ယောဒေသတွင် စစ်တပ်ဝင်မွှေ၊ သက်တော်ရှည်ဘုန်းကြီးများပင် ထွက်ပြေးနေရ

လက်နက်ကိုင် ခုခံတော်လှန်စစ်အားကောင်းသည့် မကွေးတိုင်း ယောဒေသကို စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် ဝင်မွှေနေသော ကြောင့် သက်ကြီးဝါကြီး ဘုန်းကြီးများပါမကျန် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကိုင်းတိုင်းအစပ် ယောနယ်မြောက်ပိုင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်တပ်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ဂန့်ဂေါမြို့နယ်အတွင်းရှိ နန်း၊ စင်ပုံ၊ စပါယ်နှင့် ယင်းမာရွာကို ယခုလ ၁၉ ရက်မှစ၍ ဝင်မွှေနခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘေးလွတ်ရာကို အကုန်ရှောင်ခဲ့ရတာ။ ခြေလျှင်တစ်မျိုး၊ ဆိုင်ကယ်ရောတစ်မျိုး။ မိုးက ရွာသေးတယ်။ ကိုရင်တွေဆို ငိုလို့။ ဦးဇင်ဆိုလည်း တုန်နေတာပဲ။ ရွာလေးရွာစလုံးမှာ ဘုန်းကြီးကအစ သက်ကြီးရွယ်အို ဘယ်သူမှ မကျန်ဘူး​” ဟု အသက် ၃၆ နှစ်အရွယ် ထိုအမျိုးသမီးက ယမန်နေ့တွင် ပြောသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကြား ယောနယ်ရှိ ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့်နှစ် မှစ၍ မကြာခဏ ဝင်ရောက်စီးနင်လေ့ရှိသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်ရှိ မြစ်သာဆည်တွင် တပ်စွဲထားပြီး စစ်ကြောင်းထိုးနေသော ရွာလေးရွာမှာ ဆည်တည် ဆောက်စဉ်က ရေဝပ်ဧရိယာအတွင်း ပါသွား၍ အစားထိုးတည်ဆောက်ပေးထားသောရွာများဖြစ်ကာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ 

ထိုရွာများတွင် သီတင်းသုံးသည့် ကျောင်းထိုင်ဘုန်းကြီးသုံးပါးမှာ အသက် ၈၀ ကျော်အရွယ်ဖြစ်ပြီး စစ်ကောင်တပ်၏ ရမ်းကားခြိမ်းခြောက်မှုကြောင့် အသက်ဘေးစိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း အထက်ပါ ယောဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“တအားကြောက်နေကြတယ်။ သူတို့က တအားခြိမ်းခြောက်တယ်။ တအားကြမ်းတယ်။ ရမ်းကားတာ။ သတ်မှာ သတ်မှာ တကဲကဲဖြစ်နေတာ” ဟုလည်း စစ်တပ်ရန် ကြောက်ရသည့်အကြောင်း ၎င်းက ဆိုသည်။

အသက်ဘေးလွတ်မြောက်ရန် အရေးကြီးသဖြင့် ကျွဲ၊ နွား၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်နှင့် နေအိမ်များကို စွန့်ပစ်ကာ ဒေသခံ ၁၈၀၀ ဝန်းကျင်က ဘေးလွတ်ရာတိမ်းရှောင်နေရပြီး စစ်တပ်က ထပ်မံစစ်ကြောင်း ထိုးမည်ကို စိုးရိမ်နေရသည်ဟုလည်း သိရသည်။

ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် စစ်တပ်က ပနန်းနှင့် စံပါယ်ရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး တစ်အိမ်တက်ဆင်း ဝင်ရောက်မွှေနှောက်ကာ လိုချင်သည့် ရွှေ၊ ငွေ လက်ဝတ်ရတနာများ ယူသွားကြောင်း ဒေသခံ သံဃာတစ်ပါးဖြစ်သည့် ဦးဇင်းယောကြီးက‌ မိန့်သည်။

ထိုနေ့ညတွင် စစ်တပ်က စင်ပုံရွာဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ဘုန်းကြီးအခန်းသော့ယူပြီး ဘုရား အလှူငွေနှင့် စစ်ဘေးရန်ကြောက်၍ ရွာသူရွာသားများက အပ်နှံထားသည့် လက်ဝတ်ရတနားများကိုပါ ယူဆောင်သွားသည်ဟု ဆိုသည်။ 

“အဲ့ဒီပစ္စည်းတွေတွေ့တယ်ပေါ့။ တွေ့တဲ့အခါကြတော့ ဘုန်းကြီးကိုကြိမ်းမောင်းတယ်။ ဒီဘုန်းကြီးက ငွေတိုးချေးစားတယ်။ PDF တွေကို ထောက်ပံ့တယ်။ မိုက်ရိုင်းစော်ကားသွားတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အပ်ထားတဲ့ လက်ဝတ်ရတနာတွေလည်း အကုန်ယူသွားတယ်” ဟု ဦးဇင်းယောကြီးက မိန့်သည်။

စစ်ဖိနပ်မချွတ်ဘဲ ကျောင်းပေါ်တက်ကြောင်း၊ ကျောင်းတွင် ခိုလုံနေသည့်ရွာသားများကို ခေါင်းငုံ့ခိုင်းပြီး ခေါင်းဖော်ပါက ပစ်သတ်မည်ဟု ခြိမ်း ခြောက်ကာ အဖိုးတန်ပစ္စည်းများယူကြောင်း အခြားရွာ ဘုန်ကြီးကျောင်းများကို အလားတူဝင်ရောက်မွှေနှောက်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် စစ်သားများသည် ဆိုင်ကယ်များကို လုယူကြောင်း၊ ကျေးရွာအတွင်း လှည့်ပတ်ကာ မီးရှို့ဖျက်ဆီးကြောင်းလည်း သိရသည်။

၎င်းတို့အနေဖြင့် ပစ်သတ်ခွင့်၊ မီးရှို့ဖျက်စီးခွင့်ရှိကြောင်း စစ်သားများက ပြောဆိုသည်ဟု ယောဒေသခံများထံမှ သိရသည်။​

အရက်ဘီယာများသောက်စားကာ ဘုရားအလှူငွေများ အပါအဝင် ပစ္စည်းများလုယက်သွားသည့် စစ်ကောင်စီတပ်၏ လူမဆန်သောလုပ်ရပ်ကို ရှုတ်ချကြောင်း ဂန့်ဂေါတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုစစ်ကြောင်းမှာ ယမန်နေ့ (ဇွန် ၂၃) တွင် နယ်မြေချင်းဆက်လျက်ရှိ ထီးလင်းမြို့နယ်အတွင်း ရောက်ရှိ နိုင်သည်ဟုလည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်နိုင်ခြင်း မရှိပါ။ 

စစ်ကောင်စီတပ်သည် လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် ဒေသများတွင် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက် ဆီးခြင်း၊ အလိုရှိသည့်ပစ္စည်းများ ယူဆောင်ခြင်းတို့ကို စိတ်ကြိုက် ပြုမူနေသည်ကို မကြာမီက ပေါက်ကြားလာသော စစ်သားများ၏ ရုပ်သံမှတ်တမ်းများက သက်သေ ခံသည်။

စစ်ကြောင်းထွက်ရာတွင် မည်သို့မည်ပုံ သတ်ဖြတ်ကြောင်း၊ အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ကြောင်း စစ်သားသုံးဦး အပြန်အလှန်ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံများကို RFA သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်လွှင့်သည်။

ထိုစစ်သားများမှာ စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိနေခြင်းဖြစ်ကာ ထိုဓာတ်ပုံနှင့် ရုပ်သံမှတမ်းများ ပါဝင်သော မိုဘိုင်းဖုန်းကို ကောက်ယူရရှိသော ဒေသခံတစ်ဦးမှတဆင့် တော်လှန်ရေးအင်အားစုတစ်ခုကလည်း Myanmar Now ထံ ပေးပို့ထားသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s