လက်ပံတောင်းတောင်ဒေသ တုံရွာမနှင့် တောကျောင်းကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများကို ကားနှင့်တင်ဆောင် ခိုးယူနေပြီး ရွာကို မီးတင်ရှို့နေ၊ ရွာသား အနည်းဆုံး ၅ ဦး သတ်ဖြတ်ခံ ထားရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ တုံရွာအုပ်စုရှိ တုံရွာမရွာနှင့် တောကျောင်းရွာတွင် တပ်စွဲထားသော အ ကြမ်းဖက်စစ်တပ်သည် အများပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို ကားဖြင့် တင်ဆောင်ခိုးယူကာ ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၆ နာရီခွဲဝန်းကျင်မှစ၍ ရွာကို မီးတင်ရှို့နေကြောင်း၊ ဒေသခံရွာသား အနည်းဆုံး ၅ ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“တောကျောင်းကနေ စရှို့တာ၊ အဲဒီမှာ အိမ်တွေ ကုန်သလောက်ဖြစ်တော့ တုံရွာမကို ဆက်ရှို့နေတာ၊ ဒီမနက် ၆ နာရီ မိနစ် ၂၀ မှာ စရှို့တယ်။ အိမ်ခြေက တောကျောင်းမှာ ၁၆၅ အိမ်၊ တုံရွာမမှာ ၂၀၀ လောက်ရှိတယ်။ မီးလောင်လို့ ဘယ်လောက်ကုန်ပြီလဲ မခန့်မှန်းနိုင်ဘူး၊ မီးရှို့ခင် ပစ္စည်းတွေကို ကားပေါ်တင်ပြီး ညောင်ပင်ကြီးရွာဘက်ကို သွားတာတော့ တွေ့လိုက်ရတယ်၊ ညောင်ပင်ကြီးရွာသား ၁ ဦးကတော့ ရွာကို မရောက်လာဘူးလို့ ပြောတယ်။ ဘယ်နေရာကို တင်သွားလဲတော့ လတ်တလော မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောာဆိုသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကားကြီး ၅ စီးဖြင့် ဝင်ရောက်လာပြီး ဒေသခံ ၃၀ ဦး ဝန်းကျင်ကို ဓါးစာခံလုပ်ဖမ်းဆီးစစ်ဆေးကာ သတ်ဖြတ်ခံရသူ အနည်းဆုံး ၅ ဦး ရှိကြောင်းလည်း သိရှိရသည်။
“ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ၅ ဦးရဲ့ အလောင်းတွေကို တုံရွာမက အိမ် ၁ လုံး အရှေ့မှာ ပုံထားတယ်လို့ သိရတယ်။ မီးရှို့အလောင်းဖျောက်လိုက်ရင်တော့ ဘယ်သူလဲဆိုတာ စုံစမ်းဖို့ ခက်ပြီ” ဟု ဒေသခံ က ဆက်ပြောသည်။
တုံရွာအုပ်စုတွင် ကျေးရွာ ၅ ရွာ ပါဝင်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ အရှေ့ဘက် ကားလမ်းတဖက်ခြမ်းတွင် တည်ရှိသည်။
လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် ညောင်ပင်ကြီး၊ တုံ၊ တောကျောင်း၊ တုံရွာသစ်၊ လယ်တီ၊ ဇီးတော၊ ဆည်တဲ၊ ဖောင်းကာတာ၊ ကျောက်ဖြူတိုင်၊ ထန်းတောကြီး၊ မိုးကြိုးပြင် (တောင်)၊ မိုးကြိုးပြင် (မြောက်)၊ ဖောင်းကား (တောင်/အလယ်/မြောက်)၊ ဝက်မှေးရွာ၊ ခံတောရွာ၊ ရွှေလှေ၊ ရွာရှည်ထန်းတော၊ တောင်ပလူ၊ ကျော်ရွာ စသည့် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၁၀,၀၀၀ ထက်နည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
“အခုက ရွာပေါင်း ၂၀ ကျော်တယ်၊ ဒေသခံ ၁၀,၀၀၀ ကျော်တယ် ထွက်ပြေးနေရတာ၊ စစ်သားတွေက အရပ်သားတွေလို ဝတ်ပြီး ရွာတွေထဲမှာ ကင်းပုန်းဝပ်နေတာပေါ့၊ ဘယ်သူမှ မသွားရဲတော့ ရွာတွေ မီးရှို့ခံရတဲ့ ခိုးယူခံရတဲ့ အသေးစိတ်ကို မသိနိုင်ဘူး” ဟု လက်ပံတောင်းဒေသ သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ khit thit