Monthly Archives: Jun 2022

NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မြန်မာ့အရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဇွန်လ ၂၃ ရက်နေ့က အွန်လိုင်းကနေတဆင့် တွေ့ဆုံပြီး အ ရေးပါတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချိုလက်က ဒီနေ့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အခုတွေ့ဆုံမှုမှာ မြန်မာပြည်သူတွေအတွက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေးအပြင် မြန်မာနိုင်ငံမှာ လွတ် လပ်ပြီး အားလုံးတန်းတူပါဝင်နိုင်မယ့် ဒီမိုကရေစီ ပြန်လည်ရရှိရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မကြာသေးခင်ကမှ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း အာဆီယံဒေသတွင်း ခရီးစဉ်သွားရောက်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံကာ မြန်မာအရေးကို ထည့်သွင်းဆွေးနွေးခဲ့သလို NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို  အားပေးခဲ့ပါတယ်။ DVB

နွေဦးထီကို ပိုမိုလုံခြုံစိတ်ချရသည့် NUGPay စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်မည်

ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ ခေတ္တရပ်နားထားခဲ့တဲ့ နွေဦးထီရောင်းချတဲ့ လုပ်ငန်းကိုမကြာမီကာလအတွင်းမှာ NUG Pay နဲ့အတူ ပိုမိုလုံခြုံစိတ်ချရတဲ့ payment ပုံစံအသစ်နဲ့ ပြန်လည်ရောင်းချတော့မယ်လို့ ထုတ်ပြန်ပါတယ်။ 

နိုင်ငံတကာက နွေဦးထီကိုယ်စားလှယ်တွေ ရောင်းချပေးနေတဲ့ နွေဦးထီ bulk purchase အစီအစဉ်ကိုတော့ မူလပုံစံအတိုင်းဆက်လက် ရောင်း ချပေးနေမှာဖြစ်ကာ အောင်လံလွှင့်ချီနွေဦးထီကို စဉ်ဆက်မပြတ်အားပေးနေကြတဲ့ မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု  ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့  “ဒစ်ဂျစ်တယ် မြန်မာကျပ်” (DMMK)ကို အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)က ပြည်သူတွေထံ တရားဝင်မိတ်ဆက်ပြီး ထုတ်ပြန်ခဲ့ပြီဖြစ်ကာ NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ တရားဝင် ငွေကြေးတခုဖြင့် ကျောထောက်နောက်ခံ ပြုထားတဲ့ blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတခု ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ UK ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိ တယ်လို့ NUG အစိုးရက ပြောထားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နွေဦးထီကံထူးရှင်တွေထဲက အများစုကတော့ သူတို့ရရှိတဲ့ ထီဆုကြေးငွေတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်း စစ် ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင် စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ DVB

စစ်တပ် လေယာဉ်ဆီကို မှောင်ခို ခိုးရောင်းမှုတွင် အောက်ခြေအဆင့်တွင် ၈ ဦး ပါဝင်ပြီး ဆီဝယ်ယူသည့ စီးပွားရေး သမားများ အရိပ်မည်းလိုက်မည်ဟု သတိပေး

စစ်တပ်လေယာဉ်ဆီကို ပြင်ပသို့ မှောင်ခိုထုတ်ရောင်းရာတွင် ပါဝင်ကြသည့် အောက်ခြေ အဆင့် ၈ ဦးရှိပြီး ဆီဝယ်ယူသည့် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ အရိပ်မည်းလိုက်မည်ဟု Operation Spitfire က သတိပေးလိုက်သည်။

“စစ်တပ်လေယာဉ်ဆီ ပြင်ပ ထုတ်ရောင်းနေတာမှာ အပြင်က စီးပွားရေး လုပ် ငန်း ရှင်တွေကိုလည်း ဆက်ပြီးပါဝင်နေရင် အရိပ်မဲကြီး လိုက်လိမ့်မယ်” ဟု Operation Spitfireမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁ အရာခံဗိုလ်ကျော်ဝင်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်(AGEဌာန)

၂ အရာခံဗိုလ်မြတ်မိုး၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်(AGEဌာန)

၃ ဒုအရာခံဗိုလ်အောင်မြင့်ကြည်၊ လေယာဉ်ပြင်ဆင်ရေးဌာနချုပ်(AGEဌာန)

၄ တပ်ကြပ်ကြီးသိန်းဇော်(ငြိမ်း)၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်

၅ တပ်ကြပ်ကြီးအောင်မျိုးထက်၊ မင်္ဂလာဒုံလေတပ်ဌာနချူပ်(GRSဌာန)

၆ တပ်ကြပ်ကြီးညီညီအောင်၊ မင်္ဂလာဒုံလေတပ်၊ (စက်လက်တပ်ဌာန)

၇ အခတကကနေဝင်းအောင်၊ ပုသိမ်လေတပ်ဌာနချုပ်(စက်မှုလက်မှုတပ်)

၈ အားနိုး၊လေတပ်စခန်း(မှော်ဘီ)

လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့် အရာရှိချုပ် (လေ) ဗိုလ်ချုပ် ဇော်ဝင်းမြင့် တို့သည် MIG-29 အုပ်မှူးများလုပ်ခဲ့ပြီး လေယာဉ် ဆီ များကို အကြီးအကျယ်ဆီခိုးရောင်းချခဲ့ကြကြောင်း သိရှိရသည်။ khit thit

ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ် PDF က လက်နက် အလှူခံ

မြန်မာ့နွေဦးတော်လှန်ရေးမှာ ကိုယ်ထူကိုယ်ထ စတင်ခဲ့ပြီး ရှေ့တန်းကနေ ရပ်တည်ပါဝင်နေတဲ့ ဆားလင်းကြီး PDF တပ်ဖွဲ့က ခုခံတော်လှန်စစ်ဆင်နွှဲနိုင်ရေး လိုအပ်တဲ့ လက်နက်ရိက္ခာတွေကို ပါဝင်ကူညီလှူဒါန်းကြဖို့ အများပြည်သူကို နှိုးဆော်တိုက်တွန်းထားပါတယ်။

Salingyi Border Task Force ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်(မြောက်)ကျေးရွာကို မီးရှို့ကာ လူသတ်မှုတွေ ကျူးလွန်သွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ လိုက်ခံပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ မှာလည်း ဦးဆောင်ပါဝင်ခဲ့ပြီး အခုအချိန်ထိ တပ်ဖွဲ့အနေနဲ့ လက်လုပ်လက်နက်တွေနဲ့သာ တိုက်ပွဲဝင်နေကြရတာမို့ လိုအပ်တဲ့ လက်နက်တွေကို အလှူခံနေတာလို့ ဆိုပါတယ်။

“ကျွန်ုပ်တို့ SBTF သည် ကိုယ်ထူကိုယ်ထ စတင်လာခဲ့ပြီး ပြည်သူတို့၏ တစ်ဖက်တစ်လမ်း ကူညီမှုများဖြင့် ရပ်တည်လာခဲ့သည်မှာ အချိန်ကာ လကြာခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်ထိ လက်လုပ် လုပ်နက်များဖြင့်သာ တိုက်ပွဲဝင်နေကြရခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် ထောက်ပို့ကူညီမှုများကိုလည်း အလျင်းသင့်သလို လုပ်ဆောင်နေကြပါသည်။ ထောက်ပို့ /တိုက်ပွဲ သွားလာရေးနှင့် တိုက်ခိုက်ရေးတွက် လုံခြုံရေးအကာယူရန် ဂမ်းအစစ် တစ်လက်အနည်းဆုံးလည်း လိုအပ်ပါတယ်ခင်ဗျ။ကျွန်ုပ်တို့သည် တာဝေးပစ်လက်နက်ကြီးစိန်ပြောင်းများ အဓိကအားပြုလုပ် ဆောင် ရသည့်အတွက် စိန် ပြောင်း အဖူး ၆၀မမ ၈၀မမ များ ပြန်လည်ဖြည့်တင်းရန် လိုအပ်လျက်ရှိပါသည်။ စိန်ပြောင်းအဖူး တစ်ဖူးလျှင် (အစုံ)၅၀၀၀၀ ကျော်ကုန်ကျပါသည်။ ပွဲတစ်ပွဲထွက်လျှင် ဆီဖိုးအပါဝင် အနည်းဆုံး ၆ သိန်းကျော် ကုန်ကျလျက်ရှိနေပါသည်။ မိဘပြည်သူများအနေဖြင့် တတ်အားသမျှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြပါရန် ငြိုးငယ်စွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျ။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီဖြစ်ကာ ဝန်ကြီးဌာန အနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့ ပြောထားပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ် တယ်လို့ ပြောထားပေမယ့် မြေပြင်ဒေသတွင်း အခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်ထောက်ပံ့မှုတွေကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်အင် အားနဲ့ စစ်ရေးခေါင်းဆောင်တွေ လိုအပ်နေတာကြောင့် NUG အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုနေကြ တာတွေလည်း ရှိနေပြီး အဆိုပါ ဒေသတွေအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်ကာ ဒေသခံပြည်သူတွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေအပါအဝင် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူ ထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူ တွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။ DVB

တရုတ်ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာများရှိ ဘုန်းကြီးကျောင်းများကို စစ်တပ် က ဖောက် ထွင်းမွှေနှောက် လုယက်၊ ပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ ၊ ရွှေဘိုဆိပ်ခွန်ကျေး ရွာတွင်လည်း စစ်တပ်က လူငယ် ၁ ဦးကို ပစ်သတ်ပြီး ကျေးရွာကို ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကြေးနီ စီမံကိန်း အနီးရှိ မိုးကြိုးပြင်မြောက်ရွာ၊ ဆည်တဲရွာ၊ တုံရွာ၊ တောကျောရွား ဆည်တဲရွာသစ်တို့မှ ဘုန်းတော်ကြီး ကျောင်းများအတွင်းရှိ ဘုန်းကြီးပိုင် ပစ္စည်း များအား စစ်ကောင်စီတပ်က ကားများဖြင့်ဝင်ရောက် လုယက်ခိုးယူကာ ဝမ် ပေါင် ကုမ္ပဏီဝင်းထဲသို့ သယ်ယူနေကြောင်း သံဃာတော်များနှင့် ဒေသခံ များထံမှသိရသည်။

“ဆည်တဲရွာဆိုရင် ၃ကြိမ်မြောက်ဝင်စီးတာ။ ပစ္စည်းတွေ ခိုးယူသွားတာလေ။ ခုက တော့ တောကျောင်း၊ တုံ ၊ဆည်တဲ ရွာသစ်ဘက်မှာ ဘုန်းတော်ကြီး ကျောင်း တွေက ဒေသခံတွေ လှူထားကြတဲ့ ကျောင်းသုံးပစ္စည်းတွေ သံဃာ တွေရဲ့ အသုံးဆောင်တွေကိုပါသယ်ယူနေကြတာ” ဟု ထွက်ပြေး တိမ်းရှောင် နေရ သည့် ဘုန်းတော်ကြီးတစ်ပါးကမိန့်သည်။

ဘုန်းကြီးကျောင်းမှ ပစ္စည်းများကို ခိုးယူလုယက်သည့်အပြင် ဘုန်းကြီးကျောင်း ဝင်းထဲတွင် ပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို လုပ်ဆောင် ကြောင်း သိရှိရသည်။

“ဒကာကြီးရယ် ဗုဒ္ ဘာသာမြန်မာလူမျိုးတွေမှ ဟုတ်ရဲ့လားမသိဘူး။ ဘုန်းကြီး ကျောင်းထဲမှာသူတို့ဖမ်းထားတဲ့ဒကာတွေကိုလူမဆန်စွာ နှိပ်စက်နေကြတာ။ အသက်သေ တဲ့အထိထုရိုက်နေကြတာလေ။ ဘုန်းဘုန်း အထင်တော့ သူတို့ တခုခုတွေ သောက်စားထားပြီး လူအသိစိတ် တွေပျောက်နေ သလိုမြင် တာပဲ”ဟု လက်ပံတောင်းတောင်ဒေသမှ သံဃာတော်က မိန့်ဆိုသည်။

ထို့ပြင် ဖောင်းကတာတောင်ရွာ ဘုရားကြီးကျောင်းတိုက်လည်း စစ်သားများက ယနေ့ ဝင်ရောက်စီးနင်း လျက်ရှိပြီး ရွာခံ ကိုမောင်မောင်အပါအဝင် ဒေသခံ ရွာသား၅ဦးကို ဖမ်းဆီးနှိပ်စက်နေကြောင်း၊ စစ်တပ်က ဖောင်းကတာမြောက်ရွာ သုသာန်ဖက်ကနေဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ကျေးရွာသို့ ဇွန်လ ၂၃ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီဝင်များအင်အား ၅၀ ခန့်ဖြင့် ဆိပ်ခွန်ရွာသို့ ရောက် လာကာ ရွာအနောက်ဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် ယက်ကန်းခတ်ရန်သွားသည့် လူငယ် နှစ်ဦးကို သေနတ်နှင့် ရမ်းသမ်းပစ်ခတ်ရာ တစ်ဦးနေရာတွင် သေကာ တစ်ဦးမှာ ပေါင်ရှပ် သေနတ် ထိမှန်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“မနေ့ နံနက် ဆိပ်ခွန်ကနေ ထူးကြီးရွာကို စစ်ကြောင်းထိုးဖို့ အသွား ဆိပ်ခွန်ရွာ အနောက်ဘက်က ပုဏ္ဏားကုန်းမှာ နေတဲ့ လူငယ်နှစ်ဦး ဆိပ်ခွန်ကို ယက် ကန်းခတ်အသွား ဆိုင်ကယ်သံကြားပြီး စခတွေ ရမ်းသမ်းပစ်တာ။ အရှည်ကြီး ခေါ် အောင်နိုင်ဝင်းကတော့ ပွဲချင်းပြီး သေတယ်။ မောင်ကျော်က ပေါင်ရှပ် မှန်တယ်။ မောင်ကျော်က ထွက်ပြေးနိုင်လို့ လွတ်သွားတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီဝင်များသည် ထူးကြီး ကျေးရွာ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက် မွှေနှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာ ကို လည်း ဇွန်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ကာ ပြည်သူပိုင် ပစ္စည်းများ ခိုးယူသွားပြီး အိမ်မွေးတိရစ္ဆန်များကို သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားသော်လည်း ရွာသားများမှာ ရွာထဲသို့ ပြန်မနေရဲသေးဘဲ ပုန်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ khit thit

ဒဂုံတက္ကသိုလ် CDMကျောင်းသား၊ ကျောင်းသူများအတွက် Informal Online Course များ အခမဲ့သင်ကြားနိုင်ရန် စီစဉ်

အာဏာသိမ်းကာလမှ စတင်ကာ စစ်ကျွန်ပညာရေးအောက် သင်ယူခြင်းမရှိဘဲ CDM ပြုလုပ်ထားသော ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဖြစ်ပါက တော်လှန်ရေးကာလအတွင်း Informal Online Course များကို အခမဲ့ သင်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ဒီတော်လှန်ရေးအတွင်းမှာ ကျောင်းသားများရဲ့ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့နဲ့ တော်လှန်ရေးကို အထောက်အကူပြုနိုင်တဲ့ ဘာသာရပ်တွေကို စဉ်ဆက်မပြတ် သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်က ​တော်လှန်​ရေးမှာ တတ်နိုင်တဲ့ ကဏ္ဍအသီးသီးကပါဝင်​နေတဲ့ ကျောင်းသားတိုင်းကို တက်ရောက်နိုင်ဖို့အတွက် ​သေချာစီစစ်​ ရွေးချယ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါသင်တန်းများတွင် သင်တန်းသားဦးရေ အတိအကျ မည်မျှလက်ခံမည်ဟု သတ်မှတ်ထားမည်မဟုတ်ဘဲ စာရင်းသွင်းထားသည့် ကျောင်းသားအရေအတွက် အနည်းအများပေါ်မူတည်ပြီး စီစစ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုစတင်မည့် အစီအစဉ် (Program) သည် ပထမဆုံးဖြစ်ပြီး လက်ရှိတွင် Informal Online Course ၏ Program 1 အနေနှင့် Daily Spoken English and Pronunciation သင်တန်းကို စီစဉ်ထားကြောင်း၊ဘာသာစကား၊ နိုင်ငံရေး၊ သမိုင်း၊ စာပေနှင့် တော်လှန်ရေး၊ နိုင်ငံတည်ဆောက်ရေးတို့အတွက် အထောက်အပံ့ပြုနိုင်သည့် ဘာသာရပ်များကို ဆက်လက် စီစဉ်သွားရန်ရှိကြောင်း ပြောသည်။

သင်တန်းပြီးဆုံးပါက ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီမှ အသိအမှတ်ပြုသည့် သင်တန်းပြီးဆုံးခြင်းလက်မှတ် ထုတ်ပေးမည်ဖြစ်သည်ဟု သိရသည်။

ကျောင်းသားများ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာစေရန်နှင့် တော်လှန်ရေး အထောက်အပံ့ဖြစ်စေရန် ဖြစ်သည့်အတွက် ပြီးဆုံးကြောင်းလက်မှတ်များထက် တကယ့်သိမှုနှင့် အရည်အသွေးများကိုသာ အဓိကထားမည်ဖြစ်ကြောင်း ဆိုသည်။

လက်မှတ်များကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း အသိအမှတ်ပြုလက်မှတ်ဖြစ်ရန် ဆွေးနွေးနေကြောင်း ၊အသုံးဝင်မည့် နေရာများအတွက် အခွင့်အလမ်းရှိလာနိုင်မည်ဖြစ်ကြောင်း ပြောသည်။

ယခုသင်တန်းများတက်ရောက်လိုပါက ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ကြေညာထားသော Registration Form မှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ mizzima

စစ်တပ်နှင့် AA ဆက်ဆံရေးတင်းမာ၊ အပြန် အလှန်ဖမ်းဆီးမှုများ ဆက်ရှိနေ

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အခြေအနေတင်းမာလျက်ရှိပြီး အပြန်အလှန်ဖမ်းဆီးမှုများရှိနေရာ ဇွန်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ အသက်မပြည့်သည့် လူငယ်တစ်ဦး အပါအဝင် သုံးဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကားသုံးစီး ရောက်ရှိလာပြီး ပေါင်းတုတ်ရွာသစ်မှ ရာအိမ်မှူးဆိုသူ၏ သားတစ်ဦး၊ ပေါင်းတုတ်ရွာကြီးက အသက်မပြည့်သူလူငယ်တစ်ဦးနှင့် တခြားတစ်ဦးတို့ကို ဖမ်းဆီးသွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာထိပ်ကို ရောက်လာတယ်။ အဲဒီကနေ စစ်သားတွေက လမ်းလျှောက်လာတယ်။ ကားက နောက်က လိုက်လာတယ်။ အဲဒီမှာ သုံးယောက်ကို ဖမ်းသွားတာ” ဟု ၎င်းရွာလူကြီးက ပြောသည်။

ပေါင်းတုတ်ရွာသစ်က ရာအိမ်မှူး ဒေါယာက၏သား အသက် ၃၀ ကျော်အရွယ် ဇာဟဲတူဆောင်းအပါအဝင် အသက်မပြည့်သူတစ်ဦးနှင့် အခြားသူတစ်ဦးကို ဖမ်းသွားခြင်းဖြစ်သည်။ ယင်းနောက် ညသန်းခေါင်အချိန်တွင် ဇာဟဲတူဆောင်းကို ပြန်လွှတ်ပေးခဲ့သည်ဟု ပေါင်းတုတ်ကျေးရွာသစ် ရာအိမ်မှူးဒေါယာက ပြောသည်။

“စစ်တပ်က ဖမ်းသွားတာပါ၊ ၅၄၀ တပ်က ဖမ်းသွားတာပါ” ဟု သူက ပြောသည်။ သို့သော် မည်သည့်အတွက် ဖမ်းသွားသည်ကိုမူ မသိရသေးပေ။

ပေါင်းတုတ်ကျေးရွာကြီးမှ ဝပ်ရှော့ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်တပ်က လာရှာစဉ် မတွေ့၍ ရှိနေသည့်သူများကို ဖမ်းသွားခြင်း ဖြစ်နိုင်သည်ဟုလည်း ထိုရွာလူကြီးက ဆက်ပြောသည်။

“အလုပ်ရှင်ကို မတွေ့လို့ အလုပ်သမားလေးတွေကို ဖမ်းသွားတာပါ။ သူတို့က ဒီရွာက မဟုတ်ပါဘူး။ တစ်ယောက်က မင်းပြားမြို့နယ် အောင်တိုင်ရွာက၊ နောက်တစ်ယောက်က မြောက်ဦးမြို့နယ် ဆီသည်ရွာက ဖြစ်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့နယ်က ပေါင်းတုတ်ကျေးရွာအုပ်စုတွင် ပေါင်းတုတ်ရွာကြီး၊ ပေါင်းတုတ်ရွာသစ်နှင့် ဘလောင်တောရွာဟူ၍ ကျေးရွာသုံးရွာရှိပြီး ပေါင်းတုတ်ရွာသစ်တွင် အိမ်ခြေ ၅၅၄၊ ပေါင်းတုတ်ရွာကြီးတွင် အိမ်ခြေ ၅၆၀၊ ဘလောင်တောရွာတွင် အိမ်ခြေ ၁၈၆ ရှိသည်။ ထိုရွာသုံးရွာမှာ မြောက်ဦးမြို့ပေါ်နှင့် ၅ မိုင်ခန့်သာဝေးပြီး မြောက်ဦးမှ မင်းပြားဘက်သို့ သွားသည့် အာရှကားလမ်းမကြီးပေါ်တွင် ရှိသည်။ 

ဇွန် ၂၄ တွင် AA က စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်က စစ်တွေမြို့တွင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံ ၁၃ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သေးသည်။

ဇွန် ၂၁ ညနေပိုင်းကလည်း မြောက်ဦးမြို့ပေါ် စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားနေကြသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) အဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းသွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီကလည်း ကျောင်းသားများအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို ဖမ်းဆီးသွားသည်ဟု မြို့ခံများထံမှ သိရသည်။

အပြန်အလှန်ဖမ်းဆီးနေသည့် ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းမြို့တွင်း အရပ်ဝတ်နှင့် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဇွန် ၁၆ တွင် AA က ဖမ်းဆီးခဲ့သည်။ ထိုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် ဇွန် ၁၈ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့တွင် နယ်ဘက်မှ စျေးဝယ်လာသူတစ်ချို့အပါအဝင် လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်နေအိမ်များကို ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ မေလနှင့် ဇွန်လအတွင်း AA တပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းတို့ကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတော့ ဖမ်းဆီးရတာ ဖြစ်ပါတယ်။ သူတို့က ဒီအတိုင်းဆက်လုပ်နေရင် ကျွန်တော်တို့ကလည်း အဲဒီအတိုင်းပဲ ပြန်ပြီးတုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်၊ မြောက်ဦးမြို့နယ်များတွင် ယခုလ ဒုတိယပတ်မှ စတင်သည့် ထိုဖြစ်ရပ်များတွင် ဖမ်းဆီးခံအရေအတွက် အတိအကျနှင့် ဖမ်းဆီးခံများ ပြန်လွတ်လာသည့်အခြေအနေများကို Myanmar Now က ဆက်လက်စုံစမ်းဆဲဖြစ်သည်။

စစ်ကောင်စီက ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သားများနှင့် AA တို့ ဆက်ဆံရေးတင်းမာနေပြီး ဒေသတွင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ ပေါ်ပေါက်ရန် ဖန်တီးမှုများရှိနေသည်ဟု ရက္ခိုင့်တပ်တော် AA က ဇွန် ၂၁ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

“ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်ရခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရ ခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစေကြောင်း တွေ့ရသည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ myanmar now

ကုလအေဂျင်စီများနှင့် ပအိုဝ်းလူမှုအဖွဲ့တို့ပူး ပေါင်းပြီး ကရင်နီစစ်ဘေးရှောင်များကို ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဖယ်ခုံ၊ ဆီဆိုင်နဲ့ မောက်မယ်မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို  ဇွန် ၂၅ ရက်က  UNICEF၊ UNFPA၊ Relief International (RI)နဲ့ ပအိုဝ်းလူမှုအဖွဲ့တို့ပူးပေါင်းပြီး အခြေခံလူသုံးကုန်တွေထောက်ပံ့ကူညီခဲ့ပါတယ်။

ပအိုဝ်းအရပ်ဘက်အဖွဲ့တာဝန်ရှိသူတဦးက “ကရင်နီပြည်သူတွေနဲ့ ပအိုဝ်းလူထုတွေကို လူမျိုးရေး ပဋိပက္ခမျိုးဖြစ်အောင် လူမှုကွန်ယက်စာ မျက်နှာတွေမှာ တမင်ရည်ရွယ်ပြီး ရေးသားဖော် ပြတာတွေကို တွေ့နေရတယ်။ အဲ့ဒါတွေလျော့ချနိုင်ဖို့ ပအိုဝ်းကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (PHWC)နဲ့ ပအိုဝ်းငြိမ်းချမ်းရေးဖွံ့ဖြိုးရေးကော်မတီ(PPDC)တို့က နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အကူညီတောင်းခံပြီး က ရင်နီဒေသက စစ်ဘေးရှောင်တွေကို ကူညီပေးတာပါ။ ကရင်နီပြည်သူနဲ့ ပအိုဝ်းလူထုဟာ တမြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ညီ နောင်တွေဖြစ်တယ်ဆိုတာကို ပြောချင်တာပါ”လို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာ ကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူလူထု သိန်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။ 

အဲ့ဒီထဲက စစ်ရှောင်မိသားစုတချို့သာ အကူအညီတချို့ရရှိကြပြီး အများစုကတော့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထောက်ပံပေးဖို့ လိုအပ်နေသေးတယ်လို့ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။ DVB

« Older Entries