မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ သင်ကြားရေးမွမ်းမံအလုပ်ရုံဆွေးနွေးပွဲပြီးစီး

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးဆောင်၍ မြို့နယ်လုံးဆိုင်ရာ ဆရာသင်တန်း (Teacher Training via Zoom) တစ်ပတ်သင်တန်းကို ဇွန်လ ၁၄ရက်နေ့ကစတင်ပြီးကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်စွာကျင်းပ ပြီးစီးနိုင် ခဲ့ကြောင်းမြို့နယ်ပညာရေး တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
အဆိုပါ သင်တန်းကို ရာသီဥတုဆိုးဝါးခြင်း၊ အင်တာနက်လိုင်းများခက်ခဲခြင်းနှင့် ထိုးစစ်များရှိနေသည့် အတွက် တက်ရောက်မည့်သူနည်းပါးနိုင်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း သင်တန်းသား ၆၀ဦးခန့်အထိတက်ရောက်ခဲ့ကြသည်။
”ကျွန်တော်တို့အဓိကလုပ်တာ Workshop (အလုပ်ရုံဆွေးနွေးပွဲ) သဘောနဲ့သွားတာဖြစ်ပါတယ်။ Training ပြန်ပေးဖို့အတွက် ကိုယ့်ရဲ့တိုက်နယ်အလိုက်ဆရာ/ဆရာမတွေကိုထရိန်နင်ပြန်ပေးဖို့အတွက်ဆိုပြီး တိုက်နယ်အလိုက်စေတနာဝန်ထမ်းဆရာ/ဆရာမ ငါးဦးစီကိုခေါ်တယ်။ တစ်နေရာမှစုပြီးရန်ကုန်ကဆရာမကြီးတွေသင်တန်းပေးတာကိုတက်တယ်။အချင်းချင်းပြန်ဆွေးနွေးကြတယ်။ကျွန်တော်တို့ဒီသင်တန်းပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ရည်ရွယ်တာက ကိုယ့်တိုက်နယ်အသီးသီးမှာ ဆရာ/ဆရာမတွေပြန်သွားမယ်။ကိုယ့်တိုက်နယ်ထဲမှာရှိတဲ့စေတနာ့ဝန်ထမ်းဆရာဆရာမတွေကိုထပ်ဆင့်သင်တန်းပြန်ပေးမယ်။”ဟုလည်းမင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှတာဝန်ခံဆရာက ပြောသည်။
သင်တန်းတွင် မြန်မာ ၊အင်္ဂလိပ် ၊သင်္ချာ၊သိပ္ပံ၊တိုင်းရင်းဘာသာစကား အပြင်၊ပညာရေးစိတ်ပညာနှင့်ပတ်သက်သည့်သင်ခန်းစာများကိုလည်း ဗော်လန်တီယာ ဆရာ/ဆရာမအတွက်သင်ကြားပေးနိုင်ခဲ့သည်။
” အင်တာနက်လိုင်းကလုံးဝမရဘူး။အဆင်မပြေဘူးပေါ့၊လိုင်းမရဘူးဆိုတာက ရလိုက်၊ပြန်ပျက်သွားလိုက်ဖြစ်တယ်သ။ သင်ကြားပို့ချချက်တွေကိုလည်းသေသေချာချာအာရုံစိုက်ပြီးကာမှပြန်နားထောင်နေရတယ်။ ဆရာမတွေပြောတာကိုချိတ်ဆက်ပြီး ပြန်နားထောင်ရတာတွေမှာတော်တော်လေးကိုအခက်အခဲရှိတယ် ။တစ်ဘက်မှာလည်း ဆရာဆရာမတွေကသူတို့ရဲ့ပါဝါပွိုင့်တွေပြန်ပေးတာတွေ၊သူတို့ရဲ့သင်ကြားတဲ့ဖိုင်တွေပြန်ပေးတဲ့အတွက်အဆင်ပြေတယ်လို့ပြောရမှာပါ”ဟု လည်း တာဝန်ခံဆရာကပြောသည်။
ယခုနှစ်တွင် မင်းတပ်ပညာရေးဘုတ်အဖွဲ့နေဖြင့် အလယ်တန်းအထိကျောင်းမျာတိုးမြင့်ပြီးပြန်လည်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး လက်ရှိတွင်စေတနာ့ဝန်ထမ်းဆရာ/ဆရာမ ၁၃၀၀ကျော်နှင့် ကျောင်းသား/ကျောင်းသူ ၁၅၀၀၀ဝန်းကျင်တက်ရောက်သင်ကြားနိုင်မည်ဟုခန့်မှန်းထားကြသည်။
ဆရာ/ဆရာမများကိုအတိုင်းအတာတစ်ခုထိထောက်ပံ့ကြေးပေးဖို့နိုင်နှင့် ပညာသင်ကာလပြန်စလာတဲ့အချိန်မှာကျောင်းသူကျောင်းသားတွေအတွက်သင်ထောက်ကူပစ္စည်းများလိုအပ်လျှက်ရှိပြီး ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီပေးဖို့လည်းလိုအပ်နေသည်ဟုလည်းသိရသည်။ mizzima