ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို ချင်းကျောင်းသားသမဂ္ဂကျင်းပမည်

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ( ၄၆) နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ Chin Students’ Union of Myanmar မှ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဇွန်လ ၂၆ ရက် ၂၀၂၂ နေ့တွင် ကျရောက်မည့် (၄၆) နှစ်ပြည့် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို အစီအစဉ်နှစ်မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက် ၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးချယ်ခံရထားရသည့် လွှတ်တော်ကိုယ်စားများ အပါအဝင် မြန်မာပြည်သားများနှင့် ကျင်းပပြီး ည ၈ နာရီ အချိန် (မြန်မာစံတော်ချိန်) တွင် Virtual Zoom Platform ကိုအသုံးပြုပြီး ကျင်းပသွားမည်ဖြစ်ကြောင်းဆိုသည်။
“ဆလိုင်းတင်မောင်ဦး ကျဆုံးတာ ၄၆ နှစ်တိုင်ရှိပေမယ့် သူတိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲက ဒီနေ့အထိ ဆက်လက်တိုက်ပွဲဝင်နေရဆဲ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် သူပြောခဲ့တဲ့ စကားလိုပဲ ခန္ဓာကိုယ်ကိုပဲ သတ်လို့ရမယ်။ စိတ်ဓါတ်နဲ့ခံယူချက်ကို ဘယ်တော့မှ သတ်လို့မရဘူး။ စစ်ဖိနပ်အောက်မှာတော့ ဘယ်တော့မှ ဒူးမထောက် ဘူးဆို တဲ့အတွေးအခေါ်ကို ပြည်သူတိုင်းမှာ ရှိစေချင်တယ်။ အခုလည်း သူလိုစိတ်ဓါတ်မျိုး ပြန်လည် မွေးမြူနိုင်ဖို့ ရည်ရွယ်ကျင်းပရတာဖြစ်ပါတယ်” ဟု CSUM အထွေထွေအတွင်းရေးမှူး ဆလိုင်းထောင်းထောင်းက မဇ္စျိမသို့ပြောသည်။
ချင်းအမျိုးသားတစ်ယောက်ဖြစ်သည့် ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့သည်မှာ (၄၆ ) နှစ် ပြည့်မြောက်သော်လည်း အမေ့လျော့ခံခဲ့ရကြောင်းနှင့် ယခုနောက်ပိုင်းမှသာ ကျောင်းသားအဖွဲ့အစည်းအချို့မှ တွင်တွင်ကျယ်ကျယ် ပြန်လည်ဖော်ထုတ်လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
သို့သော်လည်းအများစုက နှစ်ပေါင်းများစွာ လျစ်လျူရှု့ထားကြောင်း ၊ မြန်မာပြည်တွင် သာမက အာရှ၏ ဒီမိုကရေစီ သူရဲကောင်းတစ်ဦးဖြစကြောင်း နှင်း လူထုအင်အားကို အသုံးချနိုင်ရန်ကြိုးစားခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်းကို ပြန်လည်ဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် အခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။
ညပိုင်း Zoom ဖြင့် ပြုလုပ်မည့်အစီအစဉ်တွင် ဆလိုင်းတင်မောင်ဦး၏ ရဲဘော်ရဲဘက် ဖြစ်ခဲ့သော ဦးအောင်ထူး (Federal Law Academy) ကျောင်းအုပ်၊ အမျိုးသားညီညွတ် ရေးအစိုးရ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဖယ်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး နော်စေးစေး နှင့် ချင်းအမျိုးသားခေါင်းဆောင် ဒေါက်တာဆလိုင်းထွန်းသန်း တို့တက်ရောက်ကြမည်ဖြစ်သည်။
ထို့အပြင် ဆလိုင်းတင်မောင်ဦး၏ ညီမ မိုင်ပိုပိုကိုဖိတ်ကြားထားသော်လည်း (ကျန်းမာရေးအခြေအရ) မသေချာသေးကြောင်း နှင့် ကျောင်း သား သမဂ္ဂများမှ သဝဏ်လွှာများ ပေးပို့ကြမည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်သည် တစ်ပြည်လုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် အချိန်ဖြစ်၍ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူအားလုံးကလည်း ဆလိုင်းတင်မောင်ဦးကဲ့သို့ စိတ်ဓါတ်မျိုးမွေးမြူကာ အဆုံးသတ်ပွဲအားဆင်နွှဲကြရန် တိုက်တွန်းဖိတ်ခေါ်လိုကြောင်း CSUM အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့သည်။ mizzima