ကော့သောင်းမြို့မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်းရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ၇ နာရီခွဲခန့် အချိန်တွင် စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့် အေးရိပ်ငြိမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးယုလွင် ဆိုသူ ဖြစ်သည်ဟု ကော့သောင်းမြို့ နေ ဒေသခံ တစ်ဦးက အခုလို ပြောသည်။
“သူက ညဖက် သေနတ်နဲ့ လမ်းမှာ ပစ်ခတ်ခံရတာပါ ဆိုင်ကယ်နဲ့ လာတယ်လို့ သိရပါတယ်”ဟု ပြော သည်။
လက်ရှိတွင် အဆိုပါ အုပ်ချုပ်ရေးမှူးကို မည်သည့် အဖွဲ့က ပစ်ခတ်ခဲ့ သည်ကို ထုတ်ပြန်ခြင်း မရှိသေးဘဲ ၎င်းသည် ရပ်ကွက်အတွင်း ရာအိမ်မှူးများကို PDF လက်နက်ကိုင် အဖွဲ့အစည်းများနှင့် CDM ဝန်ထမ်းများအပါဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ သတင်း အချက်အလက်များကို စုဆောင်းခိုင်းကာ စစ်ကောင်စီ တပ်ဖွဲ့သို့ သတင်းပေး ဒလန် လုပ်နေသူ တစ်ဦး ဖြစ်ကြောင်း အေးရိပ်ငြိမ်းရပ်ကွက်ရှိ ဒေသခံများ၏ ပြောဆိုချက် အရ သိရ သည်။
ယင်းသို့ အေးရိပ်ငြိမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးယုလွင်အား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်ရှိတွင် အေးရိပ်ငြိမ်းရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံအနီး စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၃ ရက် ညပိုင်းနှင့် ယနေ့ ဇွန်လ ၂၄ ရက်နေ့ အထိ ဂိတ်ချ စစ်ဆေးမှုများ ပြု လုပ်နေသည့် အပြင် အမျိုးသား နှစ်ဦးပါဆိုင်ကယ် စီးနင်းသွားလာသူများကို စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima