ခင်ဦးမြို့နယ်၊ ဘအိုးကျေးရွာကို ဖျက်ဆီးခဲ့သော စစ်အင်အား ၇၀ ပါ စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မ နည်းသေဆုံး၊ မိုင်းဆွဲခံရမည်စိုး၍ စစ်ကားများ အမြန်မောင်းပြေးသော်လည်း ၂ ကြိမ်မိုင်းဆွဲပစ်ခတ်နိုင်ခဲ့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဘအိုးကျေးရွာကို ယမန်နေ့ ဝင်ရောက် ဖျက်ဆီးမီးရှို့ခဲ့သော စစ်အင်အား ၇၀ ပါ စစ်ကား ၂ စီးကို PDF မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်းသေဆုံးသည်ဟု အတည်ပြုနိုင်ကြောင်း ခင်ဦး RTGFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လ ၂၃ ရက်နေ့တွင် စစ်တပ်က ခင်ဦးမြို့နယ် ဘအိုးကျေးရွာကို ဝင်ရောက် ဖျက်ဆီး မီးရှို့ခဲ့ပြီးနောက် ညနေပိုင်းတွင် ကျေးရွာမှ ပြန်လည်ထွက်ခွာကြောင်း၊ ပြန်လည် ထွက်ခွာချိန်တွင် မိုင်းဆွဲခံရမည်စိုးရိမ်၍ ကီလို ၁၀၀ ဖြင့် အမြန်မောင်းပြေးသော်လည်း ၂ ကြိမ်တိုင် မိုင်းဆွဲခံရပြီး ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရှိရသည်။
“မနေ့က ညနေပိုင်း ခင်ဦးမြို့နယ် ဘအိုးရွာကို အကြမ်းဖက်ဝင်ရောက် ဖျက်ဆီးပြီး ပြန်လာဲ့ စစ်ကားကြီး ၂စီးမှာ အင်အား၇၀ လောက်ပါတယ်။ အဲဒါကို အဲဒီလမ်းပိုင်းမှာရှိတဲ့ ——–ရွာ အရှေ့ဘက်နားမှာ မိုင်း၂ကြိမ်ဆွဲတယ်။ ကားပေါ်ကလည်း ပစ်တယ်။ ကျနော်တို့ကလည်း ပစ်တယ်။ စစ်တပ်က မိုင်းဆွဲခံရမယ်ဆိုတာ သိတော့ Speed ကို ကီလို ၁၀၀ အောက်မချဘဲ မောင်းပြေးတာ။ ကျနော်တို့အပေါ်က ဒရုန်းနဲ့ထောက်ပြီး မိုင်းဆွဲတာ။ အခုတော့ သူတို့ဘက်က ၅ ဦးသေတယ်လို့ အတည်ပြုနိုင်တယ်” ဟု RTGF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။။
စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာတွင် ခင်ဦးမှ RTGF၊ LWGRF နှင့် အခြား local ၆ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit