တမူးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သား ၁၅ ဦးသေဆုံး၊ ငိုသံများဖြင့် ပွက်လောရိုက် ဆူညံနေဟုဆို
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးထိမှန်ပြီး စစ်ကောင်စီတပ်မှ ၁၅ ယောက်သေ ဆုံးကာ ငိုသံများပွက်လောရိုက်ဆူညံသွားကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့(တမူး)ထံက သိရသည်။
ဇွန်လ ၂၃ရက် မွန်းလွဲ ၁၂ နာရီကျော်က စစ်ကား ကိုးစီး ၊ အင်အား ၁၀၀ ကျော် ပါသော စစ်ကောင်စီ တပ်သားများသည် တမူးမြို့နယ် ခမ်းပတ်မြို့မှ ထင်းစင်ရွာအထိ ခြေလျင် ချီတက်၍ စစ်ကားများနောက်မှ လိုက်ပါလာခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်သည် ထင်းစင်ရွာမှ အရပ် သားပြည်သူများ၏ ကားနှင့်လူများ အား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချကာ ချီတက်လာကြောင်းသိရသည်။
“သူတို့က အရပ်သားကား တွေနဲ့စစ်ကားတွေကို ကြားညှပ်ပြီး တက်လာကြတာ။ မိုင်းကွင်းထဲကို စစ်ကား ရောက်တဲ့အချိန်ဆွဲလိုက်တာ နှစ်စီးကို ထိထိမိမိမှန်တယ်။ ငိုသံတွေကို ပွက်လောရိုက်ဆူညံသွားတာကို တော့ မိုင်းဆွဲတဲ့နေရာကတောင်ကြားရတယ်” ဟု Tamu PDF တပ်ရင်း (၃) တာဝန်ရှိသူက မဇ္စ္ဈိမသို့ ပြောကြားသည်။
ထိုသို့ မိုင်းခွဲတိုက်ခိုက်ပြီးချိန်တွင် အခြားစစ်ကားများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းဘေး ဝဲယာသို့ လက်နက်ကြီးငယ်များဖြင့် ပစ် ခတ်ခဲ့သော်လည်း ကာကွယ် ရေးတပ်ဖွဲ့များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း တာဝန်ရှိသူက ဆိုသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မိုင်းခွဲတိုက်ခိုက်ခိုက်ခံရပြီးနောက် ဆက်လက်ထွက်ခွာလာပြီး ရန်လင်းဖိုင်ရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးငယ်များနှင့် ပစ်ခတ်ခဲ့ကာ ရွာအတွင်းရှိ လူနေအိမ်များကို မီးတင်ရှို့ခဲ့သဖြင့် လူနေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
PDF – Tamu တပ်ရင်း (၁) ၊ (၂) ၊ (၃) နှင့် Special Task Force ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ကလည်း စွန်ရဲစစ်ဆင်ရေးပြု လုပ်၍ ပန်းသာရွာအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်စွဲထား သော စစ်ကောင်စီနှင့် ပျူစောထီး ၂၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ထို့သို တိုက်ခိုက်ခြင်းသည် ပန်းသာပျူစောထီးရွာအား ပထမဦးဆုံးအနေဖြင့် နမူနာပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပူးပေါင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။ တမူးခရိုင် အတွင်းရှိ ပျူစောထီးများ ရွာများအနေဖြင့် ပြည်သူလူထုဘက်သို့ ရပ်တည်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း ၊ တပ်ခွဲ များအနေဖြင့် ဆက်လက်တိုက် ခိုက်သွားမည် ဖြစ်ကြောင်း သိရသည်။ mizzima