ပြည်သူ့စစ်က တရားစွဲခံရသော SNLD ကိုယ် စားလှယ်လောင်း တရားရှုံးနိမ့်

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိဟောင်းနှင့် ရွေးကောက်ပွဲ မဲပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်ဟောင်းသည် ၎င်းအပေါ်စွဲဆိုခြင်းခံရသော အသရေဖျက်မှုတွင်ရှုံးနိမ့်သွားကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
SNLD ၏ ကိုယ်စားလှယ်အဖြစ် မိုင်းဖြတ်မြို့နယ်ပြည်နယ်လွတ်တော် အမှတ်( ၂ ) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးကျဖေ့ကို နမ့်ယွန်းပြည် သူ့စစ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုခဲ့သောအမှုတွင် တရားရုံးက တရားလိုဘက်ကိုအနိုင်ပေးခဲ့ပြီး ဦးကျဖေ့ကို ထောင်ဒဏ် ကိုးလကျခံစေရန် သို့မဟုတ် ဒဏ်ငွေကျပ် ငါးသိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ဦးကျဖေ့က ဒဏ်ငွေပေးဆောင်ခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သောသတင်းရင်းမြစ်များက ပြောသည်။
တရားရုံးတွင် ပြည်သူ့စစ်အဖွဲ့က ၎င်းတို့အနေဖြင့် မဲထဲ့မည်သူ့များကို ကားဖြင့်ကြိုပို့ပေးခဲ့ကြောင်းလည်း ဝန်ခံထွက်ဆိုခဲ့သည်။
နိုဝင်ဘာ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင်ပြုလုပ်သော ရွေးကောက်ပွဲတွင် မိုင်းဖြတ်မြို့နယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသူ ဦးလင်းဇော်ထွန်းအပါအဝင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များက အနိုင်ရရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကိုယ်စား လှယ်လောင်းများက ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ကိုယ်စားလှယ်များက တတိယနှင့်S NLD ကိုယ် စားလှယ်လောင်းများက စတုတ္ထနေရာတွင်ဖြစ်ခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဦးကျဖေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်းနှင့် ပြည် သူ့စစ်အချို့က ၎င်းတို့ပါတီကိုမဲပေးရမည်ဆိုကာ ကျေးရွာများမှသည် မဲရုံတွေဆီကြိုပို့ပေးနေခဲ့ကြောင်း ရေးသားခဲ့သည်။
မည်သည့်ပြည်သူ့စစ်ဟူ၍ရည်ညွှန်းပြောဆိုခြင်းမရှိသော်လည်း ဦးကျဖေ့ယှဉ်ပြိုင်ရာ မိုင်းဖြတ်မြို့နယ်တွင် အင်အားကြီးပြည်သူ့စစ်ဖြစ်သော နမ့်ယွန်းပြည်သူ့စစ်များက ထိန်းချုပ်ထားသည်။ ထို့အပြင် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်ကြံ့ခိုင်ရေးပါတီတို့က ဒွေးရောယှက်တင်ရှိနေခဲ့ကြပြီး ပြည်သူ့စစ်အဖွဲ့ဝင်များတွင် ကြံ့ခိုင်ရေးကပါတီဝင်များလည်းဖြစ်သူများရှိကြသည်။
လူမှုကွန်ရက်တွင်ရေးသားမှုနှင့်ပတ်သက်၍ နမ့်ယွန်းပြည်သူ့စစ်က ၎င်းတို့၏ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟုဆိုကာ မိုင်းဖြတ်မြို့နယ် ရဲစခန်းတွင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဦးကျဖေ့က လာရောက်တောင်းပန်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ခဲ့သည်။ သို့သော် အမှုစွဲဆိုချက်ကို တရားလိုဘက်ကရုပ်သိမ်းခြင်းမရှိဘဲ ဆက်လက်ထားရှိခဲ့ရာက မကြာသေးခင်ကမှ တရားရုံးဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့သည်။ mizzima