ရေတပ်အကြီးဆုံးစစ်သင်္ဘော ရခိုင်ကမ်းရိုး တန်းတွင် လှုပ်ရှားနေ

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီရေတပ်၏ အကြီးဆုံး မုတ္တမစစ်သင်္ဘောက ရခိုင်ကမ်းရိုးတန်းတစ်လျှောက် သွားလာနေပြီး မြေပြင်တပ်များ ပို့ဆောင်နေသည်။

UMS Mottama 1501 အမည်ရှိ အဆိုပါ စစ်သင်္ဘောသည် မေလနှောင်းပိုင်းတည်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် စစ်ဆင်ရေးလုပ်နေကြောင်း နိုင်ငံတကာစစ်ရေးသတင်းများ ဖော်ပြနေသည့် Global Defense Corp (GDC) က ဇွန် ၁၈ ရက်တွင် ဖော်ပြသည်။ 

မုတ္တမစစ်သင်္ဘောသည် အမြောက်နှင့် ဒုံးကျည်များပါဝင်သည့် ခြေလျင်တပ်များကို စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင် မြို့နယ်၊ အငူမော်ကမ်းခြေမှတစ်ဆင့် ဇွန် ၂ ရက်က ပို့ဆောင်ခဲ့ကြောင်းလည်း GDC က ဆိုသည်။

မေ ၃၀ နံနက်ပိုင်းက စစ်ရေယာဉ်တစ်စီးသည် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကုန်ချနေသည်ကိုတွေ့ရပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြစ်သည်ဟု ယူဆရကြောင်း၊ ထရပ်ကား ၅ စီးထက်မနည်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများကလည်း Myanmar Now  ကို ပြော ထားသည်။ 

ရသေ့တောင်တွင် စစ်အင်အားဖြည့်တင်းမှုသည် ရခိုင်တွင် ပို၍ကျယ်ပြန့်လာသည့် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မေ လနှောင်းပိုင်းကမူ တပ်သား ၁၀၀၀ ခန့် ကျောက်ဖြူသို့ ပို့ဆောင်ခဲ့ကြောင်း ပြောသည်။

မေလ ၃၁ ရက်က အမြောက်များတပ်ဆင်ထားသည့် စစ်သင်္ဘောကြီးတစ်စင်း ကျောက်ဖြူအမှတ် (၃) ဆိပ်ကမ်းကို ကပ်ပြီး စစ်သားများချခဲ့ကြောင်း၊ စစ်သားရာချီရှိကြောင်း ကျောက်ဖြူမြို့ခံများ ပြောပြချက်ကို ကိုးကား၍ RFA သတင်းဌာနကလည်း ဇွန် ၂ ရက်တွင် သတင်းဖော် ပြသည်။

ရခိုင်တွင် စစ်ရေးတင်းမာမှုမှာ ညှိနှိုင်း၍မရသည့် အခြေအနေတွင်ရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားသလို စစ်ကောင်စီဘက်ကလည်း ရခိုင်လူထုကို ငဲ့နေရသဖြင့် သည်းခံနေရကြောင်း ပြော ထားသည်။

စစ်ကောင်စီက လက်နက် လူအင်အား ဖြည့်တင်းနေသလို AA ခြေကုပ်ယူထားသည့် ရခိုင်မြောက်ပိုင်းတွင် ဇွန်လ ၁၁ ရက်မှ စ၍ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်တို့တွင်လည်း AA နှင့် စစ်တပ် အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ်သည်။

မုတ္တမ စစ်သင်္ဘောကို တောင်ကိုးရီးယားနိုင်ငံရှိ Dae Sun သင်္ဘောတည်ဆောက်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီက ဆောက်လုပ်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ အခမ်းအနားဖြင့် ရေချခဲ့သည်။

အလျား ပေ ၄၀၀၊ အနံ ၇၂ ပေ ရှိ အဆိုပါ သင်္ဘောသည် ရေပြင်တွင်သာမက ကမ်းတက်တပ်အတွက်ပါ အသုံးပြု နိုင်သည့် Landing Platform Dock (LPD) အမျိုးအစားဖြစ်ပြီး တန်ချိန် ၁၁၃၀၀ ရှိသည်။ 

သင်္ဘောပေါ်တွင် ရဟတ်ယာဉ် ငါးစီးနှင့် သံချပ်ကာယာဉ် အစီး ၄၀ တင်ဆောင်နိုင်ပြီး Bofors 40 mm SAK40/L70 တာဝေးပစ်အမြောက် တစ်လက်၊ ကိုက် ၂၀၀၀ အကွာအဝေးကို တစ်မိနစ်လျှင် အချက်ပေါင်း ၄၅၀ အထိ ပစ်ခတ်နိုင်သည့် 20 mm Oerlikon စက်သေနတ်ကြီး နှစ်လက်နှင့် Mistral Simbad ဒုံးကျည်နှစ်လက် တပ်ဆင်ထားကြောင်း Ships Hub အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

LPD အမျိုးအစား စစ်သင်္ဘောများသည် စစ်သား ၅၀၀ အထိ တင်ဆောင်နိုင်ပြီး လူ ၆၀၀ အတွက် နေစရာအခန်းများ ပါရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံက အဆိုပါ စစ်သင်္ဘောအမျိုးအစားများကို အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ်ပိုင်နှင့် မြန်မာရေတပ်တို့ အတွက် ၁၀ စင်း တည် ဆောက်ပေးခဲ့ပြီး မြန်မာစစ်တပ်မှာ ၇ စင်းမြောက် သင်္ဘောဖြစ်သည်။ 

၂၀၁၈ နှစ်ကုန်မှစ၍ ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ ဆန်း၌ နှစ်ဖက် နားလည်မှုဖြင့် အပစ်ရပ်ခဲ့ကာ ၂၀၂၁ ဒီဇင်ဘာမှစ၍ ထိတွေ့တိုက်ပွဲများ ပြန်ဖြစ်လာသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့ကြီးများပေါ်တွင် AA က ဆက်တိုက်ဖမ်းဆီးနေသလို စစ်တပ်က လည်း ဒေသခံများကို AA သံ သယဖြင့် ဖမ်းဆီးစစ်ဆေးနေသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s