရှိပေမဲ့ ပြည်တွင်းမှာ ကြက်သွန်နီဈေး အမြင့်ပိုင်းရောက်ရှိနေတာကြောင့် ရန်ကုန်ဈေးကွက်အတွင်းကို တရုတ်ကြက်သွန်တွေ ဈေးအနိမ့်နဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။

တရုတ်ကြက်သွန်တွေ ဝင်ရောက်လာပေမဲ့ အခုနှစ် ပြည်တွင်းမှာ ကြက်သွန်အစိုက်နည်းပြီး အထွက်ဆုတ်တဲ့အပြင် အချိန်မခါမဟုတ်မိုးကြောင့် အရည်အသွေး ထိခိုက်ခဲ့ရတဲ့ ကြက်သွန်တွေလည်း ရှိခဲ့တာကြောင့် ပြည်တွင်းကြက်သွန်နီဈေး လက်ရှိဈေးထက် အလွန်အမင်း ကျဆင်းနိုင်စရာမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေမှာ ကြက်သွန်ဈေး စိုက်စရိတ်အောက်ထိ ရောက်ခဲ့တာကြောင့် တောင်သူတွေက စိုက်ဧကတွေ လျှော့ချခဲ့ကြလို့ အခုနှစ် ကြက်သွန်စိုက်ဧက ထက်ဝက်ဝန်းကျင် လျော့ကျခဲ့တယ်လို့ သိရပါတယ်။

ပြည်ပဝယ်လိုအား ပြန်လည်အားကောင်းလာပါက ပြည်တွင်းကြက်သွန်နီဈေး စံချိန်တင် မြင့်တက်နိုင်ပေမဲ့ အခုနှစ်ရဲ့ ကြက်သွန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်တွေထက် သိသိသာသာ လျော့နည်းကျဆင်းနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ မြန်မာ့ကြက်သွန်ကို တရုတ်အပါအဝင် ထိုင်းနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့က အဓိက ဝယ်ယူလေ့ ရှိပါတယ်။ DVB

ဖားကန့်မြို့နယ် ဆိပ်မူ အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ ဆိပ်မူ အထက်တန်းကျောင်း အနောက်ဘက်ကျောင်းဝင်းတွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ဗုံး တစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အောက်ခြေ အနည်းငယ်ပျက်စီး၍ မှန် ၁၀ ချပ်ခန့် ကွဲခဲ့ကာ လူထိခိုက်မှု မရှိကြောင်း သိရသည်။ နေ့လယ် ကျောင်းဆင်းချိန်မရောက်ခင် ပေါက်ကွဲခဲ့ခြင်းဖြစ်၍ ကျောင်းသား ၊ ကျောင်းသူ များကြား အထိတ်တလန့်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်ကလည်း အဆိုပါ ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဖားကန့်တစ်မြို့နယ်လုံးတွင် ကျောင်းအပ်နှံသူ အခြေခံပညာကျောင်းသား ဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး ဆိပ်မူ အထက်တန်း ကျောင်းတွင် ကျောင်း အပ်နှံသူ အခြေခံပညာကျောင်းသား ၁,၂၈၇ ဦးရှိသည်။ mizzima

တောင်ကြီးမြို့ စျေးမီးပွိုင့်အနီး ဗုံးဖောက်ခွဲမှု စစ်ခေါင်းဆောင်တစ်ဦး ၏လမ်း ကြောင်း ယာဉ်တန်းကို ရည်ရွယ်ဖောက်ခွဲဟုဆို

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စျေးမီးပွိုင့်အနီးတွင် ယနေ့ ညနေ ၃ နာရီအချိန် ဗုံးဖောက်ခွဲမှုသည် စစ်ခေါင်းဆောင်တစ်ဦး ခရီးစဉ်ကို ရည်ရွယ် ဖောက်ခွဲ ခြင်း ဖြစ်ကြောင်း SYM.G က ထုတ်ပြန်ကြေညာသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် တောင်ကြီးမြို့ ၊ စျေးမီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှု သည် စစ်ခေါင်းဆောင်တစ်ဦး၏ လမ်း ကြောင်း ကားများ မဖြတ်သန်းမီ အချိန်အနည်းငယ်အလိုတွင် ပေါက် ကွဲသွား ခြင်းဖြစ်ကြောင်း ၊ SYM UG ကမူ စိုးဝင်းလမ်း ကြောင်း ကိုဖောက် ခွဲ ရန် ရည် ရွယ်သော်လည်း စက္ကန့်အနည်းငယ်မျှစော၍ဖောက်ခွဲလိုက်ကြောင်း ထုတ်ပြန် ထားသည်။

“ဗုံးကွဲပြီးတော့ လမ်းကြောင်းကား ဖြတ်သွားတယ်။ ရဲချုပ်ယာဉ်တန်းလို့ ပြောတယ်။ လမ်းဘေးစျေးသည်တွေ အကုန် ရှင်း ထား တာ။ စစ်ခေါင်း ဆောင်ပိုင်းတစ်ဦးတော့ သေချာတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်နှင့်ရဲများက တစ်မြို့လုံး ဖြန့်ကျက်ထားကြောင်း၊ ဗုံးကွဲမှု ကြောင့် လုံခြုံရေး အလွန် တင်း ကျပ် သွား ကြောင်း၊ နေရာတိုင်းတွင် စစ်သားနှင့်ရဲများ မြင်ရကြောင်း ဒေသခံတချို့က ဆိုကြသည်။ khit thit

« Older Entries