Monthly Archives: Jun 2022

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာ မိတ် PDF တပ်ပေါင်းစုက လက်နက်ကြီးများဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက်တွင်ရှိသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတာဝန်ခံကပြောသည်။

မုံရွာမြို့တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်း သို့ ယမန်နေ့ ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အဖွဲ့ သုံးဖွဲ့ခွဲကာ နေရာသုံးနေရာမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုအနေနဲ့ မနေ့က နေ့လည် ၂ နာရီ ဝန်းကျင်မှာ မုံရွာမြို့အထွက်မှာရှိတဲ့ နမခ ခွေးခြံထဲကို ၆၀ မမ ငါးလုံး၊ ၉၀ မမ သုံးလုံး၊ ၁၂၀ မမ နှစ်လုံးတို့နဲ့ ပစ်ပြီးတိုက်ခိုက်ခဲ့တာပါ။ သုံးဖွဲ့ခွဲပြီး သုံးနေရာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု အနောက် မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုမှတာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ကျရောက် မှုများရှိခဲ့သည်ကို တပ်တွင်းနှင့်နီးစပ်သူများထံမှသိရပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများရှိနိုင် ကြောင်းလည်း ၎င်းကဆိုသည်။

မဟာမိတ် PDF တပ်ပေါင်းစု၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီတပ် မှ ပြန်လည်ရမ်းသန်းပစ်ခတ်မှုရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

တိုက်ခိုက်မှုကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း (၁)၊ တပ်ခွဲ (၂) မှ Black Dragon – Special Task Force နှင့် ကနောင် People’s Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုအနေနဲ့ မဟာမိတ်အဖွဲ့တွေ လက်တွဲ ညီညီနဲ့ ဒီထက်မက တွန်းလှန်တိုက်ထုတ်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာပါ။ ပြည်သူတွေကလည်း အားမလျော့ပဲ ဆက်လက်ကူညီထောက်ပံ့ပေးကြပါ” ဟု တပ်ပေါင်းစုတာဝန်ရှိသူက ဆက်ပြောသည်။

အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကို စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် ဇွန်လ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲများကို မိုင်းဆွဲတိုက်ခိုက်မှုများအပါအဝင် စစ်ဆင်ရေးငါးကြိမ်ပြုလုပ်ထားကြောင်း သိရ သည်။

မုံရွာတွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကိုဦးတည်ကာ စစ်ကြောင်းထိုးခြင်းများဆောင်ရွက်နေပြီး အပြစ်မဲ့ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်။

ထို့အပြင် မုံရွာမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ဆေးမှုများ တင်းကျပ် စွာလုပ်ဆောင်နေကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မုံရွာမြို့ရှိ ပြည်သူ ၁၅ ဦးထက်မနည်း PDF နှင့် ဆက်စပ် သည်ဟုဆိုကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

စစ်ကောင်စီ လုံခြုံရေးမယူနိုင်၍ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရဟု AA ဝေဖန်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပညာရေးဝန်ထမ်းနှစ်ဦး နယ်စပ်ဖြတ်ကျော်ပြီး ပြန်ပေးဆွဲခံရခြင်းမှာ စစ်ကောင်စီ လုံခြုံရေးမပေးနိုင်၍ ဖြစ်သည်ဟု ရက္ခိုင့်တပ်‌တော် (AA) က ဝေဖန်လိုက်သည်။

မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာ ဦးဘိုဝင်း နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဇွန် ၁၆ တွင် ပျောက်ဆုံးပြီးနောက် ဇွန် ၂၃ ရက်မှသာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီလက်ထက် ထိုသို့ ပြန်ပေးဆွဲခံရခြင်းမှာ နယ်စပ်လုံခြုံရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည် ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ (ဇွန် ၂၅) ညပိုင်းတွင် Myanmar Now ကို ပြောသည်။ 

“အဲဒီနယ်စပ်တစ်လျှောက်မှာနေထိုင်ကြတဲ့ အာရက္ခပြည်သား တစ်ယောက်ချစ်စီရဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“မြန်မာစစ်တပ်အနေနဲ့ သူတို့ လက်အောက်က ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ ဖြစ်ပါတယ်”

ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁,၀၄၁ သိန်း) လွှဲပေးခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးပိုင်းက လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်သော်လည်း မည်သည့်အဖွဲ့က ပြန်ပေးဆွဲသည်၊ မည်သူ့ကို ပိုက်ဆံပေးရသည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

ထို့အတူ ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆို ခြင်း မရှိပေ။​

တစ်ပတ်ခန့်ကြာ ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးပြီးနောက် ဇွန် ၂၃ ရက် ညပိုင်းတွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များထံ လွှဲပြောင်းပေးခဲ့ ဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်းအချို့အရ သိရသော်လည်း အသေးစိတ် မသိရပေ။ 

ပြန်ပေးဆွဲခံရသူများကို ဒေသအခြေစိုက် မီဒီယာများက တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ 

ဓာတ်ပုံ – တစ်ပတ်ကြာ ပျောက်ဆုံးနေသော ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်လုံးခြုံရေးတပ်ဖွဲ့က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးစဉ်။ ဓာတ်ပုံ​ – အောင်ကျော်မင်း Facebook) 

နောက်ကွယ်တွင် အကြောင်းတစ်ခုခုရှိနိုင်ပြီး စစ်ကောင်စီက တာဆီးပိတ်ပင်ထားခြင်းလည်းဖြစ်နိုင်သည် ဟု မောင်တောမြို့ခံတစ်ဦးက ယူဆသည်။

“သူတို့ကိုယ်တိုင်ကလည်း ဖွင့်ဟမပြောချင်တဲ့ စိတ်ရှိတယ်လို့ မြင်တယ်။ သူတို့နဲ့ ပတ်သက်တဲ့ ပညာရေး ဌာနမှာလည်းအကြီးအကဲတွေရှိတယ်။ အားလုံးက နှုတ်ပိတ်နေကြတယ်။ ပြန်ပေးသမားလက်ထဲက လွတ်လာမှ သူတို့နှစ်ယောက် လုံခြုံရေးအရေးကြီးတဲ့ ပုံစံလုပ်ပြနေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပေ။

မောင်တောမြို့ရှိ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးကမူ စစ်ကောင်စီက ဖိအားပေးသဖြင့် တစ်စုံ တစ်ရာ ထုတ်မပြောခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“မပြောစေချင်လို မပြောတာဖြစ်မယ်။ အစိုးရက မပြောစေချင်ရင် အစိုးရလည်း ကြံရာပါဖြစ်မယ်”  myanmar now

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက် သေဆုံးမှုရှိနိုင်

မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနှင့် ယာဉ်ပျက်စီးမှု ရှိနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် အခြေစိုက် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မတ္တရာဘက်မှ သပိတ်ကျင်းဘက်သို့ တက်လာသည့် အင်အား ၆၀ခန့်ပါသည့် စစ်ကောင်စီယာဥ်တန်း ကိုးစီးကို သပိတ်ကျင်းမြို့တောင်ဘက် မိုင် ၂၀အကွာရှိ ကျောက်ဖြူရွာနှင့် လိပ်ကျရွာအကြား မန္တလေး−မိုးကုတ်ကားလမ်းမကြီးပေါ်တွင် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ငါးလုံးဖြင့် ယနေ့ ဇွန်၂၆ နေ့လယ် ၁နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

” ကုန်ပစ္စည်းပါတာက ငါးစီး၊ စစ်ခွေးတွေ ပါတာက လေးစီးခင်ဗျ။ မိုင်း ငါးလုံးခွဲလိုက်ပြီး ပြန်ဆုတ်ခဲ့ကြတာ။ ဒေသခံတွေ ပြန်ပြောတာတော့ ကားတွေ ဆက်တက်သွားတာ ရှစ်စီးပဲလို့ပြောတယ်။ ထိခိုက်မှုရှိလို့ တစ်စီးကျန်ခဲ့တယ်လို့ပဲ ကျွန်တော်တို့က ယူဆတယ်” ဟု တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့မှ သတင်းတာဝန်ခံက မဇ္စျိမကို ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းသည် ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားခဲ့ပြီး TBK တောဆင်ရိုင်းပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာရှိ အမှတ် ၁၃ တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။mizzima

စစ်အာဏာရှင်လက်ထက် လုပ်အားကျွန်ပြုခံနေရသူများ 

ရန်ကုန်မြို့စွန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံတွင် အသက် ၂၃ နှစ်အရွယ် ကိုဝင်းဇော်* ချွေးဒီးဒီးကျအောင် အလုပ်ရှုပ်နေသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေများကြောင့် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ရသည်မှာ ပို၍ခက်ခဲကျပ်တည်းလာသည်။ တစ်လ ကျပ်တစ်သိန်းကျော်သာ ဝင်ငွေရှိတော့သဖြင့် မငတ်ရုံတစ်မည်ဖြစ်လာသည်။ အလုပ်သမားအခွင့်အရေးဝေးစွ အလုပ်မပြုတ်ရေးကိုပင် သတိထားနေရသည်။ 

လွန်ခဲ့သော တစ်နှစ်ကျော် အရပ်သားအစိုးရလက်ထက်တွင် လစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်မှုကြေး အစုံအလင်ရသဖြင့် တစ်လ ကျပ်နှစ်သိန်းခွဲ ပြေးမလွတ်ဟု ရွှေလင်းပန်းစက်မှုဇုန်ရှိ AMG1 အမည်ရ အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုဝင်းဇော်က ပြောသည်။

အာဏာမသိမ်းမီက အထည်အစိတ်အပိုင်း ၁၀၀ သာ တာဝန်ယူချုပ်လုပ်ပေးရသော်လည်း လက်ရှိတွင် ၂၀၀ နီးပါးအထိ ပိုလုပ်ပေးနေရသည်ဟု ဆိုသည်။ အလုပ်ပိုလုပ်ပေးရသော်လည်း အချိန်ပိုကြေး နတ္ထိဖြစ်နေကြောင်း လုပ်သက်ငါးနှစ်ရှိ အထည်ချုပ်အလုပ်သမားက ဆိုသည်။

“အာဏာမသိမ်းခင်ကဆို အဲဒီလို (ဆဲဆို) ပြောလို့ မရဘူး။ ပြောရင် (အလုပ်သမားဌာနက စက်ရုံကို) သတိပေးခံရတာရှိတယ်။ အခုတော့ အဲဒါတွေ လုံးဝမရှိတော့ဘူး”

“အာဏာမသိမ်းခင်ကဆို အဲဒီလို (ဆဲဆို) ပြောလို့ မရဘူး။ ပြောရင် (အလုပ်သမားဌာနက စက်ရုံကို) သတိပေးခံရတာရှိတယ်။ အခုတော့ အဲဒါတွေ လုံးဝမရှိတော့ဘူး” 

“အိမ်သာသွားချင်လည်း မသွားရဘူး။ တချို့ကျ သူတို့ (သတ်မှတ်ထားတဲ့) စံချိန်မမီဘူး။ အဲဒါဆို (သတ်မှတ်ခွင့်ပြုချိန် နာရီဝက်အတွင်း) ထမင်းမစားဘဲ ပြည့်အောင်ချုပ်ပေးရတယ်” ဟု ကိုဝင်းဇော်က ပြောသည်။

နာတာရှည် အသက် ၅၅ နှစ်အရွယ် မိခင်လည်းရှိ၊ အဆောင်လခ ခုနှစ်သောင်းလည်း ပုံမှန်ပေးနေရသည်တွင် ကုန်ဈေးနှုန်းကြီးမြင့်လာသော အခြေအနေ၌ အရာရာ ကြိတ်မှိတ်သည်းခံနေရသည်ဟု ၎င်းက ဆိုသည်။

“လစာထုတ်ပြီး လေးငါးရက်နေရင် ဘေးကနေ ပြန်ဆွဲ (ချေးငှား) ရတာပဲ အဲဒီလိုပဲ သံသရာလည်နေတာပဲ၊ ဘယ်လိုမှတော့ အဆင်တော့ မပြေဘူး၊ စားစရိတ်ကလွဲရင် လက်ထဲ ကျန်းမာရေးမကောင်းရင် ဆေးကုစရာ ပိုက်ဆံမရှိဘူး” ဟု ကိုဝင်းဇော်က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး သုံးလအကြာ ပြီးခဲ့သည့်နှစ် ဧပြီတွင် သူအလုပ်လုပ်ရာ စက်ရုံ ယာယီပိတ်လိုက်ရသည်။ ပြန်ဖွင့်ချိန်တွင် အလုပ်သ မားခေါင်းဆောင်များ ပြေးသူပြေး၊ အလုပ်ပြတ်သူပြုတ် ဖြစ်ကုန်သည်။ ယခင်လို အရေးဆိုရန် အခွင့်မသာတော့ဟု ဆိုသည်။

အာဏာသိမ်းသည့် တစ်နှစ်ထဲတွင်ပင် စက်ရုံအလုပ်ရုံ အများအပြားပိတ်သိမ်းသွား၍ အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဝင်ရပ်တည်ခွင့် ရုပ်သိမ်းခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CT U M) ထံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ တိုင်ကြားထားမှုမှာ ၂၀၂၁ တွင် အမှုပေါင်း ၆၀ ကျော်၊ ယခုနှစ် ဇန်နဝါရီမှ မတ်လအထိ အမှုပေါင်း ၂၀ ကျော်ရှိနေသည်ဟု သိရသည်။

အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း စသည့် တိုင်ကြားမှုများ ပါဝင်သည်ဟု CTUM ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က Myanmar Now ကို ပြောသည်။

အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများကို နေ့စားခန့်ထားပြီး လုပ်ခလစာ အပြည့်မပေးဘဲ အချိန်ပိုခိုင်းစေခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိတော့ခြင်းများလည်း ပါဝင်သည်ဟု ဆိုသည်။ 

“အခုဖြစ်နေတဲ့ အဓမ္မခိုင်းစေမှုတွေက အထည်ချုပ်နဲ့ ဖိနပ်သားရေလုပ်ငန်းတွေမှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကဏ္ဍတစ်ခုလုံးမှာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်” ဟု မခိုင်ဇာအောင်က ပြောသည်။

သို့သော် လုံခြုံရေးနှင့် အလုပ်ပြုတ်မည် စိုးရိမ်၍ အရပ်သားအစိုးရလက်ထက်ကကဲ့သို့ ပွင့်လင်းစွာ မပြောဆိုရဲကြသဖြင့် ဖြေရှင်းရခက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“အခု စက်ရုံတိုင်းလိုလိုမှာ ပြောနေတာက ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့။ မကျေနပ်ဘူးဆိုရင် တိုင်ချင်ရာတိုင်ဆိုပြီး ဖြစ်နေတာပါ” ဟု မခိုင်ဇာအောင်က ပြောသည်။

ကိုယ်ဝန်ဆောင်ပင် ခွင့်ယူမရ

အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများပင် မီးဖွားခွင့်၊ မီးဖွားစရိတ် မရတော့သည့်ပြင် အလုပ်ရပ်စဲခံရမှုများပင်ရှိနေသည်ဟု CTUM မှတ်တမ်းများကို ကိုးကား၍ မခိုင်ဇာအောင်က ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် လုပ်သက် ၆ လ မပြည့်သေးသည့် ကိုယ်ဝန်ဆောင်အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်နေသည်ဟု အလုပ်သမားရေးရာများ ဖော်ပြနေသည့် Myanmar Labor News လူမှုကွန်ရက်စာမျက်နှာက မတ်လအတွင်း ရေးသားသည်။

အဆိုပါအချက်ကို ကိုဝင်းဇော်ကလည်း ထောက်ခံသည်။ သူအလုပ်လုပ်နေသော စက်ရုံတွင် ကိုယ်ဝန်ဆောင်အလုပ်သမားများကို အလုပ်မှ မထုတ်ပယ်သော်လည်း မီးဖွားခွင့် အပြည့်အဝမပေးတော့ဟု အတည်ပြုသည်။

“ဟိုအရင်ကဆို မမွေးခင် ၆ ပတ် မွေးပြီး ၆ ပတ်ရတယ်။ အခု မွေးပြီး တစ်ပတ်လောက်ဆို အလုပ်ဆင်းပေးရတယ်။ အခု နားလို့ မရတော့ဘူး” ဟု ကိုဝင်းဇော်က ပြောသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ ရန်ကုန်တက် အလုပ်လုပ်နေသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်း* သည်လည်း အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေသူတစ်ဦးဖြစ်သည်။ 

အာဏာမသိမ်းမီက ကုမ္ပဏီတစ်ခုတွင် အရောင်းဝန်ထမ်းလုပ်ခဲ့သော်လည်း ကိုဗစ်ကာလအတွင်း အလုပ်နားလိုက်ရပြီးနောက် လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်အလုပ်သမားဖြစ်လာသူဖြစ်သည်။ Tianjin Fashion Milestone Garment အမည်ရ တရုတ်အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်သည်။

သူလုပ်နေသော စက်ရုံတွင် နေ့စဉ် အချိန်ပို နှစ်နာရီခွဲအပြင် ပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင်ပါ ဆင်းပေးနေရသော်လည်း အချိန်ပိုကြေးအနေဖြင့် တစ်နာရီ ၁၂၀၀ ကျပ်သာရသည်ဟု ကိုစိုးမင်းက ပြောသည်။ သို့သော် အချိန်ပိုကြေး မရသူများလည်းရှိသည်ဟု ပြောသည်။

“ဒီနေ့ အထည်ရေ ၁,၂၀၀ ပေးရမယ်ဆိုရင် မပြည့်ရင်၊ နောက်ပြန်ပြင်ရမဲ့ အထည်တွေဆိုရင် သူတို့ကို ပြန်ခေါ်တယ်။ အလကားဆင်းပေးရတယ်” ဟု ကိုစိုးမင်းက ပြောသည်။

ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကူးစက်ခံရပြီး နေမကောင်းသဖြင့် နယ်ပြန်ခွင့်တောင်းရာ စက်ရုံက ခွင့်မပေးဟု ဆိုသည်။ အလုပ်ချိန် ၈ နာရီပြည့်အောင် ဆင်းပေးပြီးမှ အိမ်ပြန်လို့ရသလို နောက်ရက်အတွက် ခွင့်တိုင်သော်လည်း မရဟု ၎င်းက ပြောသည်။

“အညာတို့ ရခိုင်တို့ ပြန်ချင်လို့ရှိရင် ဟိုမှာက ကျန်းမာရေးမကောင်းဖြစ်နေတာဆို သွားလာတာနဲ့ သုံးရက်တည်းက ဘယ်လိုမှ မလောက်ဘူးလေ။ လေးငါးရက်တောင်းရင် ဘယ်တော့မှ မပေးဘူး သုံးရက်ပဲ။ သုံးရက်ကျော်တာနဲ့ ဖြုတ်ပစ်လိုက်ရော” ဟု ကိုဝင်းဇော်ကလည်း ပြောသည်။

အလုပ်အကိုင်ကလည်း ရှားပါးနေသဖြင့် မိဘများ နေထိုင်မကောင်းလျှင်ပင် မပြန်ရဲတော့ကြောင်း၊ တချို့စက်ရုံများတွင် ခွင့်တင်သော်လည်း ရက်ပျက်ကြေး တစ်ရက် ကျပ်ငါးသောင်းထိ လစာထဲမှ ဖြတ်ခံရသည်ဟု ၎င်းတို့ထံမှ သိရသည်။

လှိုင်သာယာရှိ စက်ရုံများတွင် အလုပ်လုပ်နေသူအများစုမှာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် အထက်အညာဒေသ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဖြစ်သည်ဟု သိရသည်။ လက်နက်ကိုင်ခုခံတော်လှန်ရေး အားကောင်းသည့် ထိုအညာဒေသမှာ စစ်တပ်၏ အငြိုးအတေးဖြင့် ချေမှုန်းခြင်းလည်း ခံနေရသည်။ 

ခေါင်းပုံဖြတ်ခံ နေ့စားအလုပ်သမားများသာ 

အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ အလုပ်အပ်သူ ရှားပါးလာခြင်းနှင့်အတူ စက်ရုံအလုပ်ရုံများတွင် နေ့စားအလုပ်သမား ပိုသုံးလာသည်ဟု သိရသည်။​

အသက် ၃၆ နှစ်အရွယ် ကိုဌေးအောင်* သည် ပန်းချီကားဘောင်များ ပြုလုပ်သည့် လှိုင်သာယာစက်ရုံတစ်ရုံတွင် နေ့စားအလုပ်သမားဖြစ်သည်။ အလုပ်ဝင်နေသည်မှာ သုံးလခန့်သာရှိသေးသည်။ မြစိမ်းရောင်စက်မှုဇုန်ရှိ ထိုစက်ရုံပိုင်ရှင် မည်သူဖြစ်သည်၊ မည်သည့်ကုမ္ပဏီက ပိုင်ဆိုင်သည်ကို ကိုဌေးအောင် မသိပေ။ 

“ဆိုင်းဘုတ်လည်း မရှိဘူး။ ပန်းချီဘောင်စက်ရုံလို့ပဲ ခေါ်ကြတယ်” ဟု ယခင်က အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ခဲ့သူ ကိုဌေးအောင်က ပြောသည်။ 

အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားထု ချီတက်ဆန္ဒပြရာတွင် ကိုဌေးအောင်လည်း ပါဝင်ခဲ့သည်။ 

ဆန္ဒပြပွဲတွင် ပါဝင်သည့် အလုပ်သမားများကို စစ်တပ်က လိုက်လံဖမ်းဆီးသဖြင့် ကိုဌေးအောင်လည်း အလုပ်ထွက်ကာ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ဇာတိရွာကို ပြန်သွားခဲ့သည်။ 

ရန်ကုန်သို့ အဝတ်အထည်များ တက်ဝယ်ကာ ရွာတွင် ပြန်ရောင်းသည်။ အရောင်းအဝယ်မကောင်းသည်က တစ်ကြောင်း၊ ဇနီးဖြစ်သူ ကိုယ်ဝန်ရှိလာသည်ကတစ်ကြောင်းကြောင့် ရန်ကုန်ပြန်လာပြီး နေ့စားလုပ်နေခြင်းဖြစ်သည်။ 

“တောမှာကလည်း အလုပ်အကိုင်က အဆင်မပြေတော့ ရန်ကုန်ပြန်တက်လာပြီး ရတဲ့အလုပ်လေး ဝင်လုပ်နေတာ” 

နေ့စားအလုပ်သမားဖြစ်သည့်အတွက် အလုပ်ဆင်းသည့်ရက်သာ ပိုက်ဆံရပြီး ပိတ်ရက်များအတွက် မရပေ။ အချိန်ပိုကြေးလည်း မရှိပေ။ ပုံမှန်နေ့စားခသည် တစ်ရက် ကျပ် ၄၈၀၀ သာဖြစ်သည်။ 

“ကျနော်တို့ကျတော့ တစ်နေ့လုံးလုပ်လည်း အလုပ်ချိန် ၈ နာရီအတွင်းက ၄,၈၀၀ ပဲ ပေးတာ။ တရားဝင်အလုပ်သမား မဟုတ်တော့ ကျန်းမာရေးမကောင်းတာတို့၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တာတွေ မရဘူး” ဟု ကိုဌေးအောင်က ပြောသည်။

အလုပ်ပါးရက်များတွင် စက်ရုံက နေ့စားအလုပ်သမား ခေါ်လေ့မရှိပေ။ ပိတ်ရက်များပါမကျန် ရသမျှ မနားတမ်း ကုန်းရုန်းလုပ်ပါမှ တစ်လ ကျပ်နှစ်သိန်းနီးပါးသာ ဝင်သည်ဟု ဆိုသည်။ ကိုယ်ဝန်ဆောင် ဇနီး ဆေးခန်းပြဖို့ မလောက်င၍ နယ်ကဆွေမျိုးများထံမှ ချေးငှားသုံးစွဲနေရသည်ဟု ကိုဌေးအောင်က ပြောသည်။

သုံးလပြည့်ပါက လခစားဝန်ထမ်းခန့်မည်ဟု နှုတ်ကတိပေးကာ နေ့စားအလုပ်သမား ခေါ်ယူသည်ဖြစ်ရာ စက်ရုံများက အကြောင်းအမျိုးမျိုးပြလျက် စိတ်ကြိုက်အလုပ်ထုတ်ခွင့်ရနေကြောင်း သိရသည်။​

ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် ခြောက်လကျော်လာသော်လည်း နေ့စားအလုပ်သမားအဖြစ်သာ ဆက်ခန့်ထားသည်ဟု တိုင်ကြားစာများတွင် တွေ့ရကြောင်း CTUM တာဝန်ရှိသူက ပြောသည်။​ လခစားမခန့်သည့်အတွက် အလုပ်သမားများကို ဥပဒေပါအတိုင်း ပေးရမည့် လုပ်ခလစာနှင့် အချိန်ပိုကြေးကို စက်ရုံဘက်မှ ရှောင်၍ရနေသည်ဟု ထိုအဖွဲ့က သုံးသပ်သည်။

ကိုစိုးမင်း၏ ညီဖြစ်သူမှာ လှိုင်သာယာမြို့နယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် နေ့စားအလုပ်သမားအဖြစ် သုံးလကျော်ကြာပြီး အလုပ်ဖြုတ်ခံရသည်။ အကြောင်းရင်းကို မေးသောအခါ တက်တူးထိုးထား၍ ဖြစ်သည်ဟု စက်ရုံဘက်က ပြန်ပြောသည် ဆိုသည်။ 

“ခေါ်ကတည်းက တက်တူးရှိတာ သူတို့သိတာပဲ။ အဲဒါကို တက်တူးတွေ ပါလို့ဆိုပြီး ဖြုတ်တယ်” ဟု ကိုစိုးမင်းက ပြောသည်။ သူ့ညီဖြစ်သူမှာ ယနေ့အထိ နောက်ထပ် နေ့စားအလုပ်သစ် ရှာမရသေးပေ။

တချို့စက်ရုံများသည် လခစားဝန်ထမ်းကို ဖြုတ်ကာ နေ့စားပြန်ခန့်နေကြောင်း၊ နေ့စား သုံးလပြည့်ပါက လခစားအမြဲတမ်း ဝန်ထမ်းပြန်ခန့်ရမည်စိုး၍ အလုပ်ပြန်ဖြုတ်နေကြောင်း အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။

ထိုနည်းအားဖြင့် အလုပ်ရှင်ဘက်က ခြောက်ရက်ခန့် လုပ်ခလစာ သက်သာသွားကာ နေ့စားအလုပ်သမား ရာချီရှိသဖြင့် စက်ရုံပိုင်ရှင်များ အကျိုးအမြတ်ရနေကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံရေးအခြေအနေတွေကို ကြည့်ပြီး ပြည်ပလုပ်ငန်းရှင်တချို့က လူလည်ကျတာပေါ့ဗျာ။ ဒီဘက်မှာကျ စားရမဲ့သောက်ရမဲ့ ဖြစ်ကုန်တယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

အားကိုးရာမဲ့

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အထွေထွေအလုပ်သမားအခွင့်အရေးဆုံးရှုံးမှု အမျိုးစုံရှိလာသည်။ လုပ်ငန်းခွင်၌သာမက နေ့စဉ်လူနေမှုဘဝအထိပါ ခြိမ်းခြောက်မှုများ ရှိလာသည်။ 

စက်ရုံတွင် အမြင်မတော်သည့်ကိစ္စတစ်ခုကို ဝင်ပြောမိသော သူငယ်ချင်း အလုပ်သမားတစ်ဦး အိမ်အပြန်လမ်းတွင် အရိုက်ခံရသည့်ဖြစ်စဉ် ရှိဖူးကြောင်း လှိုင်သာယာတွင် အလုပ်လုပ်နေသူ ကိုဝင်းဇော်က ပြောသည်။ 

စက်ချုပ်လိုင်းတန်းတွင် သတ်မှတ်အထည် အရေအတွက်မပြည့်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ထမင်းစားချိန်အတွင်း ချုပ်ခိုင်းသည်ကို ကိုဇေယျာ* ဆိုသူက ဝင်ပြောမိခြင်းဖြစ်သည်။ ထိုသို့ ဝင်ပြောမိသူ ကိုဇေယျာကို အိမ်အပြန်လမ်းတွင် လူငါးဦးက ဝိုင်းရိုက်ကြသည်ဟု ဆိုသည်။ 

သေလုမြောာပါး အရိုက်ခံရပြီးနောက် ကိုဇေယျာလည်း ဇာတိမြေပြန်သွားသည်ဟု ဆိုသည်။​ စက်ရုံပိုင်ရှင်က လူမိုက်ငှားကာ ရိုက်နှက်ခိုင်းသည်ဟု အလုပ်သမားများ ယုံကြည်ထားသည်။

“ကျနော်တို့က မခံနိုင်လို့ ဝင်ပြောလို့ရှိရင် နောက်နေ့မနက်က မသေချာတော့ဘူး” ဟု ကိုဝင်းဇော်က ပြောသည်။

အာဏာသိမ်းပြီးနောက် အလုပ်သမားခေါင်းဆောင်များ ဖိနှိပ်ခံရခြင်းနှင့်အတူ အလုပ်သမားသမဂ္ဂများလည်း ရေငုံနှုတ်ပိတ်နေလာရသည်။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်ရသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်သည့် အလုပ်သမား ၈၀ ရာခိုင်နှုန်းခန့် အလုပ်ရပ်နားခံခဲ့ရသည်ဟု CTUM က ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။​ ထို့ပြင် စက်ရုံအလုပ်ရုံများမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။ 

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် သမဂ္ဂ ၁၆ ဖွဲ့ကို အာဏာသိမ်းပြီး တစ်လအကြာတွင် တရားမဝင်ကြောင်း ကြေညာခဲ့သည်။​

စက်ရုံများတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရရေး၊ ရပ်တည်ရေးမှာ အရပ်သားအစိုးရလက်ထက်ကကဲ့သို့ မလွယ်ကူတော့ပေ။​

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ သဘောတူညီချက်ပါ လွတ်လပ်စွာသင်းပင်ဖွဲ့စည်းခွင့်ကို အစိုးရတစ်ရပ်အနေဖြင့် လက်မှတ်ထိုးထား၍သာ အတန်အသင့် အခွင့်ရခြင်းဖြစ်သည်ဟု CCTU အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက သုံးသပ်သည်။

“အာဏာသိမ်းပြီးနောက်တော့ သမဂ္ဂဖွဲ့ခွင့်ဆိုတာတွေက ရပ်သွားသလိုတောင် ဖြစ်သွားတယ်။ ဘာလို့ဆို အလုပ်သမားတွေ ဒီနေ့ကာလမှာ တကယ်ရင်ဆိုင်ရုန်းကန်နေရတာက သူတို့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်တည်မြဲရေးပဲ”

လက်ရှိ စက်မှုဇုန်များရှိ စက်ရုံပိုင်ရှင်များကလည်း အလုပ်သမားဥပဒေများကို ယခင်ထက် မျက်ကွယ်ပြုလာသည်ဟု ဦးရဲနိုင်ဝင်းက ဆက်ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကမူ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးယန္တရားကို ပြန်လည်အသက်သွင်းလာသည်ဟု ၎င်းက ဆိုသည်။ 

စက်ရုံတိုင်းတွင် လုပ်ငန်းညှိုနှိုင်းရေးကော်မတီ (WCC) များ အသစ်ပြန်ဖွဲ့သည်၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်နှင့် အလုပ်သမားဘက်မှ ကိုယ်စားလှယ်များ အချိုးကျ ပါဝင်သည်ဟု သိရသည်။ အလုပ်သမားများဘက်မှ မကျေလည်မှုများရှိလာပါက ထိုကော်မတီနှင့် ဦးစွာဖြေရှင်းပြီးမှ အလုပ်သမားဝန်ကြီးဌာနကို တင်ပြခွင့်ပေးသည်ဟု CCTU တာဝန်ရှိသူက ပြောသည်။

 “လွတ်လပ်ပါတယ်ဆိုတဲ့ အရင်အစိုးရ နှစ်ဆက်မှာတောင်မှ WCC က အလုပ်ရှင် စိတ်ကြိုက်ဖွဲ့တာ ပိုများတယ်။ ဒါကြောင့် မရှင်းနိုင်ဘူး” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် တိုင်ကြားရေးစနစ် ကောင်းမွန်သောကြောင့် အလုပ်သမားများ နစ်နာမှုရှိပါက ဖြေရှင်းပေးနိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ထိုသို့ မဟုတ်တော့ဟု ဆိုသည်။ 

“အခုက တိုင်ကြားရေးစနစ်တော့ ရှိပေမဲ့ အရင်လို တက်တက်ကြွကြွနဲ့ လုပ်ကိုင်ပေးမဲ့သူတွေက နည်းနည်းလေးပဲ ကျန်တယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

စက်ရုံပိတ်ပြီး လျော်ကြေးမရသည့် ကိစ္စကိုသာ အလုပ်သမားအဖွဲ့အစည်းများက ကူညီနိုင်ပြီး လုပ်ငန်းခွင်ဖိနှိပ်ခံရမှုများအတွက် ထိထိရောက်ရောက် မကူညီနိုင်ဟု CTUM တာဝန်ရှိသူက မခိုင်ဇာအောင်က ဆိုသည်။

ရန်ကုန်တွင် စက်မှုဇုန်ရှိရာ မြို့နယ်များမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်သည်။ စက်ရုံများဝန်းကျင်တွင် စစ်ကားများ ဥဒဟိုလှည့်ပတ်နေသည်။ ထိုအခြေအနေကို အသုံးချကာ စက်ရုံများဘက်က အလုပ်သမားအခွင့်အရေးတောင်းဆိုသူများကို ခြိမ်းခြောက်နေသည်ဟု သိရသည်။

“ပေးတာနဲ့လုပ် မကျေနပ်ရင် ထွက်သွား မတိုင်ကြနဲ့။ ဒုက္ခရောက်သွားမယ်ဆိုပြီး စက်ရုံတွေက ပြောနေတာ” ဟု မခိုင်ဇာအောင်က ပြောသည်။

အလုပ်ပိတ်မည့် စက်ရုံတစ်ရုံ လစာတစ်သိန်းသာ နစ်နာကြေးပေးပြီး လက်မှတ်ထိုးခိုင်းကြောင်း၊ အလုပ်သမားအချို့က မကျေနပ်ကြောင်း ပြောသည့်အခါ စစ်တပ်ကို ခေါ်၍ ခြိမ်းခြောက်စေသည်ဟု ဆိုသည်။

အလုပ်သမားတစ်ဦးအဆိုအရ စစ်တပ်ယာဉ်တန်းရှေ့တွင် အလုပ်သမားပို့ဆောင်သည့် ဖယ်ရီကား လမ်းမဖယ်ပေးဟုဆိုကာ အမျိုးသမီးအလုပ်သမားအချို့ကို ကားပေါ်မှ ဆင်းခိုင်း၍ ပါးရိုက်သည့်ဖြစ်စဉ်လည်း ရှိဖူးကြောင်း သိရသည်။ 

CTUM တာဝန်ရှိသူက မခိုင်ဇာအောင်က “ကျွန်မတို့ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲရှိနေတယ်လို့ ပြောလို့ မရဘူး။ အလုပ်လုပ်နေတယ်လို့ မသုံးတော့ဘူး။ ကျွန်ပြုခံနေရတာလို့ပဲ ပြောချင်ပါတယ်” 

(*လုံခြုံရေးအခြေအနေအရ အမည်လွှဲဖြင့် ဖော်ပြထားသည်။)  myanmar now

စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာမှ ကလေး၊ အမျိုး သမီးနှင့် မသန်စွမ်း အပါအ ဝင် ကရင်တိုင်းရင်းသား ပြည်သူ ၁၀ ဦးကို ညှဉ်းပန်း သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ထားခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်များက ယမန် နေ့ ၂၅ ရက်နေ့ ညပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ကလေးငယ်၊ အမျိုး သမီး ငယ်တစ်ဦး၊ မသန်စွမ်း တစ်ဦး အပါအဝင် ကရင်တိုင်းရင်းသား ပြည်သူ ၁၀ ဦး ကို ညှဉ်းပန်းသတ်ဖြတ်ပြီး အလောင်းများကို အိမ်များထဲတွင် ထည့်၍ မီးရှို့ သွား ကြောင်း ဒေသခံများနှင့် သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရ သည်။

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ ထုံးဘို လေး ရွာဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကြောင်း ၄ ကြောင်း ထိုးလာပြီး ရွာကိုမီးရှို့ဖျက်ဆီးကြောင်း၊ ထုံးဘိုလေးကျေးရွာမှ ပြည်သူများကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး၊ ကလေးငယ်၊ မသန်စွမ်း အမျိုးသားတစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ပြီး အလောင်း များကို နေအိမ်များထဲသို့ ထည့်ပြီး မီးရှို့လိုက်ကြောင်း ၊ နေအိမ် ၁၅၂ လုံး မီးရှို့ပြီး ဘုန်းကြီးကျောင်းကိုပါ မီးရှို့သွား ကြောင်း သိရှိရသည်။

“ထုံးဘိုလေးဆိုတာ ကရင်တိုင်းရင်းသား ၊ တိုင်းရင်းသူတွေ အများစုနေကြတဲ့ ရွာလေး။ အခု သတ်ဖြတ်ခံ၇သူတွေကလည်း ကရင်တိုင်းရင်း သားတွေများတယ်။ ရွာသား၁၀ဦးထက်မနည်း ကလေးပါမကျန် စစ်တပ်က သတ်တယ်။ အ လောင်း တွေကို နေအိမ်တွေနဲ့ အတူ မီးရှို့တယ်။ အပျိုရွယ် မိန်းကလေး တစ် ယောက် ပါသွားတယ်။ မသန်စွမ်း အမျိုးသားတစ်ဦးပါတယ်။ မပြေးနိုင်လို့ ပိတ် မိ နေတဲ့ မိသားစုတွေကို သတ်ပစ်လိုက်တာ။ ၂၄နာရီအတွင်း အိမ် ၁၅၂ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့ဖျက်ဆီးထားတယ်။ အခုစစ်ကြောင်း က တောနင်းနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထုံးဘိုလေးကျေးရွာထဲ တွင်ပင်ရှိနေဆဲဖြစ်ပြီး ပြည်သူတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

“ရွာထဲမှာ ပြည်သူတစ်ချို့ကို သူတို့ဖမ်းထားသေးတယ်။ တချို့ကတော့ လွတ် လာ တယ်။ ရွာထဲကန‌ ခွေးစစ်ကြောင်းမထွက်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သထုံပြောက်ကျားတပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်ကို အကောင်း ဆုံးခုခံခဲ့ သော်လည်း လက်နက်ကျည်မလောက်ငှ၍ စစ်ကောင်စီစစ် ကြောင်းတစ်ခုက ထိုး ဖောက်ဝင်ရောက်လာပြီး ထုံးဘိုလေးကျေးရွာကိုမီးရှို့ဖျက်ဆီးကာ ပြည်သူ များကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ khit thit

ကော့မှူးတွင် NLD ပါတီ မြို့နယ်အလုပ်အ မှုဆောင်အဖွဲ့ဝင်နှင့် ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် NLD ပါတီဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

ကော့မှူးမြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်သောင်းနှင့် ရပ်ကျေးအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဇော်ထွန်းတို့နှစ်ဦးကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်က ၎င်းတို့နေထိုင်သည့် ဝါးဘလောက်သောက်ကျေးရွာတွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အဖမ်းခံရတာက ၂၂ ရက်နေ့ကတည်းကပါ။ ည ၂ နာရီလောက်ကြီး ဝါးဘလောက်သောက်ရွာမှာရှိတဲ့ သူတို့ရဲ့နေအိမ်တွေမှာ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိရသေးဘူး။ သူတို့နှစ်ယောက် က အရင်အာဏာမသိမ်းခင်အချိန်တုန်းကတော့ ပါတီမှာ ထဲထဲဝင်ဝင် အလုပ်လုပ်ခဲ့တဲ့သူတွေ” ဟု ကော့မှူး ဒေသခံသတင်းရင်းမြစ်က ပြောသည်။

NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ်က မည့်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းကို မသိရှိရသေး သလို ယနေ့အချိန်အထိ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လုံခြုံရေးအင်အားတိုးမြှင့်ချထားကာ စစ်ဆေးမှုများတင်းကျပ်ပြီး ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေသလို မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းခွင့်ကိုလည်း ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင်လည်း ချောင်း၀ကျေးရွာမှ အမျိုးသားနှစ်ဦး ဆိုင်ကယ်ကယ်ရီဆွဲသည့် အတွက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။

“ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားတော့ သွားရေးလာရေး တော်တော်ဒုက္ခရောက်နေတယ်။ ပြည်သူတွေပဲ မစီးရတာ။ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေကိုတော့ ဆိုင်ကယ်စီးနင်းခွင့်ပြုထားတယ်။ ရွာတွေက လူတွေ မြို့ပေါ်သွားချင်ရင် သုံးဘီးဆိုင်ကယ်တွေနဲ့ လူစုပြီး သွားနေရတယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်လျက်ရှိ သည်။

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရပြီး လွတ်မြောက်ခဲ့သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများကို တစ်ညလျှင် ၁၀ ယောက်သတ်မှတ်ကာ ကင်း စောင့်ခိုင်းနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။ mizzima

အာဏာရှင်လက်ထက် မြိုင်သူတို့ ရွှေနားကပ်မလို သေနတ်သာလိုသည်

၁၅ နှစ်အရွယ် သမီးကြီးဖြစ်သူ အမြတ်တနိုးပန်ဆင်ထားသည့် ရွှေနားကပ်ကို ​ချွတ်ကာ မိခင်ဖြစ်သူ ဒေါ်ခင်က တွေဝေခြင်း အလျှင်းမရှိဘဲ ငွေဖလားထဲကို ကမ်းထည့်ပေးလိုက်သည်။ 

ဇွန်လဆန်းပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာတစ်ခုတွင် နိုင်ငံရေးဟောပြောပွဲအပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်ခုခံနေသော တော်လှန်ရေးတပ်ဦးကို နားမှ နားကပ်ဖြုတ်လှူနေကြခြင်းဖြစ်သည်။ 

“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်” ဟု ဆိုရိုးရှိသည့်အတိုင်း သမီးမိန်းကလေးမှန်ရင် နားကပ်ရှိမှ တင့်တယ်သည်ဟူသော အယူအဆကို စစ်အာဏာရှင်လက်အောက်တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ဟု ဆုံးဖြတ်ကာ ရှိစုမဲ့စု နားကပ်တစ်ရန်ကို ဒေါ်ခင်တို့သားအမိနှစ်ဦး စိတ်တူကိုယ်တူ ချွတ်လှူလိုက်ခြင်းဖြစ်သည်။

ဒေါ်ခင်တို့သားအမိမှာ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ခုမှဖြစ်သည်။ မကွေးတိုင်းအစွန်ဆုံးရှိ မြိုင်မြို့နယ်မှာ စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အချို့နှင့် ထိစပ်နေသည့်ပြင် ချင်းပြည်နယ်အတက် ယောဒေသနှင့်လည်း ဆက်လျက်ကပ်လျက်ရှိသည်။

ဒေသခံ​ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးပြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်။

“ပြည်သူလူထုတွေ သေတာလည်း မြင်နေရတော့ မခံစားနိုင်လို့ပါ။ အခုနေကတော့ စားစရာ မရှိရှိပါ။ သူတို့အတွက် ကျည်ဆန်တစ်တောင့်ဖိုးပဲရရ၊ နှစ်တောင့်ဖိုးပဲ ရရဆိုပြီး ချွတ်ပြီးတော့ လှူလိုက်ကြတာ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။ နားကပ်က သိပ်တော့မရှိပါဘူး” ဟု အသက် ၄၀ နီးပါးအရွယ် ဒေါ်ခင်က ဆိုသည်။

လွန်ခဲ့သည့် ရှစ်နှစ်က အမျိုးသားဆုံးပါးသွားသောကြောင့် သမီးကြီးနှင့် ၁၂ နှစ်အရွယ် သားငယ်ကို ဒေါ်ခင်တစ်ယောက်တည်း ခက်ခက်ခဲခဲ လုပ်ကိုင်ကျွေးမွေးခဲ့ရသည်။ ကျောင်းမနေခဲ့ဖူးသော ဒေါ်ခင်မှာ လက်လှုပ်မှ ပါးစပ်လှုပ်ရသော နေ့စားသမားတစ်ဦးဖြစ်သည်။

သန်းနှင့်ချီသော ပြည်သူများ မျက်ရည်ပေါက်ကြီးငယ်ကျရုံမျှမက အသက်အိုးအိမ်စည်းစိမ်ကို တစ်စစီ ချိုးဖဲ့ဖျက်ဆီးနေသော အာဏာသိမ်းစစ်အုပ်စုကို ခုခံတိုက်ခိုက်ရန် အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် သမီးနားကပ်ကို ဖြုတ်လှူခြင်းဖြစ်သည်ဟု ဒေါ်ခင်က ဆိုသည်။

“စစ်အာဏာရှင်အောက်မှာလည်း မနေချင်တော့ဘူး။ စစ်ဖိနပ်အောက်မှာလည်း ဒူးမထောက်ချင်တော့ပါဘူး။ ပြည်သူလူထုတွေ တော်တော်လည်းခံစားရတယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ပြည်သူများ သတ်ဖြတ်ခံရပြီးနောက် အခြားဒေသများနည်းတူ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေး တိုင်းတို့တွင် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည်။

မကွေးတိုင်း မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်ဆင်ရေးအကြီးအကျယ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း ပုလဲ၊ ဆားလင်းကြီးမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်ခုခံစစ်အားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။ 

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို လက်နက်မပြည့်မစုံဖြင့် ခုခံတိုက်ခိုက်နေရသောကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အဓိ က လိုအပ်သည့် လက်နက်များတပ်ဆင်ရန် မြိုင်မြိုနယ်အတွင်းမှ အမျိုးသမီးများသည် ဒေါ်ခင်နည်းတူ ရှိစုမဲ့စုရွှေနားကပ်များ ချွတ်ပေးနေကြသည်။

မြိုင်မြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ၊ လူထုတွေ့ဆုံပွဲများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ ခရီးစဉ်များတွင် ဒေသခံတို့က နားကပ်၊ လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက် စသည့် ရွှေထည်လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်းကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တက်နိုင်သည့်ဘက်မှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ထောက်ပံ့လျက်ရှိရာ အမျိုးသမီးများ အမြတ်တနိုးဝတ်ဆင်သည့် ရွှေနားကပ်ချွတ်ပေးခြင်းကို မြိုင်မြို့နယ်တွင် ပထမဆုံးတွေ့ရခြင်းဖြစ်သည်။ သူတို့တွင် နားကပ်မှလွဲ၍ အခြားပေးစရာ ငွေလည်းမရှိပေ။

“တောင်သူလုပ်တာ။ စီးပွားရေးကတော့ အဆင်မပြေဘူးပေါ့။ အညာမှာက ခြောက်ခန်းတယ်လေ။ ပိုက်ဆံမရှိတော့ နားတောင်းချွတ်လှူလိုက်တာပေါ့။ ကျွန်မကတော့ ကျည်ဆန်ဖိုးပဲရရ၊ လက်နက်ဖိုးပဲရရ စိတ်ဓာတ်နဲ့ လှူတာပါ” ဟု သက်လတ်ပိုင်းအရွယ် အမည်မဖော်လိုသူ မြိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အပူပိုင်းဇုန်ရှိ မြိုင်မြို့နယ်တွင် မြစ်တစ်စင်းမျှ ဖြတ်သန်းစီးဆင်းခြင်းမရှိပေ။ မိုးကိုသာ မျှော်ကိုး၍ ယာလုပ်ကြရသည်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ပိုကျပ်တည်းသည်။ မြေပဲ၊ နှမ်း၊ ပြောင်းနှင့် ပဲစင်းငုံတို့ စိုက်ပျိုးထားသော်လည်း စစ်တပ်ရန်ကြောင့် စိတ်ဖြောင့်ဖြောင့် မလုပ်ကိုင်နိုင်ကြပေ။ 

သွားရေးလာရေး ခက်ခဲသဖြင့် စိုက်ပျိုးထားသည့် သီးနှံများပေါ်လျှင်ပင် မြို့ကို တက်ရောင်းရန် မလွယ်ကူကြောင်း၊ စစ်တပ်က နေရာတကာ မထင်လျှင်မထင်သလို ဖမ်းဆီးနှိပ်စက်သဖြင့် မသွားရဲမလာရဲဖြစ်နေကြောင်း မြိုင်ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီလက်ချက်ကြောင့် ဒေသတိုင်းတွင် စီးပွားရေးထိခိုက်ပြီး လူအများ ဒုက္ခရောက်နေချိန် လက်ဝတ်ရတနာများကို မဆင်မြန်းလိုတော့ကြောင်း နောက်ထပ် မြိုင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်လက်ထက်တွင် ရွှေငွေစည်းစိမ်းများသာမက လူ့အသက်သည်ပင် အာမခံချက်မရှိသလို အာဏာရှင်စနစ် ပြုတ်မကျမချင်း လုံခြုံမှုမရှိနိုင်ကြောင်း မိဘအမွေ ခြောက်သောင်းတန် ရွှေနားကပ်ချွတ်ပေးခဲ့သည့် အသက် ၂၁ နှစ်အရွယ် ထိုအမျိုးသမီးက ဆိုသည်။

“ရွှေနားကပ်၊ နားရန်းတွေ ဝတ်ဆင်ပြီး နေတာထက်စာလို့ရှိရင် ကျွန်မတို့ ရှိသမျှ အရာပစ္စည်းတွေကို ရောင်းချပြီးတော့ ဒီတော်လှန်ရေးကြီးမှာ စစ်အာဏာရှင်ပြုတ်ကျဖို့ ကျွန်မတို့ ဘာလုပ်နိုင်လဲဆိုတာ ရဲရဲဝံ့ဝံ့တွေးရမယ်။ ရဲရဲဝံ့ဝံ့တွေးပြီးရင် ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ဝတ်ရတနာကို “ရှိတန်ဆာ၊ မရှိဝမ်းစာ” အတွက် ဝယ်ယူခဲ့သော်လည်း အာဏာရှင်လက်ထက်တွင် တော်လှန်ရေးအောင်မြင်ရန် အခရာကျသဖြင့် ၁၀ နှစ်ကြာ ပန်ဆင်ခဲ့သည့် နားကပ်ကို ချွတ်ပေးခဲ့ကြောင်း အသက် ၃၀ အရွယ် မြိုင်ဒေသခံ မမို့မို့ကလည်း ပြောသည်။ 

“စစ်သားက ကျွန်မကို သေနတ်နဲ့ ပစ်သတ်မှာထက်စာရင် ဒီနေ့ရောဂါဖြစ်လို့ သေသွားလဲ ကိစ္စမရှိဘူး။ ဘာမှမဖြစ်ဘူး။ ကျွန်မတို့က ကိုယ့်ရဲ့ကျန်မားရေး စီးပွားရေးတွေလည်း မတွေးတော့ဘူးပေါ့။ ဒါပြီးရင် ငါတို့တွေ အေးအေးချမ်းချမ်းနေရမှာပဲဆိုတဲ့ စိတ်ဓာတ်နဲ့ လှူလိုက်တာပါ” ဟု သူက ပြောသည်။

ငွေကြေးအရ တန်ဖိုးမများသော်လည်း ရှေ့တန်းမှ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ စိတ်ခွန်အားဖြစ်စေနိုင်သည်ဟု မမို့မို ယုံကြည်သည်။

ယခုနှစ်အတွင်း စစ်ကောင်စီတပ်က သူနေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၇ လုံး မီးရှို့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယာခင်းထဲတွင် ရှောင်ပုန်းနေသည် ရွာသားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ပစ္စည်းတွေ၊ ရွှေထည်တွေယူပြီး လူနှစ်ယောက် အသတ်ခံရတယ်။ ဒါမျိုးတွေကို မကြုံဖူးတော့ အဝေးကြီးကို မပြေးဘူးပေါ့။ ရွာအရှေ့ဘက်က ယာခင်းတွေထဲ ပြေးတာပေါ့။ အဲဒီအချိန်မှာ သူတို့တွေက ယာခင်းတွေထဲအထိ လိုက်ပစ်တယ်။ ကျွန်မတို့ ၃ မိုင် ၄ မိုင်လောက်အထိကို ခြေလျင်ပြေးရပါတယ်” ဟု သူက ပြန်ပြောပြသည်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအနီးတွင်  စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်သော်လည်း လက်နက်အင်အားမမျှ၍ တပ်ဖွဲ့ဝင်တစ်ချို့ထိခိုက်ကာ ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ပြည်သူလူထုထောက်ပံ့သည့် ရန်ပုံငွေကို အဓိကအားထားနေရသည့် တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ရွှေနားကပ်အလှူအတွက် ခွန်အားရသလို အဟောသိကံမဖြစ်ရန် သတိထားသုံးစွဲရကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးဥက္ကဋ္ဌ ဦးအောင်ဇေယျက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် လူထုတွေ့ဆုံပွဲသုံးခုမှ ရွှေနားကပ် ၃၄ ရန်အထိ ရရှိထားပြီး အသက် ၂ နှစ်မှ ၇၅ နှစ်အရွယ် ဆင်းရဲနွမ်းပါးသည့် အမျိုးသ မီးများက ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ငွေမရှိလို့ ရှိတာဖြုတ်ပြီး လှူဒါန်းတယ်ဆိုကတည်းက ကျွန်တော်တို့ PDF တွေအတွက် အင်မတန်မှ ခွန်အားတစ်ရပ်ဖြစ်စေတယ်။ ဒါ ကျွန် တော် တို့အတွက် ရုန်းကန်ရကျိုးနပ်တယ်” ဟု ၎င်းက ဆိုသည်။

မြိုင်မြို့နယ် PD သည်လည်း ပြည်သူများလှူဒါန်းသည့် ရွှေနားကပ် ၂၇ ရန်၊‌ ရွှေဆွဲကြိုး ၉ ကုံး၊ လက်ကောက် ၃ ရန်၊ လက်စွပ် ၂ ကွင်း လက်ခံရရှိထားပြီး လက်နက်ခဲယမ်းဝယ်ယူရန်နှင့် CDM ဝန်ထမ်းများထောက်ပံ့ရန် အဓိကသုံးစွဲမည်ဟု PDF တပ်ရင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

စစ်ကောင်စီကို ခံပြင်းစိတ်ဖြင့် မီးရှို့ခံရသည့်ပြည်သူများက ထောက်ပံ့နေကြောင်း၊ အလေ့အလွင့်မရှိစေရန် စိစစ်သုံးစွဲကြောင်း ရွှေထည်များကို ပန်းထိမ်ပညာရှင်နှင့် ညှိနှိုင်းကာ ရွေချောင်းများပြုလုပ်ထားရကြောင်း မြိုင် PDF မှ တပ်ရင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

“ငွေအရင်းအနှီးမရှိဘူး။ သူတို့ နားကပ်တွေဘာတွေ ချွတ်လှူတာတွေ ရှိတယ်။ ရပ်ရွာတွေကို မီးရှို့ခံရတဲ့အချိန်မှာ သစ်တို့ ဝါးတို့ မျောတို့ သွားပို့ရတာရှိတယ်။ ပို့တဲ့အချိန်မှာ သူတို့တက်နိုင်တဲ့ ပိုက်ဆံမရှိကြတော့ ရွှေထည်ပစ္စည်းပဲ လှူကြတော့တာ” ဟု ၎င်းက ပြောသည်။

ဒေသအသီးသီးတွင် စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ကျေးရွာများကို စီးနင်းမီးရှို့မှုရှိသလို မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများရှိသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်များ၏ မီးရှို့မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် နေအိမ် ၁၈,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရာ မကွေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။

စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၁၃,၈၄၀ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းတွင် ၃,၀၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ myanmar now

AA က ဖမ်းဆီးခဲ့သော ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးကို ပြန် လွှတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ULA/AA က ဖမ်းဆီးခဲ့သည့် ဌာန ဆိုင် ရာဝန်ထမ်း ၁ဦးနှင့် အရပ်သားတစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဇွန် ၂၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် လိုက်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ရသေ့တောင်မြိုနယ်၊ ကူတောင် ကျေးရွာ မှ မသင်္ကာ၍ စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့သော စစ်ကောင်စီ၏ ရခိုင်ပြည်၊ စက် မှု ကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာရှိ SAE ဦးဆန်းလင်း အောင် (၄၅) နှစ် နှင့် ရသေ့တောင်မြိုက ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်တို့ နှစ်ဦး ULA/AA က ယနေ့ ဇူလိုင်(၂၆) ရက်နေ့၌ ကောင်းမွန်စွာ ပြန်လည်လွှတ် ပေး လိုက် ပြီးဖြစ်ကြောင်း AA က ထုတ်ပြန် သည်။

ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရေးကဒ် နေရပ်လိပ်စာတွင် အမတ (အ မြောက် တပ်) ဟု ဖော်ပြထားပြီး၊ ၎င်းဖခင်၏ညီဖြစ်သူမှာ စစ်တွေအခြေစိုက် စစ်ကောင်စီတပ် အမတ (၃၇၃) အမြောက်တပ်၌ တာဝန်ထမ်း ဆောင်နေသူ ဖြစ်ကာ ရက္ခိုင်ဘာသာစကားလည်း ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ် သည့် အတွက် မိမိတို့ AA တပ်ဖွဲဝင်များမှ မသင်္ကာ၍ မေးမြန်းစိစစ်ရန် ခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း၊ စိစစ်ချက်အရ ဦးဆန်းလင်းအောင်နှင့် ဦးဇော်ဟိန်း ထွန်းတို့ နှစ် ယောက်မှာ စစ်ဖက်ဆိုင်ရာနှင့် ပတ်သက်မှု မရှိသည့်အတွက် ယနေ့ ဇွန် (၂၆) ရက်နေ့ ည (၃) နာရီ အချိန်တွင် ရသေ့တောင်မြိုနယ်၊ မူစဲကျွန်း၊ ငလပြားကူး တိုဆိပ်ကမ်းသို ကောင်းမွန်စွာ ပြန်လည်ပိုဆောင်ကာ လွှတ်ပေး လိုက်ပြီးဖြစ် ကြောင်း သိရှိရသည်။ khit thit

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အပါအဝင် အ မျိုးသမီး၂ဦး ဖမ်းဆီးခံရပြီး စကစ က ၎င်းတို့ ၏ ဖေ့ဘွတ်အကောင့်ကို အသုံးပြုနေ

ပဲခူးတိုင်း တောင်ငူခရိုင် အမြန်လမ်းမ မိုင်တိုင် ၁၈၆တွင် ဇွန်လ၂၂နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုငြိမ်းမောင်နှင့်အတူ အမျိုးသမီး၂ဦး စစ်ကောင်စီမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးလိုက်သည့် သတင်းကို စစ်ကောင်စီမှ မထုတ်ပြန်ဘဲ ၎င်းတို့အသုံးပြုသည့် facebookအကောင့်ကို စစ်ကောင်စီမှ ဆက်လက်အသုံးပြုနေကြောင်းသိရသည်။

“သူ့တို့အဖမ်းခံရတာ ဟုတ်ပါတယ်၊ အမျိုးသမီး၂ဦးက ဘယ်သူတွေလဲတော့မသိဘူး သူ့အကောင့်က မနေ့က အထိ မီးစိမ်းနေတယ် သူနဲ့ဆက်သွယ်တဲ့သူတွေ သတိထားစေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ တောင်ငူစစ်ကြောရေးကို ရောက်ရှိနေကြောင်းသိရသည်။ စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဖမ်း ဆီးရမိလျှင် သတင်းမထုတ်ပြန်ဘဲ ၎င်းတို့ကို အတင်းအကျပ်ဖုန်းဆက်ခိုင်းခြင်း အဖမ်းခံရသူများ၏ Facebookအကောင့်များကို အသုံးပြုပြီး အခြားသူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ mizzima

« Older Entries