Monthly Archives: Jun 2022

ပလက်ဝတွင် AA ဟု ထင်မှတ်ပြီး စစ်တပ်အချင်းချင်း မှားယွင်းပစ်ခတ်မှု စစ်သား များ သေဆုံးမှုများရှိ၊ နှစ်ဖက်တိုက်ပွဲဖြစ်ခြင်း မရှိဟု AA ပြန်ကြားရေး ခိုင်သုခ ပြောဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရုပ်ချောင်းဝ ကျေးရွာအနီးအနားတို့တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲ ဖြစ်ပွါး ခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု သာဖြစ်ပွါးခဲ့ ခြင်း ရှိကြောင်း ရက္ခိုင့်တပ်တော် AA ကပြောသည်။

မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်းသည် ယနေ့ မနက်ပိုင်း ၁၁ နာရီခန့်က ရုပ်ချောင်းဝကျေးရွာအနီးအနားတို့တွင် အချင်းချင်းချင်း ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ထိခိုက် ကျဆုံးမှုများရှိကြောင်း ရက္ခိုင့် တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြော သည်။

“တိုက်ပွဲဖြစ်တာတော့ မရှိဘူးခင်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ် တာမဟုတ်ဘူး။ မြန်မာစစ်တပ်က သူတို့အချင်းချင်း မှားယွင်းပြီးတော့မှ ပစ် ခတ် ကြ တာလို့ သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့အချင်းချင်း အကြောက် လွန်ပြီးတော့မှ လူမှားပြီးတော့ ပစ်ကြတာ အကြာကြီး လို့ ပြောတယ်။ အဲ့ဒီမှာ ကျဆုံးမှုတွေတောင်မှ ရှိတယ်လို့ သိရတ ယ်”ဟုပြောသည်။

မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်း ကနဦးတွင် မှားယွင်းပစ် ခတ်မှု ဖြစ်ပွါးပြီးနောက် တစ်ဖက်နှင့် တစ်ဖက် လက်နက်ကြီးများဖြင့် နာရီဝက်လောက်ကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ဆက်လက်ပြောသည်။

ပလက်ဝမြို့နယ် ရုပ်ချောင်းဝ၊ ရုပ်ဝကျေးရွာနှင့် အဘောင်သားကျေးရွာ အနီး အနား တို့တွင် စစ်ကောင်စီတပ်သားအချို့ နေရာချထားမှုရှိပြီး ၎င်းတို့အချင်း ချင်း မှားယွင်းပစ်ခတ်မှုဖြစ်နိုင်ကြောင်း အဘောင်သားကျေးရွာက ထွက်ပြေး လာပြီး လုံခြုံသည့်နေရာတစ်နေရာသို့ ရောက်ရှိလာသည့် အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက Western News ကို ပြောသည်။

“ပထမတော့ သေနတ်ငယ်သံတွေနဲ့ ပစ်ခတ်တယ်ဗျ။ ပြီးတော့ လက်နက် ကြီးတွေနဲ့ပစ်တာပါ။တော်တော်အကြာကြီးပစ်တယ်လို့ပြောလို့ရတယ်။ စစ် ကောင်စီ နဲ့ AAတို့ တိုက်ပွဲဖြစ်တယ်လို့ထင်တာ။ မဟုတ်ဘူး။ စစ်ကောင်စီ တပ်သားအချင်းချင်းမှားယွင်းပစ်ကြတာ”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် စစ်ကောင်စီ တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အဘောင်သား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့အား စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့်က အဘောင်သား ကျေးရွာ သား အလုံးနီးပါးကို ဆူးပုတ်တောင်ဟုခေါ်သည့် အထက်ဖက် တောင်ကုန်းသို့ ရိုက်နှက်ပြီး ဖမ်းဆီးသွားပြီးနောက် ရွာသားအချို့ကို လွှတ်ပေးခဲ့ပြီး ရွာသား ထက်ဝက်လောက်ကို စစ်ကောင်စီတပ် ၂၈၉ ဗျူဟာကုန်းတွင် ဖမ်းဆီး ထားမှု ရှိခဲ့သည်။

ပြန်လည်လွတ်မြောက်လာသည့် ကျေးရွာသားများမှာ စစ်ကောင်စီတပ် ရွာထဲ တွင် တပ်စွဲနေထိုင်နေခြင်းကြောင့် ရွာတွင်းတွင် မနေထိုင် ရဲတော့ဘဲ လွတ်မြောက်ရာသို့ တိမ်းရှောင်နေခဲ့ကြရသည်။ khit thit

အစင်ကျေးရွာတံတားအနီး ပျူစောထီးနှင့်ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်  ရေးမြို့နယ် အစင်ကျေးရွာအဝင်ရွာတံတားမှာ ဇွန် ၂၇ ရက်မနက်က ရေးဘီးလူး အဖွဲ့သားတွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးနဲ့  ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး သေနတ် ၃ လက်ပါ ရယူနိုင်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်ဆိုပြီး  ဆိုင်ကယ်နဲ့ကားတွေကို ပိုက်ဆံကောက်ခံလေ့ရှိတာကြောင့် အခုလို ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာ အစင်ကျေးရွာထိပ်တံတားကို စစ် ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ထားကာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားလိုက်ပြီး မသင်္ကာတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရတာနဲ့ပက်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်နိုင်ခြင်းမျိုး မရှိသေးပါဘူး။ DVB

နေပြည်တော်အချုပ်ထောင်ရောက် ဒေါ်အောင်ဆန်းစုကြည် အပူဒဏ်ခံနေရ

စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းကြည် အပူဒဏ်ခံစားနေရသော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌကို ပြီးခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက် စစ်တပ်က အမှုပေါင်း ၁၉ မှုအထိ ဖွင့်ထားကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်သည်။

မူလက နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် အတူနေ ၇ ဦး၊ အချစ်တော် ခွေးလေး တိုက်ချီဒိုနှင့်အတူ ထိန်းသိမ်းထားရာမှ ဇွန် ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“ပူတယ်လို့တော့ ပြောတယ်။ သူတို့ချက်ကျွေးတာပဲ စားရတယ်တဲ့။ အမျိုးသမီး လုံခြုံရေး ၃ ယောက်က လာလုပ်ပေးတယ် ပြောတယ်။ ထောင်ဝင်းကြီးထဲ (အဆောက်အအုံတစ်ခုမှာ) တစ်ယောက်တည်း နေရတယ်လို့ ပြောတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ယနေ့ (ဇွန် ၂၇) ပြောသည်။

“မဆိုးပါဘူးတဲ့ အဆင်ပြေတယ်တဲ့။ သူကတော့ ကောင်းအောင် ပြောတာပဲ။ ခေါင်းဆောင်ဆိုတာတော့ ညည်းညူနေမှာ မဟုတ်ဘူးလေ။ သူကတော့ အဆင်ပြေတယ်ပဲ ပြောမှာပဲ” ဟု ထိုသူက ဆက်ပြောသည်။

အချုပ်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေရသည့် အခြေအနေအသေးစိတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေကောင်းရေသန့်ရရှိရန်ကို ရုံးချိန်းရက်များတွင် ရှေ့နေအဖွဲ့က စီစဉ်ပေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်တရားရုံးတွင် စစ်တပ်က စွဲဆိုထားသည့် အမှုများစွာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှအပ ကျန်ရက်အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ၍ ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ရှိသည်ဖြစ်ရာ ရေသန့်ကိစ္စ အဆင်ပြေနေသေးသည်ဟု ထိုသူက ပြောသည်။

ယနေ့တွင် NLD အစိုးရလက်ထက်တွင် သဘာဝဘေးအတွက် သုံးရန် ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူမှုအတွက် ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စစ်ကောင်စီ၏ စွပ်စွဲမှုကို တရားရုံးတွင် ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။

“တရားခွင်လုပ်တဲ့တိုက်ကို ဘေးကနေ ပတ်ပတ်လည် ခြံစည်းရိုးတွေ ပတ်ပတ်လည်ခတ်တယ်။ ဘာမှ အပြင်ကို မမြင်ရအောင် လုပ်ထားတယ်” 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ်နှင့် ကျန်းမာရေးကို ထောက်ချင့်၍ အချုပ်ထောင်တွင် မထားသင့်ဟု ယနေ့ (ဇွန် ၂၇) ရက်တွင် တိုက်တွန်းထားသေးသည်။

ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲဆိုပြီးနောက် အချို့သောအမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ထားသည်။

တရားရင်ဆိုင်နေရဆဲ အမှုများ ကျန်ရှိနေသည့်ပြင် အမျိုးမျိုးသော ထပ်တိုးပုဒ်မများဖြင့် ထပ်တိုးအမှုဖွင့်နိုင်ရန် ကြံစည်လျက်ရှိသည်ကို မကြာမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က အရိပ်အမြွက်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများမှာ ဥပဒေအရ အမှုမမြောက်ဘဲ သိက္ခာချလို၍ အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းသာဖြစ်သည်ဟု ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်သည်။

“တစ်ခုမှ အမှုမဟုတ်ဘူး၊ လူတိုင်းသိတယ်။ ဒီဥစ္စာကြီးက ကြည့်လိုက်ရင် အမှုတစ်ခုမှ မမြောက်ဘူး။ သိက္ခာချတဲ့သဘောနဲ့ ဖြိုးမင်းသိန်းက ပေးတာမှန်ရင် ပြေစာရှိရမှာပေါ့။ ပြေစာရှိလားဆိုတော့ ပြေစာမရှိဘူးတဲ့။ ရွှေ ၇ ပိဿာကို ဝယ်တာ ပြေစာမရှိဘူးတဲ့ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြောသည်။

ခေတ်အဆက်ဆက် စစ်တပ်ကို ဦးဆောင်သူ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်၏ ဘုံရန်သူအဖြစ် ပုံဖော်လေ့ရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာကြာသည်အထိ ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်များက မုန်းတီးလေ့ရှိသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း ဒေါ်အောင်းဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပြင် ရာနှင့်ချီသော NLD ပါတီဝင်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားသည်။ myanmar now

စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသော အိမ်စီးကားကို မိုင်းဆွဲ တိုက်ခိုက်

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်သားနှင့် ရဲများ လိုက် ပါလာ သည့် အိမ်စီးကားနှင့် ရဲကား ၄ စီးယာဥ်တန်းကိုမြင်းမူနှင့် ထီးဆောင်း အကြား တွင် စစ်ကိုင်းခရိုင် တပ်ရင်း ၁ နှင့် Knight Commander တပ်ခွဲ ၄ က မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သားနှင့် ရဲများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်း တပ်ရင်း ၁ တပ်ဖွဲ့ထံမှ သိရသည်။

“Knight Commanders တပ်ခွဲ ၄နဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၁ က ပေါင်းပြီး မိုင်း ဆွဲ တာပါ။ ဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ အရာရှိလိုက်ပါတဲ့ အိမ်စီး ကား ထိမှန်ပါတယ်။ မြင်းမူနဲ့ ထီးဆောင်းကြားမှာပါ” ဟု PDF သတင်း ရင်းမြစ် က ပြောဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းသည် မိုင်းဆွဲခံရမည်စိုးရိမ်၍ အလျှင်အမြန်မောင်းရာမှ မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆွဲမှုကြောင့် စစ်သားနှင့်ရဲများ အပြင်းအထန်ထိခိုက်မှုရှိသည်ဟုသာ သိရှိ ရပြီး နောက်ဆုံး အခြေအနေကို မသိရှိရသေးဟု PDF သတင်းရင်းမြစ်က ပြောသည်။ khit thit

ရေစကြိုမြို့နယ်က လူငယ်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ရေစကြိုမြို့မှာ ဇွန် ၂၆ ရက်နေ့ ညနေပိုင်းက ဒေသခံ လူငယ်တစ်ယောက်ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့ ၊အမှတ် (၈) အောင်မင်္ဂလာရပ်ကွက်မှာ ဇွန ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး ခရီသည်တင်ကားပေါ်မှာလိုက်ပါလာတဲ့ ဘီးစပ်ကုန်းကျေးရွာက ကိုရှိုင်းထက်ကို ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီးဖမ်းဆီးသွားတာလို့ ရေစကြို မြို့ခံတယောက်က ပြောပါတယ်။

“အဓိကတော့ ဒလန်တွေရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ဘာအပြစ်မရှိဘဲ စစ်(..)တွေရဲ့မတရားဖမ်းဆီးခံရတာပါ။ အဲဒီလူငယ်လေးကို ရေစကြိုမြို့မ ရဲစခန်းစစ်ကြောရေးကို ခေါ်သွားကြပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။” 

ရေစကြိုမြို့ လမ်းဆုံလမ်းခွတွေနဲ့ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ အပေါင်းပါတွေက နေ့စဥ်ရက်ဆက် စစ်ဆေးနေပြီး အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီကနေ ဒီနေ့အထိ အပြစ်မဲ့ ပြည်သူ ၄၀၀ ကျော်လောက်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ DVB

ထိုင်းနယ်စပ်အနီး စစ်တပ်ခြေကုပ်စခန်းကို KNU ပူးပေါင်းအဖွဲ့ အပြင်းအထန်တိုက်နေ 

ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းနှင့် မီတာ ၁၅၀ (ပေ ၅၀၀ ခန့်) ခန့်သာ ကွာဝေးသည့် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်နေသည်ဟု သိရသည်။

ကရင်ပြည်နယ်တောင်ပိုင်း နယ်စပ်မြို့ မြဝတီတောင်ဘက် ၁၈ မိုင်အကွာရှိ ဥကရစ်ထစခန်းကို ယမန်နေ့ (ဇွန် ၂၆) ကတည်းက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တို့နှင့်အတူ လက်အောက်ခံစစ်ကြောင်းများ ပူး ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

အဆိုပါစခန်းကို ယမန်နေ့ နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း KNDO ၏ အထူးကွန်မန်ဒိုတပ်ရင်းမှ အဖွဲ့ဝင်တစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

“အခြေအနေက တိုက်နေတုန်းပဲ။ အခု ရှေ့တန်းနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ လက်နက်ကြီးသံတွေကတော့ ကြားနေရတယ်။ အခု မိုးလည်း ရွာနေတယ်။ မနေ့ညကလည်း တိုက်တယ်။ အထိခိုက်လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်စည်းမျဉ်းအနီးရှိ ဥကရစ်ထစခန်း၌ တိုက်ပွဲများပြင်းထန်နေစဉ် ထိုင်းစစ်တပ်က ၎င်းတို့ဘက်ခြမ်းတွင် အသင့်အနေအထား လုံခြုံရေးယူထားသည်ဟု ဆိုသော်လည်း အသေးစိတ် မသိရပေ။

ယမန်နေ့က တိုက်ပွဲအတွင်း KNU လက်အောက်ခံစစ်ကြောင်းများမှ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိထားကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း KNDO နှင့် နီးစပ်သူတစ်ဦးက ဆိုသော်လည်း  သီးခြားအတည်မပြုနိုင်ပေ။ 

ဥကရစ်ထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ အခြေအနေအသေးစိတ်ကို မပြောနိုင်သေးကြောင်း KNDO တပ်ဖွဲ့ဝင်က ဆိုသည့်နည်းတူ KNU တာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ထိုခြေကုပ်စခန်းမှာ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပြီး စစ်ကောင်စီက KNU တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်နေရာတွင် ထိုနေရာမှ တပ်ဖြန့်လေ့ရှိကြောင်း၊ လက်နက်ကြီး အဓိကပစ်သည့် နေရာလည်းဖြစ်သည်ဟု သိရသည်။

ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာထဲတွင် ကတုတ်ကျင်းတူး၍ ပုန်းခိုကာ တိုက်ခိုက်နေကြခြင်းဖြစ်ပြီး လက်နက်ကြီးများကို အဓိကထားပစ်ခတ်နေသည်ဟု KNDO နှင့် နီးစပ်သူက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ် (BGF) ဝတ်စုံများဖြင့် မြေပြင်စစ်ကူများ ရောက်လာကြောင်း၊ ဥကရစ်ထစခန်း၏ အရှေ့မြောက်ဘက်နှင့် အခြားနေရာတစ်ခုတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု သိရသည်။

အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲအဆက်မပြတ်ဖြစ်နေကာ စစ်တပ်စခန်းအချို့ကို KNU ပူးပေါင်းတပ်များက သိမ်းယူခြင်းများရှိခဲ့သည်။

ယခုလ ၁၃ ရက်တွင် လက်ရှိတိုက်ပွဲဖြစ်နေသော ဥကရစ်ထစခန်း အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာ ရှိ ဝေါလေရဲစခန်းကို KNDO ပူး ပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ငါးဦးကိုလည်း KNDO ပူးပေါင်းအဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်။

မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်အနီး စစ်တပ်အခိုင်အမာတပ်စွဲထားသည့် သေ့ဘောဘိုးစခန်းကုန်းကို KNU လက်အောက်ခံတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ myanmar now

ရွှေဘိုတွင် စစ်တပ်ထုတ်ကုန် Adman Gold ဘီယာဖာ ၇၀ ကို PDF များက ဖမ်းဆီး ဖျက် ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်ထုတ်ကုန် Adman Gold ဘီယာဖာ ၇၀ ကို PDF များက ဖမ်းဆီး ဖျက်ဆီး လိုက်ကြောင်း SNAKE EYES – PDF က သတင်း ထုတ်ပြန်သည်။

ဇွန် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ ၇၀ ကို အချိုရည်ဖာများကဲ့သို့ အသွင်ဖျက်၍ တင် ဆောင်မောင်းနှင်လာသော Light Truck အမျိုးအစားကားတစ်စီးကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ SNAKE EYES LDF၊ C&T SHWEBO LDF နှင့် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသခံ (ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ကြကြောင်း သိရှိရသည်။

ယင်းနောက် ယဉ်မောင်းကို နောက်နောင် သုံးစွဲခြင်း၊ရောင်းဝယ်ခြင်း၊သယ် ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တပါတည်း ပြန်လည် လွှတ်ပေးခဲ့ပြီး သယ်ဆောင်လာသော စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အားပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။ khit thit

ကျောက်ဖြူနှင့် စစ်တွေတွင် ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေ

ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ်နဲ့  စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက  ရခိုင်လူငယ်တွေအပါအဝင် ဒေသခံ ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရင်းကျေးရွာနေ လူငယ် ၂ ဦးကို ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက  ဇင်ချောင်းစျေးကို စျေးသွားဝယ်ပြီးအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဖမ်းဆီးခံရသူ ၂ ဦးကတော့ ကိုစိုင်းဝဏ္ဏကျော်နဲ့ မောင်ထွန်းထွန်းဇော် တို့ဖြစ်ပြီး သူတို့ကို ခလရ(၃၄) တပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကိုစစ်ဆေးမေးမြန်းစရာရှိတဲ့အတွက် ခဏခေါ်ယူစစ်ဆေးခဲ့တာဖြစ်ကာ ပြန်လွှတ်ပေးမယ်လို့ ဗိုလ်ကြီးအဆင့်ရှိသူတယောက်က မိသားစုဝင်တွေကိုပြောဆိုခဲ့ပေမဲ့လည်း ဒီကနေ့အထိ ပြန်လည်လွှတ်ပေးတာမရှိသလို မိသားစုတွေနဲ့ နောက်ထပ်အဆက်အသွယ်မရတော့တဲ့အတွက် ဖမ်းဆီးခံနေရသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။ 

ကိုစိုင်းဝဏ္ဏကျော်ရဲ့မိသားစုဝင် တဦးက “ဇင်ချောင်းရဲစခန်းမှာ အဖမ်းခံထားရတယ်လို့ သိရတယ်။ အဲဒါတွေ့ခွင့်ရမလားဆိုပြီးသွားတော့ တွေ့ခွင့်မရဘူး။ နောက်နေ့မှာတော့ ခဏတွေ့ခွင့်ရတယ်. သူတို့ နှစ်ယောက်ဆီက မသင်္ကာစရာတွေ့လို့ ခဏစစ်ဆေးပြီး ပြန်လွှတ်ပေးမယ်ဆိုပြီး ခလရ(၃၄)က ဗိုလ်ကြီးတစ်ယောက်ကပြောတယ်။ ညနေကျတော့ သူတို့ နှစ်ယောက်အတွက် ထမင်းသွားပို့တော့ ရဲစခန်းမှာမရှိတော့ဘူး၊ သူတို့ကို စစ်သားတွေကခေါ်သွားတယ်လို့ပဲ သိရတယ်။ သူတို့ကိုဘယ်ခေါ်သွားတယ်ဆိုတာကို အခုအချိန်ထိ ဘာအဆက်အသွယ်မှမရတဲ့အတွက် သူတို့ နှစ် ယောက်ရဲ့ အသက်အန္တရာယ်ကို အရမ်းစိုးရိမ်မိတယ်” လို့ ပြောပါတယ်။ 

မေ ၂၆ ရက် ညနေ ၄ နာရီလောက်ကလည်း ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က  ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ကို ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး  စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းမှာ ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။

စစ်တွေမြို့မှာ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့က အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်အပါအဝင် အရပ်သား ၂၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ မူဆလင် ဗလီဆရာ တဦးအပါအဝင် စကစကခန့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံတဦး နဲ့ မူဆလင်လယ်သမားတဦးလည်း ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရခိုင်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်သားတချို့ကို  အေအေက ဖမ်းဆီးသွားခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူမှုအဖွဲ့စည်းတွေမှာ တက်ကြွစွာလုပ်ကိုင်နေသူတွေနဲ့ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးတာတွေကို တောက်လျှောက်လုပ်ဆောင်လာနေပါတယ်။

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံစစ်ဆေးတာတွေ၊ အဝေးပြေးလမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေနဲ့ ရေလမ်းကြောင်းတွေကို ပိတ် ဆို့လိုက်တာတွေကြောင့်  ပြည်သူတွေမှာ ခရီးသွားလာရေးအတွက် အရမ်းစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ DVB

« Older Entries